Author's Profile Photo

Yati

10/10/2024

အိပ်ပျော်နိုင်စေဖို့

4 mins read
Health
Book Review
General Knowledge
အိပ်ပျော်နိုင်စေဖို့'s photo


တစ်နေ့တာ ကုန်ဆုံးခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်သလို တစ်ညတာ နှစ်ခြိုက်စွာ အိပ်ရမယ့်အချိန်ရဲ့ အစတစ်ခုဟာဆိုရင် “မီးပိတ်ပြီး အမှောင်ချလိုက်တာပါပဲ”။ ဒါပေမယ့် တစ်ခါတလေ အဲ့ဒီညက ကိုယ့်အတွက် စိတ်ဖိစီးမှု, အတွေးဆိုးတွေနဲ့ ပြည့်နှက်နေတယ်ဆိုရင်တော့ အိပ်မပျော်တဲ့ ညဖြစ်လာနိုင်ပြီး ညှဥ်းပန်းနှိပ်စက်မှုတွေနဲ့ အတိပြီးဆုံးသွားတဲ့ ညရဲ့ အစလည်းဖြစ်နိုင်ပါတယ်။ အရုဏ်တက်မိုးလင်းချိန်အထိ အိပ်မပျော်နိုင်သေးဘဲ ဟိုဘက်လိမ့် ဒီဘက်လိမ့်ရင်း အချိန်ကုန်နေရတာတွေ၊ မျက်နှာကျက်ကိုကြည့်ပြီး တောင်တွေးမြောက်တွေး တွေးရင်း အိပ်ပျော်သွားမလားနိုးနိုး နေရတာတွေ၊ တချို့ကလည်း မျက်နှာကို ခေါင်းအုံးအောက်မှာ ဝှက်ရင်း အိပ်ပျော်အောင် အတင်းကြိုးစားနေရတာတွေ၊ မျက်စိကို အတင်းပိတ်ပြီးနေရတာတွေလို အမျိုးမျိုးခံစားရပါတယ်။ ဒါပေမဲ့ အိပ်ချင်တဲ့စိတ်က သူတို့ကို တင်းတင်းမာမာပဲ ရှောင်ဖယ်သွားပါတယ်။ မနက်မိုးလင်း အိပ်ရာထလာတဲ့အချိန်မှာတော့ မျက်ခွံတွေမို့၊ ဒါမှမဟုတ် မျက်ကွင်းလေးတွေ ညိုနေတတ်ပါတယ်။ တစ်နေ့တာလုံးလည်း လန်းလန်းဆန်းဆန်းမရှိနိုင်တော့ဘဲ ပင်ပန်းနွမ်းနယ်ပြီး မှိုင်ထွေနေတတ်ပါတယ်။

အိပ်မပျော်တဲ့ အကျင့်၊ အိပ်မပျော်တဲ့ရောဂါတစ်ခုက သက်ကြီးလူကြီးပိုင်းတွေအဖြစ်များပေမယ့် လူငယ်တွေ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ သူတွေအတွက်တော့ ခံစားရတာနည်းပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့ အမျှ အခုခေတ် အချိန်တွေမှာဆိုရင် သူတို့တွေလည်း အိပ်ရေးပျက်စပြုလာကြတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းတဲ့သူ ဆိုတောင်မှ တစ်ခါတလေ အိပ်မပျော်ညနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီလိုနဲ့ပဲ “ဘာကြောင့် အိပ်မပျော်ရတာလဲ” ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာတော့တာပါပဲ။ အဖြေကိုပြောရမယ်ဆိုရင် တစ်နေ့တာကို ဘယ်လို လှူပ်ရှားရမယ်ဆိုတာ သတိလက်လွတ်မေ့နေတဲ့အတွက်ကြောင့်လိုထင်မိပါတယ်။

တစ်ညတာကို နှစ်နှစ်ခြိုက်ခြိုက် အိပ်‌ပျော်ခြင်းရဲ့ အခြေခံအကြောင်းရင်းဟာဆိုရင် အာရုံကြောတွေ စနစ်တကျ ညီမျှအောင် လှုပ်ရှားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်-

  • တစ်နေ့တာလုပ်ငန်း တွေကို ဇယားချ၊ မှန်မှန်ဆောင်ရွက်ပြီး ကောင်းကောင်းအနားယူဖို့ အစီအစဥ်တွေကိုပါ ပြုလုပ်ပေးပါ။
  • နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက အချိန်မှန်အောင် အိပ်ရာဝင်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ် ဘယ်အချိန်မှာ အိပ်တယ်ဆိုတာ ဂရုစိုက်ဖို့မလိုပါဘူး။ ၁၀ နာရီဖြစ်ဖြစ်၊ သန်းခေါင်ဖြစ်ဖြစ်၊ ကြိုက်တဲ့အချိန်ကိုသာအိပ်ပါ၊ အရေးကြီးတာက အချိန်မှန်ဖို့နဲ့ အိပ်ရေးဝအောင်အိပ်ဖို့ပဲဖြစ်ပါတယ်။


တကယ်တော့ အိပ်မပျော်နိုင်ဖြစ်တယ်ဆိုတာ ပြဿနာကြီးတစ်ခုပဲ မဟုတ်ဘူးလား။ ညလယ်လောက်ရောက်မှ ဒါမှမဟုတ် မနက်လေးနာရီ၊ ငါးနာရီလောက်မှ အိပ်နေရာကနေ လန့်နိုးလာပြီး ပြန်အိပ်မပျော်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲ့တာကတော့ အိပ်ရေးမဝခြင်းရဲ့ အစလို့ ဆိုရပါမယ်။ အိပ်မပျော်လို့ စိတ်အနှောင့်အယှက်ဖြစ်နေတာကို တောင်အီမြောက်အီ ရောက်တတ်ရာရာ စဥ်းစားနေတာ၊ စာအုပ်ကောက်ဖတ်တာ၊ အခန်းထဲမှာပဲ တောင်မြောက်ဟိုဟိုဒီဒီ လမ်းလျှောက်တာလုပ်ရင်းနဲ့ ပြေပျောက်စေနိုင်တယ်ဆိုပေမယ့်လည်း အချိန်မတော် နိုးနေတတ်တာက အကျင့်တစ်ခုလိုဖြစ်သွားတတ်ပါတယ်။ အဲ့လိုအကျင့် စဖြစ်လာပြီဆိူရင်တော့ တစ်ခါတည်း ဖျောက်နိုင်အောင် ကြိုးစားစေချင်ပါတယ်။

အိပ်မပျော်ပေမယ့်လည်း အိပ်ပျော်နေသလိုပဲ အသက်ကို မှန်မှန်နဲ့ ပြင်းပြင်းရှုလိုက်ပါ။ အဲ့လိုပြုလုပ်ပေးတဲ့အတွက် အာရုံကြောတွေကိုလည်း အနားပေးရာရောက်မှာပါ။ ပိုကောင်းတဲ့အချက်ကိုပြောရမယ်ဆိုရင်တော့ စိတ်ချမ်းသာ၊ စိတ်အေးရတဲ့ အရာတွေကိုပဲ တွေးပါ။ စိတ်အေးအေးထားပြီးနေပါ။ အဲ့လိုလုပ်မယ်ဆိုရင် ပြန်ပြီး အိပ်ပျော်စေနိုင်ပါလိမ့်မယ်။ နောက်ထပ်အနေနဲ့ အိပ်ရာထဲ ဝင်ဝင်ချင်း အိပ်ပျော်ဖို့ အခက်တွေ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားလို့ရပါတယ်။

  • အိပ်ရာ မဝင်ခင် နာရီပိုင်းလေးအတွင်းမှာ လေးလေးနက်နက်ပြောဆိုဆွေးနွေးတာမျိုးကို ရှောင်ပါ။ ပင်ပန်းတဲ့အလုပ်တွေမလုပ်ပါနဲ့။
  • တစ်နေ့တာရဲ့ ဒုတိယပိုင်းကို ရောက်တဲ့အခါ လူတွေရဲ့ လုပ်ရှုားနိုင်စွမ်းတွေဟာဆိုရင် တဖြည်းဖြည်း နှေးကွေးလာကြပြီး ဦး‌နှောက်ဆဲလ်တွေရဲ့ လှုပ်ရှားမှုတွေကလည်း ဆုတ်ယုတ်လာတတ်ပါတယ်။ ဒါကြောင့် ညဥ့်နက််တဲ့အထိ စာဖတ်တာ၊ အလုပ်တစ်ခုခုလုပ်တာတွေကို အတတ်နိုင်ဆုံး ရှောင်ပေးပါ။
  • ညဥ့်နက်တဲ့အထိ တီဗွီကြည့်တာ၊ ရုပ်ရှင်သွားကြည့်တာ၊ ကပွဲသွားတာ စတာတွေဟာ ကိုယ့်ကိုယ်ကို အနားပေးနေတယ်လို့ မထင်မှတ်ပါနဲ့။ အဲ့ဒီလိုအနားယူတာတွေဟာ ဦးနှောက်ကို အတော်လေး ပင်ပန်းစေပါတယ်။
  • အကောင်းဆုံးနည်းလမ်းတစ်ခုမှာတော့ ညနေစောင်းလောက်မှာ အိ်မ်မှာပဲ အနားယူပြီး အိပ်ရာဝင်ခါနီး နှစ်နာရီအလိုမှာ တီဗွီကြည့်တာမျိုးကို မလုပ်ပါနဲ့။ စိတ်ကိုတက်ကြွစေတဲ့သီချင်းများ၊ စိတ်ကို အေးငြိမ်းစေတဲ့ သီချင်းတွေကို နားထောင်ပါ။
  • ပြီးရင်တော့ မအိပ်ခင် ၁၅ မိနစ်အလိုမှာပဲ တစ်ခါတည်း မီးမှိတ်ပစ်လိုက်ပါ။


လူအများစုဟာဆိုရင် စာအုပ်မပါဘဲ၊ အိပ်ရာဝင်တယ််ဆိုတာ မရှိသလောက်ပါပဲ။ အိပ်ရာထဲမှာ စာအုပ်ဖတ်ရင်း တဖြည်းဖြ်ညး အိပ်ပျော်သွားစေနိုင်တယ်ဆိုတဲ့ အယူအဆကို စွဲစွဲမြဲမြဲလက်ခံနေကြပါတယ်။ အိပ်ရာထဲမှာ အချိန်နည်းနည်းလောက်ပဲ စာဖတ်တာနဲ့တော့ ဘယ်လိုမှ အန္တရယ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်လုံးတွေ မှေးလာပြီဆိုတာနဲ့ တစ်ပြိုင်နက် စာအုပ်ကိုချပြီး မီးပိတ်လိုက်ပါ။ စာအုပ်ကို စိတ်ဝင်စားနေတဲ့အတွက် မှေးနေသော မျက်စိကို အတင်းဖွင့်ပြီး ဖတ်တာက ဦးနှောက်ဆဲလ်တွေရဲ့ လှုပ်ရှားမှုကို နှေးကွေးစေပြီးတော့ အနားပေးတာကိုလည်း ပိတ်ပင်ရာကျပါတယ်။

  • အိပ်ရာထဲမှာ တအားအရေးကြီးလို့ လေးလံ ထိုင်းမှိုင်းတဲ့ အကြောင်းအရာတွေဖတ်တာ၊ ကျောင်းစာအုပ်တွေကိုဖတ်တာတွေဟာ အိပ်ရေးကို ပိတ်ပင်တားဆီးရာရောက်ပါတယ်။
  • တစ်နေ့လုံး စာကြည့်ခွင့် မရခဲ့သည့်တိုင်အောင် အိပ်ရာထဲမှာတော့ စာမကြည့်ပါနဲ့။ ညနေပိုင်းမှာပဲဖြစ်ဖြစ် စားပွဲမှာ ထိုင်ပြီး စာကြည့်ဖို့ အားထုတ်ပါ။ ထိုင်ပြီးပဲ ကြည့်ပါ။ လဲလျောင်းပြီးမကြည့်ပါနဲ့။ ကိုယ်ခန္ဓာအဖွဲ့အစည်းရဲ့ လဲလျောင်းတဲ့ အနေအထားက အိပ်ဖို့ တစ်ခုတည်းအတွက်ဖြစ်တယ်ဆိုတာ အမြဲ စွဲမှတ်ထားပါ။


နေ့လယ်ခင်းဘက်တွေ တရေးတမောအိပ်ဖို့ အချိန်ရခဲ့ရင် အိပ်ဖြစ်အောင်ကို အိပ်လိုက်ပါ။ နေ့ခင်းဘက်မှာအိပ်ရင် ညဘက် အိပ်မပျော်နိုင်ဘူးလို့ တချို့က ယူဆကြပေမယ့် မဟုတ်ပါဘူး။ နေ့လယ်ခင်းဘက် အိပ်တဲ့အတွက် အာရုံကြောတွေရဲ့ အလွန်အကဲ တက်ကြွနေတာကို ရပ်နားစေရုံသာမကဘဲ ညအိပ်တဲ့အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်အောင်လည်း ပြင်ဆင်ပေးတာနဲ့ အတူတူပါပဲ။ ဒါ့အပြင် အိပ်တဲ့အခါကို အဝတ်အစားလဲပြီးအိပ်ပါ။ နာရီဝက်လောက်ပဲ အိပ်တာဖြစ်ဖြစ်၊ ညအိပ်ရာဝင် အဝတ်အစားလဲပြီး အိပ်သလို လဲအိပ်ပါ။ အဲ့ဒီအတွက်လည်း အချိန်နည်းနည်းလောက်ပဲ ကုန်ပါလိမ့်မယ်။ အဝတ်လဲပြီး လွတ်လွတ်လပ်လပ် အိပ်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနို်ငမယ့် ရလဒ်ကိုလည်း ရနိုင်ပါလိမ့်မယ်။

လုံးဝ တိတ်ဆိတ်နေမှ၊ ပိန်းပိတ်အောင်မှောင်နေမှ အိပ်ပျော်နိုင်မယ်လို့လည်း မယူဆသင့်ပါဘူး။ နည်းနည်းလောက် ဆူညံနေရင်တောင်၊ နည်းနည်းလောက် လင်းနေရင်တောင် အိပ်ပျော်မှုကို ဘာမှ အနှောင့်အယှက်မဖြစ်ပါ။ အတွင်းသောက စိတ်ကူးတွေ၊ စဥ်းစားတွေးတောနေတာတွေကသာ အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

စိတ်အေးအေးချမ်းချမ်း သက်သက်သာသာနေထိုင်တတ်တဲ့သူ၊ ဘယ်အရာကိုမဆို အကောင်းပဲဖြစ်လာမယ်လို့ မျှောင်လင့်ချက် ထားတတ်သူများက ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတာကို ဆရာဝန်တွေက လေ့လာတွေ့ရှိထားပါတယ်။

  • အိပ်ချိန်မတိုင်ခင် အပြင်ထွက်ပြိး လေကောင်းလေသန့်ရှုလိုက်ရင် စိုးရိမ်စိတ်တွေကို ထိန်းချုပ်နိုင်ပါတယ်။
  • အိပ်ရာထဲမဝင်ခင် နည်းနည်းလောက်ဖြစ်ဖြစ် လမ်းလျှောက်နိုင်အောင်ကြိုးစားပါ။
  • တင်းနေသောရင်ကို ဖြေလျှော့ချလိုက်ပါ။
  • ပြတင်းပေါက်ကိုဖွင့်ပြီး လေကောင်းလေသန့်တွေကို တဝ ရအောင်ယူပါ။
  • ဗိုက်ကိုလည်း မေ့မထားပါနဲ့။ အစားလွန်ပြီး ဗိုက်ပြည့်လွန်းနေရင်ဖြစ်ဖြစ်၊ အစာမရှိလို့ ဗိုက်ဟာနေရင်ပဲဖြစ်ဖြစ်ဆိုရင်လည်း အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဆာနေတယ်ဆိုပြီးတော့လည်း အိပ်ခါနီး ကပ်မှအစားမစားပါနဲ့။အိပ်ရာမဝင်ခင် နှစ်နှာရီအလိုကစပြီး ဘာမှမစားဘဲ။ ညနေစာ စားကတည်းက ဝအောင်စားထားလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။
  • အိပ်ခါနီး ကော်ဖီ၊ လက်ဖက်ရည်သောက်တာကိုလည်း ရှောင်ပါ။


အိပ်ပျော်ခြင်း မပျော်ခြင်းဆိုတာကလည်း တစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ ဒါကြောင့် တကယ်လို့ ကိုယ်က အိပ်မပျော်ဖြစ်နေရင်တောင် အဲ့တာကို ဒုက္ခတစ်ခုလို မှတ်ထားပြိး ‌ေဘးပတ်ဝန်းကျင် တခြားသူတွေကို မပြောပြနေပါနဲ့။ ဘာလို့ အိပ်မပျော်ရတာလဲ၊ အိပ်မပျော်ပါလားဆိုပြိးလည်း အတွေးမှားစွဲမထားပါနဲ့။ အပေါ်ကပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ပဲ အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။ အိပ်ရေးပျက်တာနဲ့တစ်ပြိုင်နက် ဆိုးကျိုးအနေနဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့အတူ တခြား အဆင်မပြေမှုတွေပါ ကပ်ပါလာနိုင်ပါတယ်။ နေမကောင်းမကျန်းမာတဲ့သူတွေအတွက်တော့ အိပ်မ‌ပျော်တာများလာရင် ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်းလုပ်ဖို့လိုပါတယ်။ ဒါပေမဲ့လည်း အဲ့လိုအခြေအနေမှာလည်း အိပ်ပျော်စေဖို့ အခြေခံနည်းလမ်းတွေကို မေ့မထားသင့်တာိကု အကြံပေးချင်ပါတယ်။

(Prof. Zinaida Kolarova (Sputnik, May 1968) ၏
"This story May Put You To Sleep" ကို ကိုယ်တိုင် ပြန်လည် ဘာသာပြန် မျှဝေခြင်းဖြစ်ပါသည်။ အမှားတစ်စုံတစ်ရာ လိုအပ်ချက်များရှိခဲ့လျှင်လည်း နားလည်ပေးစေလိုပါသည်။)

10/10/24
#Yati

Keep Reading

သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’Neurocycle ဆိုတာဘာလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။🤰ကိုယ်ဝန်ဆောင်မေမေတို့ ဖတ်ဖို့လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု “စိတ်ခံစားမှု ကျန်းမာရေး” “Emotional Health”ကျန်းမာသော စိတ်နှင့် ခန္ဓာကို လော့ခ်ဖွင့်ခြင်းမိမိ၏စိတ်အခြေအနေကို မိမိကိုယ်တိုင် ဆန်းစစ်ခြင်းညတိုင်း melatonin (အိပ်ဆေး) တွေ သောက်နေရင်  အန္တရာယ်ရှိနိုင်ပါသလား???