မောရိသျှ
ဘာပဲလုပ်လုပ် အလုပ်ရှုပ်ပြီး အလုပ်များများလုပ်နိုင်တိုင်း ကောင်းတာတော့ မဟုတ်ဘူး။ တစ်ပတ်မှာ နာရီ ငါးဆယ်မက လုပ်တော့ လုပ်နေတာပဲ၊ ဒါပေမဲ့ အလုပ်တာဝန်လည်း တိုးမလာသလို အတွေ့အကြုံလည်း ထူးပြီး ရမလာဘူး၊ အလုပ်ဘဝအပေါ် ထားရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုလည်း ထူးပြီး ရှိမလာဘူး၊ ရတဲ့ အကျိုးအမြတ် လစာငွေလည်း တိုးတက်မလာဘူးဆိုရင် လုပ်နေလည်း အပိုပဲ။ အချိန်ကုန်လူပင်ပန်းတာပဲ အဖတ်တင်ပါတယ်။ လုပ်မှလုပ် အကျိုးရှိတဲ့အလုပ်ကို လုပ်တတ်ဖို့ လိုပါတယ်။ ရရာအလုပ် လုပ်တာက မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်တာကို မမေ့ပါနဲ့။
ဘဝအခြေအနေ တခုကြောင့် ရရာအလုပ်မှာ ဝင်လုပ်ပြီး ဘဝပြဿနာတွေကို တဒင်္ဂဖြေရှင်းနိုင်ဖို့ ကြိုးစားတာ အပြစ်မဖြစ်ပေမဲ့၊ အဲဒီ ရရာအလုပ်ကနေ ပြန်ထွက်ပြီး ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း မရှာဘဲ အကျိုးကျေးဇူးထူးပြီး မရှိတဲ့အလုပ်မှာ တွယ်ကပ်နေရင်တော့ အပြစ်ကြီးသင့်ပါတယ်။ ကိုယ့်လောက် အသုံးမကျတဲ့သူ ထပ်ပြီး ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ မှားနေမှန်း သိရင် လွဲနေမှန်း သိရင် လုပ်လက်စကို ချက်ချင်းရပ်ပြီး ပြုပြင်ဖို့ ကြိုးစားပါ။ အမှားကိုပဲ ထပ်ခါတလဲ လုပ်နေရင်တော့ ကိုယ့်အတွက်လည်း မကောင်းသလို အများအတွက်လည်း မကောင်းတာကြောင့် ကိုယ့်လောက်မှ မိုက်မဲသူ ထပ်တူရှိနိုင်မှာ မဟုတ်ပါဘူး။
ဘာပဲလုပ်လုပ် အကျိုးဆက်ရလဒ်ကိုကြည့်ပြီးတော့ပဲ ဘယ်သူမဆို အလုပ်လုပ်ရကျိုးနပ်မနပ် ဆုံးဖြတ်တာပါ။ လုပ်ရတာ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ နက်နဲပါစေ၊ ရှုပ်ထွေးပါစေ ရလဒ်က ထူးပြီး သာလွန်မှုမရှိဘူးဆိုရင် သာမှန်အဆင့်အနေနဲ့ပဲ အကျိုးကျေးဇူး ခံစားခွင့် ရမှာဖြစ်ပါတယ်။ ကိုယ့်ဘက်က တကယ်ကြိုးစားထားပြီး ကြိုးစားထားသလောက် ပင်ပန်းဆင်းရဲထားသလောက် နောက်ဆုံးရလဒ်က ထူးချွန်ပြောင်မြောက်ရိုးမှန်ရင် ထူးကဲတဲ့ အကျိုးကျေးဇူး မခံစားရဘဲ မနေပါဘူး။ ထိုက်တန်တဲ့ အကျိုးကျေးဇူးကို ခံစားချင်ရင် ထိုက်သင့်တဲ့ အားထုတ်မှု အပြည့်အဝနဲ့ ထူးချွန်ပြောင်မြောက်အောင် လုပ်နိုင်ဖို့တော့ လိုပါတယ်။
ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ “ဘယ်ကစပြီး လုပ်ရမလဲ”
၁။ အချိန်ကိုသိပါ။
၂။ အလုပ်ဖြစ်မဖြစ် အကျိုးရှိမရှိ ဆန်းစစ်ပါ။
၃။ အချိန်ကုန်လူပင်ပန်းစရာတွေနဲ့ အချိန်ဖြုန်းသမားတွေကိုရှောင်ပါ။
လုပ်စရာရှိတာကို မလုပ်ဘဲ အချိန်ဆွဲနေတဲ့သူတွေ၊ လုပ်တော့လုပ်နေပေမဲ့ လုပ်နေတဲ့ အလုပ်မှာ စေတနာ မထည့်ထားဘဲ ပြီးပြီးရော လုပ်တတ်တဲ့သူတွေ၊ လုပ်စရာရှိတာတွေကို အချိန်တိုအတွင်း ပြီးအောင်တော့ လုပ်ပါရဲ့ ရလဒ်ကောင်းထွက်အောင် လုပ်တာမဟုတ်ဘဲ အလုပ်ပြီးရုံ လုပ်တတ်တဲ့သူတွေ၊ လုပ်တာက နည်းနည်း အပြောက ခပ်များများ လေရှည်ပေရှည်နေတတ်သူတွေတွေကို ရှောင်ပါ။ အကျင့်ဆိုတာ ကူးစက်တတ်ပါတယ်။ မကောင်းတဲ့အကျင့်တော့ အကူးမခံပါနဲ့။
#မောရိသျှ
Keep Reading