Author's Profile Photo

ရာသက်ပန်(တောင်ငူဆောင်)

9/10/2024

      “ဘွတ်ကလုံ၊ခွေးနှင့် အဆင့်မြင့်လူ”

1 min read
General Knowledge
Art
Fiction
      “ဘွတ်ကလုံ၊ခွေးနှင့် အဆင့်မြင့်လူ”'s photo

      ညနေခင်းလေပြေလေညင်းကလေးက ဟင်းလင်းပြင် ပြတင်းပေါက်မှတစ်ဆင့် အရှိန်ပြင်းပြင်းဝင်လာပြီး ဆံနွယ်များကို တိုးတိုက်ကျီစယ်သွားသည်။သဘာဝလေ၏ အေးစိမ့်စိမ့်အရသာက ရင်ထဲအထိ တိုးဝင်ငြိမ်းအေးသွားပါသည်။ ဧည့်ခန်းပြတင်းမှာ တပ်ထားသည့် ဇာခန်းဆီးဖြူဖြူလေးက လေပြေ၏ ဆော့ကစားမှုကြောင့် လှုပ်ခတ်နေတာကို အဓိပ္ပာယ်မဲ့ငေးကြည့်မိနေသည်။မိုးက နှုတ်ဆက်၍ ဆောင်းလက်သို့ အပ်လုနီးနီးအချိန်အခါသမယမို့ ပတ်ဝန်းကျင်သည် စိမ်းစိုအေးမြလျက် ရှိသည်။ တောက်ပသော နံနက်ခင်း နေနှင့်အေးမြသော လေပြေတို့သည် ခြံထဲက သစ်ပင်များကို ကလူကျီစယ်နေသည်။ချိုးငှက်မောင်နှံ၊ ဆက်ရက်စုံတွဲနှင့် စာဝါလေးများ၊ အခြားအမည်မသိ ငှက်ကလေးများအပြင် ကာကီရောင် ဘွတ်ကလုံငှက်ကလေးများ ပျော်စံရာ ခြံကျယ်ထဲမှာ သူ့စိတ်တွေ ကြည်နူးရွှင်ပျလျက်ရှိသည်။ လူတွေက အတ္တရှေ့တန်းတင်တတ်လွန်းသောကြောင့် သူစိတ်ညစ်မိသည်။ ထိုအခါ ငှက်ကလေးများကိုထိုင်ကြည့်ပြီး ငေးမောနေရသည့် အချိန်များကို သူတမ်းတတတ်သည်။ စာဝါလေးများ၏ တေးဆိုသံက လေချွန်သံနှင့်တူလှသည်။ အကောင်နှင့်မလိုက်အောင် စွာကျယ်စွာကျယ်အသံပေးတတ်သော ဆက်ရက်များကိုလည်း သူကချစ်သေးသည်။

“ငါ့ဆီကို တစ်ကောင်တည်းတော့ မလာပါနဲ့ကွယ်. . . one for cry တဲ့။ ငါငိုရမှာ ကြောက်လို့ပါ” လို့ သူတို့ကို စကားပြောမိတတ်သည်။ တစ်ကောင်တည်းတွေ့ရင် “သွား. . . သွား ရည်းစားလေးကို အမြန်ပြေးခေါ်လာခဲ့” လို့ အရူးတစ်ယောက်လို သူပြောမိတတ်သည်။ တစ်ကောင်တည်းပေကပ်ကပ်လုပ်ပြီး တောက်တောက်တောက်တောက်နှင့် လျှောက်သွားနေသည့်အခါမျိုးမှာတော့ သူနှင့်အနီးတစ်ဝိုက်မှာ တွေ့တတ်သည့် အခြားငှက်တစ်ကောင်နှင့် ရောနှောပေါင်းစပ်ပြီး Two for joy လုပ်ပစ်လိုက်တတ်သည်။

        တစ်နေ့မှာတော့သူအလွန်အင်မတန် ပျော်ရွှင်သော ခြံထဲမှာ အံ့ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ခြုံပုတ်လိုဖြစ်နေသော အပင်နိမ့်နိမ့်ကလေးပေါ်မှာ လုံခြုံမှုကင်းမဲ့လျက် ရှိသော ငှက်သိုက်ကလေးတစ်ခု အမွေးအတောင် မစုံလင်သေးသော နီတာရဲငှက်ကလေးနှစ်ကောင်က သူတို့နှုတ်သီးချွန်ချွန်လေးများကို ဖွင့်ဟ၍ ကျီကျီကျာကျာ အော်မြည်လျက်ရှိသည်။ ထိုငှက်ကလေးများကို သူ့ အိပ်ခန်းပြတင်းပေါက်မှနေ၍ သူ မသိမသာ ချောင်းကြည့်နေမိသည်။ ထိုအချိန်မှာပဲ ငှက်ကလေးတို့ရဲ့ ဖေဖေနဲ့ မေမေဖြစ်သော ငှက်ဖို နှင့်ငှက်မက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာသည်။

သူတို့နှုတ်သီးများက ပိုးကောင်ကလေးများကို ကိုက်ချီလျက် . . . အာပြဲနှင့်အော်နေသောငှက်ပေါက်စကလေးများကမိဘတို့၏ အငွေ့အသက်ကို ခံစားမိပုံရသည်။မဖွင့်သေးသော မျက်စိနှစ်လုံးပြူးပြူးလေးများနှင့် နှုတ်သီးကိုဖြဲကာ အစွမ်းကုန်ပို၍အော်ကြသည်။ အမွေးမပေါက်သေးသော နီကာရဲ ကိုယ်လုံးလေးများနှင့်မလိုက်အောင်ပင် အော်နေကြသည်။ ငှက်ဖေဖေနှင့် ငှက်မေမေက သူတို့ရှာဖွေရလာသော အစာလေးများကို မစားရက်မသောက်ရက် ကိုက်ချီလာပြီး သားပေါက်လေးများအား ခွံ့ကျွေးသည်။ ကလေးမမှားစေရ။ တစ်ကြိမ်ခွံ့ပြီးသားကောင်ကို နောက်တစ်ကြိမ်မှာ မခွံ့ပေ။ အလှည့်ကျသဘောမျိုးဖြစ်နေသည်။
ကိုယ့်အတွက်သာ ငှက်သားပေါက်နှစ်ကောင်က အတူတူဖြစ်နေသည်။ ငှက်ဖိုနှင့်ငှက်မကတော့ ခွဲခြားတတ်သည်။ ငှက်ဖိုနှင့်ငှက်မသည် မိဘတာဝန်ကျေပွန်ရှာသည်။ မွေးထားလျှင် ရှာကျွေးရမည်ဟူသော သဘောကို နားလည်သည်။

ထိုမြင်ကွင်းက နံနက်ခင်းပန်းချီကားကို သန္တရသ ထည့်ပေးနေသည့်နှယ်။

ဟောငှက်ဖိုကြီး ပြန်လာပြန်ပြီ။ သူ့နှုတ်သီးမှာ ဘောက်ဖတ်လို ခပ်စိမ်းစိမ်းအကောင်လေးတစ်ကောင် ပါလာသည်။ ဘယ်လောက်စားစား မဝသေးသော အာပြဲစိန်နှစ်ကောင်က အော်နေဆဲ။ တစ်ကောင်ကိုရွေးပြီး ခွံ့ကျွေးသည်။ ငှက်ဖိုပျံသွားတော့ ငှက်မက ရောက်လာပြန်သည်။ သူ့နှုတ်သီးနှင့် ကိုက်ချီလာသောအစာကို ခုနက ငှက်ဖိုကြီးမကျွေးခဲ့သော အကောင်လေးကို ကျွေးသည်။ ထိုမြင်ကွင်းမှတစ်ဆင့် တရားမျှတသော မိဘမေတ္တာတရားကို စောကြောမိသွားဟောရသည်။ ငှက်ကလေးတွေကရော အတောင်အလက်စုံရင် မိဘတွေကို သိတတ်ကြပါရဲ့လား။ ခြေထောက်ချိမတတ် ဝပ်ထားရသော ငှက်မိခင်ကြီးရဲ့မေတ္တာ၊ ရှာဖွေကျွေးမွေးသော ငှက်ဖခင်ကြီးရဲ့ စေတနာ. . . ဒါတွေကို သူတို့ပြန်ပေးဆပ်ပါရဲ့လား။ အတောင်အလက်စုံတဲ့အခါ ချစ်သူတွေကိုယ်စီရှာပြီး တစ်အိုးတစ်အိမ်ထူထောင်လိုက်ကြရောလား။ အတောင်အလက်စုံတာနှင့် မိဘရင်ခွင်ကို ခြေစုံကန်လိုက်ရရောလား။ ငှက်မိဘများ အိုမင်းမစွမ်းဖြစ်တဲ့အခါမှာရောစောင့်ရှောက်ပါရဲ့လား။ ဆိုသည့်မေးခွန်းများက သူ့ရင်ကို ကြီးစိုးလွှမ်းခြုံထားတော့သည်။ ငှက်တို့ ရဲ့ လောကမှာတော့ ကျေးဇူးတရားဆိုတာ ချိုသလားချဉ်သလားပေါ့။ တိရစ္ဆာန်တွေကိုး။

           စေ့စေ့တွေးကြည့်တော့ တိရစ္ဆာန်တိုင်း ကျေးဇူးမကန်း. . . ဟူသောသဘောကို သွားတွေ့သည်။ သူတို့အိမ်က ခွေး “လုံးလုံး” လေးကတော့ကျေးဇူးသိတတ်လှသည်။ သူတို့ အိမ်က ငယ်မွေးခြံပေါက် ခွေးလေးသည် လမ်းဘေးခွေးမကပေါက်သော ခွေးကလေးဖြစ်သော်လည်း လူစကားမပြောတတ်တာ တစ်ခုကလွဲပြီးလူလိုသိတတ်လှသည်။ လူစကားကိုလည်း နားလည်သည်။လုံးလုံးကို သူ့ မောင်လေးက အလွန်ချစ်ပါသည်။ မောင်လေးသည် သင်္ဘောလိုက်သွားသဖြင့် နိုင်ငံခြားရောက်နေချိန်မှာပင် စာရေးသည့်အခါတိုင်း

         “ငါ့သားလေး လုံးလုံးကို သတိရတယ်၊ မရိုက်ပါနဲ့ဟာ”ဟု အမြဲပင်ထည့်ရေးတတ်သည်။ မောင်လေးဆုံးတော့ လုံးလုံးသည် မောင်လေးအခန်းရှေ့မှ မထတော့။ အစာလည်းမစားတော့။ ကျွန်မက ခွေးလေးကို ပြောပြောပြီး ငိုတော့ခွေးလေးမှာ မျက်ရည်တွေဝိုင်းလာသလို ထင်ရသည်။ လူဝင်လူထွက် ရှုပ်ထွေးနေသည့် အိမ်တွင် လုံးလုံးလေးသည် ယောက်ယက်ခတ်မနေ။ချောင်ကျကျတစ်နေရာတွင် ကုပ်နေခဲ့သည်။ အံ့ဩစရာမကောင်းပေဘူးလား။တိရစ္ဆာန်ပင်ဖြစ်သော်လည်း သူချစ်တဲ့သူအတွက် ဝမ်းနည်းကြေကွဲတတ်သည်။တတ်နိုင်လျှင် သူကကိုယ်စားသေပေးလိုက်ချင်သည်ဟုပင် ပြောနေသယောင်။လုံးလုံးမျက်နှာကို သူတစ်သက်မမေ့နိုင်တော့။

           သူတို့ထားဝယ်တက္ကသိုလ် သာဂရဆောင်မှာရှိသော အဘိုးကြီး၊မိနီ၊ လုံးလုံးဟုခေါ်ကြသော ခွေးသုံးကောင်၏စရိုက်မှာလည်း ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။ အထူးသဖြင့် ထမင်းကျွေးသည့်လက်ကိုပြန်မကိုက်ခြင်းပင်ဖြစ်သည်။ ဆရာမတွေက ထမင်းကျန်ဟင်းကျန်မရှိလျှင်ပင် ဆန်နှင့်ငါးခြောက်ကို ကျိုချက်၍ နေ့စဉ်ကျွေးသည်။ ကျေးဇူးတရား၏ အနှစ်သာရကို လူအချို့က မသိနိုင်သော်လည်း ခွေးတွေက သိသည်။ သူတို့အစာရေစာဝအောင် ကျွေးထားသူများကို သူတို့ချစ်ရမည်။ တွယ်တာရမည်။ တကပ်ကပ်နှင့် တကောက်ကောက်လိုက်နေရမည်ဟု သူတို့ကတင်ထားပုံရသည်။အဆောင်မှ ဆရာမများ ကျောင်းသွားချိန်သည် တစ်ယောက်နှင့်တစ်ယောက်မတူကြပါ။ အတန်းချိန်စောလျှင် စောသလို သွားကြရသည်။ ဘယ်သူသွားသွားသူတို့လိုက်ပို့ကြသည်။ တစ်ယောက်ကို လိုက်ပို့ပြီး၍ ပြန်လာသောအခါ လမ်းမှာ ကျောင်းသွားသည့် နောက်ဆရာမတစ်ယောက်နှင့်ဆုံလျှင် နောက်ကြောင်းပြန်လှည့်ပြီး လိုက်ပို့ပြန်သည်။ သူတို့မှာ ကူသယ်ခေါက်သယ်ဖြစ်နေသည်။ဆရာ ဆရာမအဆောင်(၄)ဆောင်ရှိရာ ထိုအဆောင်(၄)ဆောင်မှ ခွေးများသည် သူတို့နှင့် သက်ဆိုင်ရာ ဆရာဆရာမများကို လိုက်ပို့ကြရင်း ကျောင်းပေါ်မှာ ဆုံတွေ့ကြသည်။လေးထပ်ဆောင်အပေါ်ထပ်အထိ သူတို့တက်ကြသည်။ ညနေဘက်ဆရာမများလမ်းလျှောက်လျှင်လည်း ရှေ့ကပါသည်။

တစ်ခါတစ်ရံ လေးထပ်ဆောင်ကြီးကိုပတ်၍လျှောက်သည်။ အချိန်လည်းရမိုးလေလည်းကင်းစင်လျှင်တော့ အသွားအပြန် နှစ်မိုင်လောက်ရှိနိုင်သည့်ကျောင်းမုခ်ဦး၀ထိ လျှောက်ကြသည်။ ထိုအခါမျိုးမှာ ခွေးတွေက လေးထပ်ဆောင်ကို ပတ်လျှောက်မှာလား၊ မုခ်ဦးဘက်ထွက်မှာလားဆိုတာကို သိနိုင်ဖို့ နောက်မှာ ရှိနေသည့် ဆရာမများကို စောင်းငဲ့ကြည့်သေးသည်။ လေးထပ်ဆောင်ကို ပတ်မလိုလုပ်ပြီးမှ မုခ်ဦးဘက် ခြေဦးလှည့်လိုက်သည့်အခါမှာလည်းရုတ်ခနဲပြေးလာပြီး လမ်းကြောင်းပြောင်းတတ်ကြသည်။ အလွန်လည်ပြီး ချစ်စရာကောင်းလှသည့်ကောင်တွေ. . . သူတို့ ကျေးဇူးရှင်များကို သူတို့တတ်နိုင်သလောက် ကာကွယ်ပေးကြသည်။ စောင့်ရှောက်ကြသည်။ ဤသည်မှာ ခွေးဟူသော သတ္တဝါတို့၏ image လည်း ဖြစ်သည်။ အသိဉာဏ်နည်းလှသည်ဟု သတ်မှတ်ခြင်းခံထားရသော တိရစ္ဆာန်များထဲမှာမှ ခွေးသည်ကျေးဇူးသိတတ်မှုကြောင့် လူတွေ၏ ချစ်ခြင်းကို ခံရသည်။ လူလူချင်း မနာလိုတိုရှည်ဖြစ်တတ်ကြသည့် လူသားတွေပင် ခွေးတွေကိုတော့ အများအားဖြင့် သနားတတ်ကြပေသည်။ ခွေးဟူသော ပညတ်ချက်၏ နောက်ကွယ်တွင် ကျေးဇူးသိတတ်မှနှင့် သစ္စာရားကအလိုလိုကပ်ငြိပါလာတတ်သည်။

        ဘွတ်ကလုံ၊ ခွေး စသည့်တိရစ္ဆာန်တွေထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတာက လူတွေ. . .လူဟုဆိုလိုက်လျှင် အဆင့်မြင့်အသိဉာဏ်ရှိသောသူဟု ယေဘုယျနှလုံးသွင်းထားတတ်ကြသည်။ ‘အဆင့်မြင့်’ ဟူသော စကားလုံးသည်လူတွေ၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ရည်ကိုင်ရည် စိတ်နေသဘောထားအပေါ်ကြည့်ရှုဆက်ခံ၍ တန်ဖိုးသတ်မှတ်ထားခြင်း ဖြစ်သည်။ ငွေကြေးဥစ္စာ ပါဝါရာထူးဂုဏ်သိန်တွေ လျှမ်းလျှမ်းတောက်ရုံဖြင့် ထိုလူကို အဆင့်မြင့်” ဟူသောဝေါဟာရ သုံးသင့်ပါ၏လောဟူသော မေးခွန်းကို နေ့ရှိသရွေ့ အဖြေထုတ်ကြည့်နေမိတတ်သည်။

ကိုယ့်ထက်နိမ့်သူကို ခြေထောက်ဖြင့် မနင်းခြင်း။ ကိုယ့်မှာ မုန့်နှစ်ခုရှိလျှင် တစ်ခုကို အငတ်ဘေးဆိုက်သူအား ပေးကမ်းရဲခြင်း၊ သူတစ်ပါး၏ ကြေကွဲမှု ဆုံးရှုံးမှုကို ဝမ်းသာအားရမဖြစ်ခြင်း၊ ကိုယ်တက်ခဲ့သည့်လှေကားကို အညစ်အကြေးပေသော ခြေထောက်ဖြင့် ဆောင့်ကန်မပစ်ခြင်း၊သူများဆီက ယူပြီး ပြန်ပေးဆပ်ရန် မမေ့လျော့ခြင်း၊ သူတစ်ပါးအောင်မြင်မှုကို ဝမ်းနည်းပက်လက် မဖြစ်ခြင်းစသည့် အခြေခံလူစိတ်တော့ ရှိရပေမည်။သို့မှသာ လူဟု ထိုက်ထိုက်တန်တန် ခေါ်ထိုက်သောသူ ဖြစ်မည်လေ။ အဆင့်မြင့်လူကတော့ မည်သည့်အရာကိုမဆို သူ့ဘက်ကိုယ့်ဘက် မျှတစွာ စဉ်းစားခြင်း၊ မိမိတစ်ကိုယ်တော် အကျိုးအတွက် အများ၏ မျက်ရည်စက်များကိုမဖော်ခြင်း၊ ထိုဆေးကို မသောက်ရလျှင် သေမည်ဆိုလျှင် တောင်သေလမ်းကိုရဲရဲရင့်ရင့် ရွေးချယ်သူများ ဖြစ်ပေသည်။ အထူးသဖြင့် သူတစ်ပါး၏ ကျေးဇူးကို မှတ်ထားပြီး ကိုယ့်ကျေးဇူးကို မေ့ပစ်သူများလည်း ဖြစ်ပါ၏။ ကျေးဇူးတရားသိတတ်မှုသည် လူသားတို့အတွက် အရေးကြီးဆုံးဟု စဉ်းစားမိတိုင်း ခံစားမိလာသည်။

        If the only prayer you ever say in your life is 'Thank you' it will be enough (သင့်တစ်သက်တာလုံးမှာ သင့်ရဲ့ တစ်ခုတည်းသောဘုရားရှိခိုးဟာ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့ ဘုရားရှိခိုးဖြစ်ရင် အဲဒါဟာ လုံလောက်ပါပြီ) ဟူသော စာသားကို ဆရာတော်ဦးဇောတိက၏ ‘အလှတရားမှအမှန်တရားသို့ စာအုပ်တွင် ဖတ်ရသည်။ လူအများစုကတော့ နှုတ်ကျေးဇူးကို လွယ်လွယ်ပေးတတ်ကြသည်။ ဘတ်စ်ကားပေါ်တွင် အထုပ်များ မနိုင်မနင်းဖြစ်နေသူကို ကူညီကိုင်ပေးလျှင်ပင် ‘ကျေးဇူး’ ဟူသော စကားလေးတစ်ခွန်းလက်ခံရရှိတတ်သည်။ ထိုအပြုအမူသည် လူလူချင်း တတ်နိုင်သမျှ ကူညီခြင်းလည်း မည်ပေသည်။ ကူညီရသူအတွက်လည်း အထူးလေးပင်သော ကိစ္စမဟုတ်။ ကူညီရသူအတွက်လည်း ကျေးဇူးသိတတ်စရာမလို။ အလားတူအဖြစ်မျိုးကြုံလာလျှင် ကိုယ်က ကူညီနိုင်သူဖြစ်ပါက ဝန်မလေးသင့်ဟူသော အသိတရားကိုတော့ ယူတတ်ဖို့ လိုပါသည်။ ဒါကလည်း ပြုသူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့်ဆိုင်သော ကိစ္စဖြစ်ပေသည်။ သူကတော့ သံသရာကြွေးကို ပိုကြောက်သည်။

သည်ဘဝယူ​ခဲ့သော အကြွေးများကို သည်ဘဝတွင် ကျေအောင် မဆပ်နိုင်ပါက နောင်ဘဝထိ ဆက်ဆပ်ရလိမ့်မည်ဟု ယုံကြည်သည်။ လူသားတို့၏ ဘဝများသည် မည်မျှအထိ အာမခံချက်ရှိပါသနည်း။ ခုမြင်ခုပျောက် ဆန့်သောလက် မကွေးခင်၊ ကွေးသောလက် မဆန့်ခင် ဖြုတ်ခနဲ ကြွေလွင့်ရရှာသော ပန်းလေးတစ်ပွင့်လိုပဲဆိုတာ လူတိုင်းသိပေမယ့် တော်တော်များများကမေ့ထားတတ်ကြသည်လေ။ ခုဘဝ အသက်အိုးအိမ်စည်းစိမ်သည် မည်မျှကြာရှည်ခံစားရနိုင်မည်နည်း။ ရှင်ဘုရင် ရုတ်တရက် နတ်ရွာစံသွားသည့်အခါသူတောင်းစား ဗိုက်ထဲလည်း ဝင်စားနိုင်သည်။ လမ်းဘေးခွေးဗိုက်ထဲလည်းမျက်စိလည် လမ်းမှားရောက်သွားနိုင်သည်။ ကိုယ်နှိပ်စက်ညှဉ်းပန်းခဲ့သည့် လူသားတစ်ဦးဦးထံလည်း ကပ်ငြိနိုင်သည်။ မိမိပယောဂကြောင့် ခင်ပွန်းသေသွားခဲ့ရသော မုဆိုးမတစ်ဦးထံဝင်စားပြီဆိုပါစို့။ ထိုသူသည် ကိုယ်နှိပ်စက် ညှဉ်းပန်းခဲ့သောသူ၏ မိသားစုဝင်အဖြစ် ခံစရာရှိသည်များကို ဆက်ခံကြရဦးမည်။တကယ်တော့ သေခြင်းနှင့်ရှင်ခြင်းသည် နံရံတစ်ချပ်သာ ခြားထားလေသည်။ထိုသဘောကို စေ့စေ့တွေးကြည့်လျှင် ခံစားသိမြင်နိုင်ပါသည်။ ထို့ထက်ပိုပြီးအဆင့်နိမ့်လျှင် ထိုအိမ်က ခွေး၊ ကြောင်တစ်ကောင်ကောင်၏ ဗိုက်ထဲရောက်သွားနိုင်သည်။ ခွေးအဖြစ်၊ ကြောင်အဖြစ်၊ နွားအဖြစ် ဆက်လက်၍ ဆပ်ပေတော့ပဲ။ လောကကြီးက အလွန်တရားမျှတပါသည်။ တစ်ခုယူလျှင် တစ်ခုပေးရမည်။

ကြွေးယူလျှင် ပြန်ဆပ်ရမည်။ သည်ဘဝ မဆပ်နိုင်လျှင် နောင်ဘ၀ဆပ်ပေတော့။ နိုင်ငံခြားရောက် အဆိုတော်တစ်ဦး၏ ‘စိုက်ခဲ့သမျှ တို့ ရိပ်သိမ်းရတော့မယ်” ဆိုသည့် သီချင်းစာသားလေးကို သတိရမိပြန်သည်။ ကိုယ်ဘာစိုက်သလဲ။ တရားကို စိုက်ပါက တရားကိုရိတ်ရမည်။ စပါးကိုစိုက်ပါက စပါးကို ရိတ်ရမည်။ ကြက်ချက်လျှင် ကြက်စားရမည်။ ကန်စွန်းရွက်ကြော်ထားပြီး ငါးပိရည်နှင့် စား၍မရ။ ဒါက မြင်သာသော ဥပမာများပါ။ သက်ရောက်မှုတိုင်း၏ တန်ပြန်သက်ရောက်မှုသည် တစ်နည်းနည်းနှင့်တော့ ရှိနေဆဲပင်။ကိုရီးယားရုပ်ရှင်ကားထဲက ကုမ္ပဏီရုံးခန်းနံရံမှာ အသံလွှင့်ဌာန နံရံမှာ ကပ်ထားသော စာသားလေးကို မှတ်မိနေသည်။ အလွန်နှစ်သက်သဘောကျသောကြောင့် လက်တွေ့ နှလုံးသွင်း လေ့ကျင့်ဖြစ်သော စာသားလေးလည်း ဖြစ်ပါသည်။ Test yourself! တဲ့။ ‘မိမိကိုယ်ကို ဆန်းစစ်ပါ' ဟု ဘာသာပြန်လျှင်ဆီလျော်မည် ထင်သည်။ အဓိကက ကိုယ့်မှာ ကျေးဇူးကြွေးရှိမရှိ ပိုဆန်းစစ်သင့်သည်။ ပါမောက္ခ Dr. ခင်မောင်ဝင်း ညွှန်းဆိုသော စကားလေးကို သတိရမိပြန်သည်။

       Unexamined Life is not Life. It is existence. (မဆန်းစစ်ဘဲ နေတဲ့ဘဝဟာ တကယ်တော့ ဘဝမဟုတ်ဘူး) တဲ့။ လူတွေဟာ ကိုယ်တက်ခဲ့တဲ့ လှေကားကိုတော့ ပြန်ငုံ့ကြည့်သင့်တာပေါ့။ လူတွေဟာ ကိုယ့်ဘယ်ဘဝကလာတယ်ဆိုတာကိုရော မမေ့သင့်ဘူးပေါ့။

       အမှိုက်ပုံထဲက ပုလင်းကွဲစတွေကများ အုတ်တံတိုင်းပေါ် ရောက်ကာမှစှ စူးစူးဝါးဝါး မာန်ဖီပြလို့ . . . ဆိုတဲ့ နရီမင်းရဲ့ ကဗျာတစ်ပိုင်းတစ်စကိုလည်း သတိရမိပြန်သည်။ မီးဘုရင်မရဲ့ ဈာပနဆိုတဲ့ကဗျာစာအုပ်လေးထဲကပါ။ အလွတ်ရနေတာကို ချရေးလိုက်တာမို့ ကဗျာစာသား အတိအကျမဟုတ်ရင်လည်း ခွင့်လွှတ်စေချင်ပါသည်။ သူတို့ပတ်ဝန်းကျင်မှာ သူတို့သွားသည့်နေရာတိုင်းမှာ အုတ်တံတိုင်းပေါ်က ပုလင်းကွဲစတွေ မာန်ဖီနေတာကိုတွေ့တိုင်း အဲဒီကဗျာစာသားလေးက စိတ်ထဲရောက်ရောက်လာသည်။ နှုတ်ဖျားမှာလည်း ညည်းညူမိသည်။ ကျေးဇူးကန်းသူတွေဟာ တကယ်တော့အမှိုက်ပုံထဲက ပုလင်းကွဲစတွေပါ။ သူဌေးကြီးခြံထဲကို သူခိုးမဝင်နိုင်အောင်ကာကွယ်နေရသူတွေပါ။ ဒါပေမယ့် အမှိုက်ပုံဆိုတဲ့ ညစ်ပတ်စုတ်ပြတ်နံစော်နေသည့်နေရာကလာပြီး နည်းနည်းပိုမြင့်သည်ဟု ယူဆရသော အုတ်တံတိုင်းပေါ်ရောက်ကာမှ သခင်အားရအောင် ကျွန်ပါးဝပြနေရတာပါ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရကောင်းမှန်း မသိကြတော့။ အနှီကဲ့သို့သော သူများကား“အဆင့်မြင့်” ဟူသော ဝေါဟာရနှင့် ဘယ်လိုမှ မအပ်စပ် ပနံမတင့်လှသောသူများသာတည်း။ အမှိုက်ပုံထဲက ပုလင်းကွဲစ စိမ်းစိမ်းတွေ အုတ်တံတိုင်းပေါ်မှာ မာန်ဖီနေတာတွေ့တိုင်း ကျေးဇူးကန်းသူတို့၏ ပုံရိပ်ကို မြင်မြင်နေတတ်သည်။

ကျေးဇူးကြွေးသည် ခုဘဝ မဆပ်နိုင်ပါက နောက်ဘဝ ဆပ်ရမည်ဆိုတာ ဆင်ခြင်ကြည့်ဖို့ကောင်းသည်။ ကျေးဇူးကန်းသူများက မျက်ကန်းတစ္ဆေမကြောက်သလို နောင်ဘဝဆိုတာကိုလည်း ကြောက်ပါမည်လား။ စဉ်းစားစရာရှိပါသည်။ ယုံချင်ယုံ. . . မယုံချင်နေ. . . ကြုံလာရင် သိပါလိမ့်မည်။ `ဒုက္ခကပျားရည်လိုချိုတယ်' ဆိုတာ သီချင်းပါ။ တကယ် မချိုပါဘူး။ ကျေးဇူးကန်းသူများ၏ ဒုက္ခဆိုတာကလည်း ပျားရည်မဟုတ်တာတော့ သေချာပါသည်။

ရာသက်ပန်(တောင်ငူဆောင်)




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း