မိုးနှောင်းအလင်္ကာ
လောကမှာအလှပဆုံးသောအမျိုးသမီးကြီးဟာ အမေပါ။အမေလို့ခေါ်လိုက်တာနဲ့ စိတ်လုံခြုံမှုတစ်ခုကိုပေးနိုင်သလို ခေါင်းတိုး၀င်စရာ ရင်ခွင်တစ်ခုဟာဆိုရင် အေးမြလှတဲ့ မေတ္တာဓါတ်ကိုပေးစွမ်းနေပါတယ်။အမေ တွေရဲ့မေတ္တာတရား အဘယ်မျှကြီးမားသလဲဆိုရင် "အသက်ရင်းကာဒီမေတ္တာ၊ဘ၀ရင်းကာဒီစေတနာ၊နှလုံးသားရင်းကာ ချစ်နေတာဟာ အမေပါ"။ကျွန်တော်ဘာတွေများအမေ့ဆီက အပိုရခဲ့ပါသလည်း?။
ကျွန်တော်ကမွေးချင်းငါးယောက်အနက်အငယ်ဆုံးပါ။မှတ်မိပါသေးတယ်ငယ်ငယ်က မောင်နှမတွေကဲလွန်းလို့ အမေရိုက်တဲ့အခါ ဒီသားငယ်အလှည့်မှာ အမေ့လက်ရှိန်ဟာ အားမရှိသည့်နယ် ခပ်ဖြည်းဖြည်းကလေး ပုတ်ခက်လာတယ်။အဲ့ဒီအချိန်က အမေဟာ ရိုက်ရက်လေခြင်းဟု ၀မ်းနည်းမိသောလည်း ဒီနေ့ဒီအချိန်ရောက်လာတဲ့အခါ အမေဘယ်လောက်အချစ်ပိုခဲ့သလည်းဆိုတာ စဥ်းစားမရဖြစ်ရပြန်တယ်။အမေဟာ ဒေါသထွက်ရင်တောင် ကျွန်တော်အတွက် နေရာရှိနှင့်ပြီးသားပါဘဲ။
ငယ်ငယ်က အကြီးတွေ မုန့် တစ်ယောက်တစ်ခုရရင်တောင် နှစ်ခုအမြဲရတဲ့ကျွန်တော်ဟာ အမေ့ခံတွင်းချဥ်ချဥ်ကို ကွမ်းအစ်ကိုင် ရင်း ဖြေဖျောက်ခဲ့ရတာကို မသိခဲ့ရှာပါဘူး။ဒါပေမဲ့ အမေ နှုပ်ခမ်း ရဲရဲတွေကို မကြိုက်ဘူးလို့ပြောရင်း အဲ့ဒီချစ်ခြင်းမေတ္တာကို ငြင်းဆန်ခဲ့မိပြန်ပါတယ်။ဒီတစ်ခါလည်း အမေဟာ သာမာန်ခပ်အေးအေးသာပြုံးရင်း "ပါးစပ်အားလို့ကွမ်း၀ါးတာပါသားရယ်" ဆိုတာနဲ့သာ ပြီးရင်း အချစ်မပျက်ရှာခဲ့ပါ။
အမေဟာ လင်ကိုဘုရား၊သားကိုသခင် လို ပြုစုယုယတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျောင်းစိမ်း၀တ်စုံတွေမှာ အကြီးမှ အငယ်အဆုံး မီးပူခေါက်ကျိုးရာမပျက်ခဲ့၊ အိမ်မှာတော့ အိုးလူးစားပြီး ကျောင်းမှာ မျက်နှာမငယ်ရအောင် ထမင်းချိုင့်ဟာ သူများထက်မနည်းစေရ။ဒါကိုဘယ်သောအခါမျှမညိုငြင်ဘူးခဲ့တဲ့အမေကို ဒါဟာအမေလုပ်ကိုလုပ်ပေးရမဲ့တာ၀န်လို့ ထင်တဲ့အခါ အမေပြောတာက ကျေကျေနပ်နပ်နဲ့လုပ်ပေးခဲ့တာပါတဲ့။
အမေဟင်းချက်တိုင်းပြောတဲ့စကားတစ်ခွန်းရှိတယ်။"ဒါကတော့ သားကြီးဖို့၊ဒါကသမီးကြီးဖို့၊ဒါလေးကသားငယ်ဖို့ နောက်ပြီး ဟော့ဒါကို ကြောင်အိမ်ထဲသွားထည့်ထား မင်းအဖေပြန်လာရင်စားရအောင်တဲ့" အဲ့လောက်ပါဘဲ တကယ်အဲ့လောက်ပါဘဲ။ အမေဟာ ကိုယ့်ကိုယ်ကို မေ့လောက်တဲ့အထိ ကျွန်တော်တို့ကို ချစ်ခဲ့သည်ကို အမေရယ်ကြက်ဥကလေးကြော်ပေးပါလား ပြောလည်း မငြင်းခဲ့ရှာ။
ကျွန်တော်အမေ့ဆီက အတော်များများအပိုရခဲ့ပါတယ်။ အမေ့ရဲ့ အသက်နဲ့ရင်းထားတဲ့မေတ္တာကို ကျွန်တော်အပိုရခဲ့တယ်။အမေ့ရဲ့ ဘ၀နဲ့ရင်းထားတဲ့ စေတနာ တွေကို ကျွန်တော်အပိုရခဲ့တယ်။ အမေ့ရဲ့ နှလုံးသားနဲ့ရင်းတဲ့ ချစ်ခြင်းတရားကို ကျွန်တော်အပိုရခဲ့ပါတယ်။ အမေအားလုံးဟာအတူတူပါဘဲ။သားသမီးဆိုတာနဲ့ အလျော့ပေးဖို့ ၀န်မလေးတဲ့ အမေတွေကို အသက်ကြီးလာတဲ့အခါ
ကိုယ်အပိုရခဲ့သလို အပိုပြန်ပေးဖို့လည်းမမေ့ပါနဲ့။
ကိုးလ လွယ်တုံးကလည်း သေမင်းနဲ့လက်တကမ်း၊ဆယ်လဖွားတုံးကလည်း သင်္ချိုင်းကိုတစ်ဖက်လှမ်း အဲ့ဒီလို အသက်နဲ့ရင်းထားတဲ့ အပိုရသောမေတ္တာကို အိုမင်းလာတဲ့အခါ အပိုနဲ့ပြန်ပေးဖို့မမေ့ပါစေနဲ့။ ဘ၀တစ်ခုလုံးကို ဒီသားသမီးတွေဆီ မြှုတ်နှံရင်း စေတနာ အလျှံငြီးငြီး ကို မငြီးမငြူ အပိုပေးခဲ့သောအမေ မင်းလာတဲ့အခါ အပိုပြန်ပေးဖို့ လည်းမမေ့ပါစေနဲ့။ နှလုံးသားနဲ့ ပြုစုပျိုးထောင်ပေးသော ဒီအပိုရတဲ့ချစ်ခြင်းတရားကို အိုမင်းချိနဲ့လာတဲ့အခါ အပိုပြန်ပေးဖို့လည်းမမေ့ပါစေနဲ့။
ဒီတော့ ကျွန်တော်တို့ အပိုရခဲ့သလို၊အမေတွေကို အပိုပြန်ပေးပါ။ဆပ်လို့မကုန်တဲ့အကြွေးထဲမှာ အမေ့ဆီက မေတ္တာကြွေးဟာ နူးညံ့ငြင်သာစွာ စီးဆင်းတဲ့စိမ့်စမ်းရေလိုပါဘဲ။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
Keep Reading