Author's Profile Photo

Youth’s Book Reflections

12/10/2024

ကျွန်ုပ်အခုပြောမည့် အကြောင်းအရာသည်(၁)

5 mins read
Personal Development
Fiction
Psychology
ကျွန်ုပ်အခုပြောမည့် အကြောင်းအရာသည်(၁)'s photo

ကျွန်ုပ်အခုပြောမည့်အကြောင်းအရာသည်ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်မှာမဟုတ်ပါ။

ကျွန်ုပ်တို့သည် နဂါးငွေ့တန်း ကြယ်စင်စုထဲရှိ နေအဖွဲ့အစည်းထဲက နေဟုသတ်မှတ်ထားသော ကြယ်ကြီးတစ်လုံးကို ပတ်နေသော ဂြိုဟ်များထဲက ဂြိုဟ်ပြာကြီးထဲတွင် နေထိုင်အသက်ရှင်ကြသော သက်ရှိမျိုးစိတ်များဖြစ်ကြောင်းကို ကျွန်ုပ် မိကျောင်းမင်းရေခင်းပြ မနေတော့ပါ။



ယခုကျွန်ုပ်ပြောချင်သော အကြောင်းအရာသည် ကျွန်ုပ်တို့နှင့်မသက်ဆိုင်ချေ။ကျွန်ုပ်တို့နှင့် လွန်စွာဝေးကွာလွန်းလှသော အရပ်တစ်နေရာ၌ ဂြိုဟ်ပြာကြီးတစ်လုံးရှိသည်။ထိုဂြိုဟ်ကြီးသည် ကမ္ဘာနဲ့ လွန်စွာနီးစပ်သည်ဟုပြောနိုင်ပေသည်။ထိုဂြိုဟ်ကြီးကား ပတ်စရာ’နေ’ရှိသလို သူ့ကိုပတ်နေသော ‘ဂြိုဟ်ရံလ’လည်းရှိသည်။ ကမ္ဘာမြေပေါ်ကရက်၊လတို့သည်လည်း တိုက်ဆိုင်စွာ ထပ်တူကျ၍ အကုန်နီးပါးတူသည်။ ပုံစံလည်းတူသည် မတူသည်ဆို၍ ကျွန်ုပ်တို့ကဲ့သို့ စကားသိပ်မပြောကြခြင်းသာ။မသိသူတို့နှင့် စတင်မိတ်ဆက်ဖို့ဝန်လေးကြသည်။မိတ်ဆွေအပေါင်းအသင်း အသိုင်းအဝိုင်းကြားတွင်လည်း ရံဖန်ရံခါသာ စကားလက်ဆုံကျတတ်သည်။အမြဲအားဖြင့် ဆိတ်ဆိတ်နေတတ်ပြီး ရှင်သန်ကြသည်။

စကားမပြောကြသောကြောင့် သူတို့မှာ သိပ်တော့မကွဲပြားသွား။အရာအားလုံးကို မျက်နှာရိပ်မျက်နှာကဲ၊ကိုယ်နေဟန်ထား၊မျက်လုံးအကြည့်တို့ဖြင့်သာ ဖမ်းယူပြီး ပြောဆိုဆက်ဆံတတ်ကြသည်။သူတို့တွင် ကျွန်ုပ်တို့ထက် အဆင့်မြင့်ကြသည်မှာ တခါတရံ စိတ်ဖြင့်ဆက်သွယ်ပြောတတ်ကြသည်။စိတ်ထဲကနေ ဆဲရေးတိုင်းထွာလျှင် တစ်ဖက်လူဆီက မကောင်းတဲ့ တုံ့ပြန်မှုခံရသည်။

သူတို့သည် အလုပ်တစ်ခုကို စူးစိုက်နေလျှင် စကားနည်းတတ်ကြသည်။ အသည်းအသန်​ေxသရေးရှင်ရေးကြိုးပမ်းရမည့်ကိစ္စမျိုးတွင် လိုအပ်သည်ထက် ပိုမပြောကြချေ။သူတို့ဂြိုဟ်တွင်လည်း အုပ်ချုပ်သူရှိသလို နိုင်ငံနယ်နိမိတ်တွေရှိသည်။စားဝတ်နေရေး ကျွန်ုပ်တို့လို တန်းတူဖြစ်သည်။သာခြင်း လျော့ခြင်းမရှိ။မျိုးဆက်အလိုက် တူသောအမှားမျိုး ထပ်မဖြစ်စေဖို့ရာ ကျောင်း လိုမျိုး သင်ကြားပို့ချပေးသည့်နေရာရှိသည်။ထိုကျောင်းမှ ပုံစံတူ ပညာသင်ပေးလိုက်သည်။ခံယူပုံဓလေ့စရိုက်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲထွက်သွားကြသည်။ပန်းခြံများမလို။စိမ်းလန်းသော တောအုပ်တို့ကို နေရာမလပ်တွေ့နိုင်သည်။မြို့ကြီးများပေါ်တွင်ပင် ကြိုကြားကြိုကြား တောအုပ်ဆန်ဆန် မြေကွက်လပ်များရှိတတ်သည်။အချို့မြေကွက်လပ်များမှာ အတော်အတန်ကျယ်ပြီး အများနှင့်မသက်ဆိုင်၊ပိုင်ဆိုင်သူရှိလေသည်။ထိုနေရာများကို ဘယ်သူမှမရှင်းလင်းကြပေ။သွားရောက်အပန်းဖြေခြင်းလည်းမပြုကြ။

ဂြိုဟ်ပေါ်ရှိ သူတို့သည် ၎င်းတို့၏အတွေးတွေကို အခြားသူတွေသိသွားမှာ၊ ရိပ်မိသွားကြမှာကိုလွန်စွာစိုးရိမ်တတ်ကြ၍ ပတ်ဝန်းကျင်အမြင်မှာ သတ်မှတ်ထားသည့်ပုံစံကျအောင် ထိန်းသိမ်းပြီးနေကြသည်။သူတို့သည် မှတ်တမ်းများ ရေးလေ့မရှိကြ(တချို့သော သူများမှလွဲ၍)။သူတို့အားလုံးသည် တစ်စုံတစ်ယောက်၏ အမိန့်ကိုလိုက်နာနေရသည်အလား အများကြားတွင် ချမှတ်ထားသောပုံစံအတိုင်းချုပ်တည်းနေကြသည်။သူများထက်ပိုထူးသော(သို့)ကွဲထွက်နေသော အလုပ်များလုပ်ခြင်းကို တခါတရံ အရသာတွေ့နေတတ်ပြီး အများအားဖြင့်တော့ ကြောက်ရွံတွန့်ဆုတ်နေမိတတ်သည်။

ကျွန်ုပ်တို့လိုပင်currencyရှိသည်။သူတို့currencyမှာ “အချိန်”ဖြစ်၍ တစ်ဂြိုဟ်လုံး အချိန်တစ်မျိုးတည်းသာအသုံးပြုသည်။နိုင်ငံအလိုက်နေရာအလိုက် အချိန်ကွဲလွဲမှုရှိသော်လည်း သဘောတရားချင်းကတူသည်။ဂြိုဟ်သားတို့၏ အချိန်ပိုင်ဆိုင်မှုကမူ တစ်ဦးနှင့်တစ်ဦး မတူကြ။တချို့က အများကြီးစုမိဆောင်းမိရှိ၏။အများစုကတော့ တခြားသောအကြောင်းကြောင်းကြောင့် အချိန်မွဲနေကြသည်။အချိန်သည် powerပင်။အချိန်မရှိဘဲမွဲနေလျှင် အသိုင်းအဝိုင်းမှာမဝင်ဆံ့။လုံးလုံးမရှိတော့လျှင် ထိုသူသည် အများမျက်စိအောက်မှာ ဖြစ်တည်မှုမှေးမှိန်လာပြီး ကွယ်ပျောက်သွားသည်။တချို့သော ဇိမ်ခံပစ္စည်းများသည် အချိန်မွဲသူတို့အတွက် မဟုတ်ကြပေ။



အချိန်ကိုစုမိဆောင်းမိအောင် ရှေးပညာရှိတို့က သူတို့ကို လက်ဆင့်ကမ်း ဩဝါဒတွေပေးခဲ့ကြသည်။နည်းတွေပြခဲ့ကြသည်။သို့သော် နည်းများစွာရှိလည်း အချို့ဂြိုဟ်သားအတွက် အချည်းနှီးသာဖြစ်ပြီး ဒုံရင်းကဒုံရင်းဖြစ်သည်။အများထဲကတစ်ယောက်တလေကတော့ စုမိဆောင်းမိရှိပြီး အခြားသူတို့၏အချိန်ကို အာမခံချက်များပေးကာ ကိုယ့်အတွက်အသုံးချကြပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်နေကြသည်။ထိုသူတို့ကို သူဌေးဟုခေါ်ကြသည်။သူဌေးကြီးများသည် အရင်းအနှီးများစေဖို့ သူတို့၏လုပ်ငန်းကိုချဲ့ထွင်ကြရသည့်အခါ အခက်အခဲပေါင်းစုံကြုံရသည်။ ပြဿနာတော်တော်များများကို အချိန်အာဏာပိုင်တို့နှင့်ပေါင်းကာ ဖြေရှင်းတတ်ကြသည်။ အချိန်အာဏာပိုင်တို့သည် ဘောင်များစည်းများကျော်လာသူ မည်သူမဆို ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုအတွက် ထိုက်တန်သည့် အဖိုးတန်စုထား၊ရှာထားရသော အပြစ်သား၏အချိန်တွေနှုတ်ယူပစ်ပြီး အရေးယူသည်။စည်းကမ်းဘောင်များအထက်တွင် ထိုအာဏာပိုင်တို့အဖွဲ့ကလွဲ၍ မည်သူမျှမရှိရ။ဒါကြောင့် သူဌေးတို့သည်အာဏာပိုင်တို့နှင့် ပေါင်းကြလေသည်။

အချိန်အာဏာပိုင်တို့က အများနေထိုင်ရာအရပ်ဒေသတို့ကို စောင့်ကြည့် ငြိမ်းချမ်းအောင်ထားသည်ဆိုသော်လည်း သူတို့သည်လည်း အချိန်ကိုသုံးစွဲနေရသူပီပီ ကိုယ့်ဝမ်းစာအရင်ဖြည့်ကြပြီးမှ သူများအတွက်ဆောင်ရွက်ကြသည်။သူလိုကိုယ်လို ဝမ်းစာဖြည့်နေရသူဖြစ်၍ မိမိလုံခြုံငြိမ်းချမ်းရေးအတွက် ဂြိုဟ်သားတို့ကသာ မိမိဖာသာဖြေရှင်းစီမံကြရသည်။လမ်းကြိုလမ်းကြားလျှောက်သည့်အခါ ခြေသံခပ်သွက်သွက် နောက်နားကကြားလျှင်ပင် မိမိဆီတွင်ရှိသော အဖိုးတန်အရာများကို အလိုအလျောက် ကာကွယ်ဖို့အသင့်ပြင်ကြသည်။အများနှင့်သက်ဆိုင်သောနေရာများတွင် သွားသတိ လာသတိ စားသတိဖြင့် နိုးနိုးကြားကြားနေကြရသည်။မဖိတ်ခေါ်ချင်သော ပြဿနာများမပေါ်စေရန်အလို့ငှါ အများကြားထဲ သိုသိုဝှက်ဝှက်သာနေလိုကြသည်။

ငယ်ရွယ်သူအချို့သည် အချိန်ကိုဖြုန်းလိုက်ကုန်သဖြင့် အရွယ်ရောက်သောအခါ သုံးချင်လှပါရဲ့ဆိုသောအရာများကို အချိန်မတတ်နိုင်၍ ဒုက္ခသောကရောက်ကြရသည်။သုံးစရာရှိတာသုံးပစ် ဒီဘဝပဲ ပျော်ပျော်နေရတာ ဆိုသူတွေလည်း တကယ်တမ်း သူတို့ကိုယ်ပိုင်အချိန်လျော့နည်းလာသည့်အခါ ကူကယ်ရာမဲ့ကုန်ကြသည်။အချိန်လောဘကြီးသူတို့ကလည်းရှိသည်။ထိုသူတို့က သူတို့အချိန်မလျော့ဖို့အတွက် သူတစ်ပါးကိုဖိနင်းဖို့ ဝန်မလေးကြ။ ဂုဏ်ယူတတ်ကြသေးသည်။သူတစ်ပါးအချိန်တွေကို အလွယ်နည်းနှင့် (သို့)မတရားသောနည်းနှင့် ယူကြပြီး မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ကြသည်။မက်လုံးများပေးပြီး ရိုးအသူတို့၏ အချိန်ကို မတရားယူကာအမြတ်ထုတ်ကြသည်။

ထိုဂြိုဟ်ပေါ်ရှိ လူလို သက်ရှိတို့အကြောင်းခြုံငုံမိစေရန် ပြောပြလိုက်ရသည်သာဖြစ်၍ ကျွန်ုပ်သည် ထိုဂြိုဟ်ထဲမှ မောင်ဖြူ ဟူသော ဂြိုဟ်သားကို စာဖတ်သူတို့ရှေ့မှောက် ခေါ်ထုတ်ပြလို၏။ဂြိုဟ်သားတို့၏နာမည်များမှာ ကျွန်ုပ်တို့နှင့်မတူကွဲပြားကြသည်။ကျွန်ုပ်တို့နှင့်တူသော ဘာသာစကားမျိုးမရှိကြ၍ တစ်ယောက်၏အမည်ကို မောင်ဖြူဟူသော နာမည်ဖြင့် မွေးစားယူပါမည်။

အချိန်ကုန်ရကျိုးလည်းနပ်၍ အကျိုးရှိသောအလုပ်မျိုးသပ်သပ်သာ လုပ်တတ်သူဟူ၍ မောင်ဖြူကို မြင်ရမည်မဟုတ်။မောင်ဖြူသည် အလုပ်တစ်ခုကို အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါနှစ်၍လုပ်ဆောင်ပြီးလျှင် နာရီနဲ့ချီ ပြန်အပန်းဖြေလေ့ရှိသည်။လုံးဝမနားဖြစ်အောင်ကြိုးစားကြည့်သည့်အခါမျိုးတွင် ပိုနားလိုက်ရသည့်အဖြစ်သာကြုံသည်။သူ့တွင် limitရှိနေ၏။သူတစ်ပါးအောင်မြင်နေသည်ကိုမြင်၍ အားကျနေသည်။တစ်ဆက်တည်းမှာပင် ထိုသူလိုအောင်မြင်ချင်လာ၍ သူမြင်အောင်ပြသော တစ်စိတ်တစ်ပိုင်းကိုသာမြင်၍ သူမပြချင်သော အရာများကိုယ်တိုင်ကြုံရသည့်အခါ ခေါင်းခြောက်သွားတတ်သည်။

မောင်ဖြူ၌ အချိန်ဆွဲသည့်အကျင့်ရှိသည်။အချိန်ကပ်သီကလေး ကျန်မှထလုပ််တတ်သည်။သူ့အတွေးကား ထိုသို့လုပ်ခြင်းသည် အခြားအရာများကို လုပ်ဖို့အချိန်ရသည်ထင်နေ၏။တကယ်တမ်းတော့ အချိန်အပြည့်မပေးနိုင်သောကြောင့် သူ့ရလဒ်မကောင်း။အချိန်သည် ကိုယ်စိတ်ဝင်စားသောအဖွဲ့အစည်းထဲ ထဲထဲဝင်ဝင် ပါချင်လျှင်လည်း အသုံးကျသည်။အဖွဲ့အစည်း၏မူပေါ်လိုက်၍ ပေးရမည့် ပမာဏ ကွာသွားနိုင်သည်။ပညာရပ်လေ့လာလျှင်လည်း သည်သဘောရှိလေသည်။

အချိန်သည် အရေးပါကြောင်းကို မောင်ဖြူသိ၏။ဒါကြောင့် မောင်ဖြူသည် အချိန်ပိုရစေနိုင်သည့်နည်းတွေ ကြံဆကြည့်ဖူးသည်။အမျိုးမျိုးစမ်းသပ်သည်။တူရိယာတစ်မျိုးမျိုးသင်သည်။ဘာသာစကားအသစ်သင်သည်။ကိုယ်ခံပညာသင်သည်။ဂိမ်းဆော့သည်။အချိန်က ထင်သည်ထက်ပဲ သူ့ဆီမှ ကုန်လွယ်ကုန်မြန်နေသည်။ဒီလိုနှင့် ယောင်ချာချာ အဖြေရှာမရဖြစ်နေဆဲ သူ နည်းကောင်းတစ်ခုကို တွေ့သွား၏။လက်တွေ့တွင်လည်း အချိန်ကုန်နှေးသလိုအနာဂတ်အတွက်ရောကောင်းသည့် အရာတွေ သူတွေ့လိုက်ခြင်းဖြစ်၏။ထိုအရာတွေကား အချိန်ပေးပြီး ကာယလေ့ကျင့်ခန်းထိထိရောက်ရောက်လုပ်ခြင်း၊စာဖတ်ခြင်း၊တရားထိုင်ခြင်းတို့ဖြစ်လေသည်။ထိုအခါ သူ့တွင် အချိန်ကုန်ရနှေးနေလေသည်။သို့သော်လည်း ရွယ်တူကြားတွင် သူသီးသန့်ခွဲထွက်သလိုဖြစ်နေသည်။သူ့နည်းကား လက်ရှိအချိန်ကိုမတိုးပွါးစေဘဲ အကုန်နှေးဖို့သာတတ်နိုင်သည်။အနာဂတ်အတွက်ကြိုတွေးပြီး စီမံသလိုလည်းဖြစ်သည်ဟု သူ့ကိုယ်သူတွေးကာ ဖြေသိမ့်ရင်းကျေနပ်၏။

စာများဖတ်ရာတွင်လည်း သုတပိုင်းကိုရွေးဖတ်ပြီး စဉ်းစားရသည်ကို သဘောကျလေသည်။ ရသပိုင်းများကို မောင်ဖြူ ခံစားမှုညံ့လှသည်။သူများတွေ မျက်ရည်တောက်တောက်ကျပြီးဝမ်းနည်းပက်လက်ဖြစ်​စေသော စာများကို မောင်ဖြူ ရင်ထဲ ရက်နဲ့ချီ မကောင်းရုံကလွဲ၍ မျက်ရည်တော့မကျချေ။

အများနှင့်ဆက်ဆံရာတွင် မောင်ဖြူကို ပုံသေမှတ်လို့မရ။ သူ၏ ကောင်းခြင်း၊မကောင်းခြင်းသည် သူ့ဤတွေ့အကြုံ ကိုယ်ချင်းစာစိတ်စသဖြင့် အခြေအနေတို့အပေါ်မူတည်နေသည်။သက်ကြီးရွယ်အို၊ မိန်းကလေးများ၊မသန်စွမ်းသူများ၊ကလေးသူငယ်များကို အချိန်တိုင်းလိုလို ကူညီသည်ကများသည်။မလုပ်ရရင် နေမထိထိုင်မထိ အားနာနေတတ်လေသည်။အများအထင်ကြီးမကြီး စိတ်မဝင်စား။အများအမြင်ကို ဂရုမစိုက်လုပ်ချင်ရာ ကောက်လုပ်သည်။ကူညီပေးလိုက်မှ ကိုယ့်ကိုယ်ကို ကျေနပ်သွားတော့သည်။ပြီးလျှင် တစ်ကိုယ်တည်း ကိုယ့်ဟာကိုယ်တွေးရင်း ပီတိဖြစ်နေတတ်ပြန်သေးသည်။

သူအားနာတတ်သူများတွင် တောင်းရမ်းစားသောက်နေရသူတို့မပါ မောင်ဖြူ၏စိတ်တွင် သူတို့ကိုမြင်လျှင် သနားစိတ်သွင်းလို့ကိုမရ။လိမ်နေသည်ဟန်ဆောင်နေသည်ပဲထင်သည်။ဖြစ်နိုင်လျှင် သူသည် ထိုသူတို့ကိုနောက်ယောင်ခံလိုက်ချင်သည်အထိ….။သူ့ဆီက အချိန်စက္ကန့်ကလေးအနည်းငယ်ကိုမျှ မဖဲ့ပေးချင်။

မောင်ဖြူက အချိန်နှင့်ပတ်သက်လာလျှင် အတော်ဂွကျ၏။သူ့မှာ ဆရာလည်းအတော်စုံ၏။တိုက်ရိုက်ဆရာတွေရှိသလို ကွယ်ဝှက်သင်ပြသည့်ဆရာမျိုးလည်းရှိသည်။သူ့အချိန်ကိုတော့ တစ်စက္ကန့်ကလေးမျှ အထိအခိုက်မခံချင်တာတော့သေချာပေါက်ပင်။သူ့ထက် အသက်အရကြီးသူဖြစ်စေ လေးစားသင့်သည်ဟု အများသတ်မှတ်ထားသူဖြစ်စေ သူ့အချိန်ကိုထိခိုက်လျှင် မကျေနပ်။သူကြည်ဖြူသူတို့နှင့်ဆိုလျှင် ရက်ရက်ရောရော အချိန်ကိုသုံးပစ်သည်။ကိုယ်တိုင်အချိန်ဖြုန်းနေလျှင်လည်း ကိုယ့်ကိုယ်ကိုဆင်ခြေအမျိုးမျိုးပေးတတ်ပြန်သေးသည်။အတော်နားလည်ရခက်သည့်ဂြိုဟ်သားတွေပင်။

မောင်ဖြူတို့ဂြိုဟ်မှာ ပညာက အဓိကကျသည်။…….အပိုင်း(၂)


Kyaw Thu Jr.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း