ချမ်းချမ်း
ယနေ့ အောက်တိုဘာလ "၅ရက်" နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ ငယ်ရွယ်စဉ်မှစလို့ ယနေ့အချိန်အထိ ပညာသင်ကြားပေးခဲ့ကြသော ဆရာ၊ဆရာမများ နှင့် ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ရှိခိုးကန်တော့လိုက်ပါတယ်ဗျာ...
ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနစ်မှ စတင်ပြီး သတ်မှတ် ခဲ့တာ ယခု ၂၀၂၄ ခုနစ်မှာဆိုရင် (၃၀)နှစ်ပင်ပြည့်မြောက်ခဲ့ပါပြီ။
ဆရာများရဲ့ ဂုဏ်ကျေးဇူးဟာဆိုရင် စာဖွဲ့၍ပင် မကုန်နိုင်အောင် ကြီးမားလှသကဲ့သို့ မည်သည့်အခါမှလည်း မမေ့သင့်မ မေ့အပ်ပေ။
ကမ္ဘာ့ဆရာများနေ့မှာသာမက နေ့ရက်တိုင်းမှာ ဆရာများ၏ ကျေးဇူးဂုဏ်ကို အောက်မေ့တမ်းတ ရင်း ရှ်ိခိုးကန်တော့အပ်ပါပေတယ်။
ဆရာဆိုတာ ပန်းကလေးတွေ ပွင့်လန်းဝေဆာဖို့ စိုက်ပျိုးပြုစုပေး တဲ့ ဥယျာဉ်မှူးများနှင့် တူ ပါတယ်။
တပည့်များဆီက မည်သည့်အရာကိုမျှ မျှော်မှန်းခြင်းမရှိပဲ ကိုယ်ပြုစုပျိုးထောင်ပေးလိုက် တဲ့ပန်းကလေး တွေ ငွားငွားစွင့်စွင့် နှင့် ပွင့်လန်းဝေဆာနေလျှင် ပီတိများနှင့် အားရှိနေသူများဖြစ်သည်။
ဆရာ၊ဆရာမများအား လုံးကို အစဉ်အမြဲ သတိရအောက်မေ့လျက် ကဗျာလေးနဲ့ ဂုဏ်ပြုကန်တော့လိုက်ပါတယ်...
"ဆရာသခင် ကျေးဇူးရှင်"
ကြီးလှကျေးဇူး ၊ မြင်းမိုရ်ဦးနှယ်
တစ်ဂိုဏ်းတည်းထား ၊မြတ်ဘုရားနှင့်
အနတ္တမေတ္တာ ၊ ဝေမျှကာဖြင့်
သားသမီးပမာ ၊ ယုယကြင်နာ
ချော့ကာ ခြောက်ကာ
သင်ကြားပေးသည်
စာသင်ရုံမက ၊ သုတရသ
နှလုံးလှအောင် ၊ပြသဖွေရှာ
နာများစွာဖြင့် ၊ပဲ့ပြင်ပေးကာ
လျှောက်ရမည့်လမ်း၊ မကြမ်းတမ်းအောင်
လမ်းညွှန်ပြသ ၊ ဆုံးမပေးသည်
တပည့်များစွာ၊ သူ့ထက်သာအောင်
မသိပညာ သူလေ့လာပြီး
ပုံဖော်သွန်းပြု၊ အလှစုအောင်
ကောင်းစွာထုဆစ် ပုံဖော်ကြသည်
ယဉ်ကျေးလိမ္မာ ၊ရည်မွန်စွာဖြင့်
ဆုံးမသွန်သင်၊ အတတ်သင်ပေး
တပည့်ရှေ့ရေး၊ မျှော်တွေးပေးကာ
ဥယျာဉ်မှူးပမာ ၊ ပြုစုကြင်နာ
ပီတိကိုစား အားပြုရှာသည်
သတ္တလောက ၊ နွေးထွေးစေဖို့
သူရိန်နေမင်း အလင်းပေးသလို
ညကမ္ဘာလေး ၊ လှပရေးအတွက်
စန္ဒာလမင်း အလင်းပေးရ
ထိုနည်းတူစွာ
တပည့်များဘဝ လှပတိုးအောင်
ဆရာမြတ်ကား ၊ ဖယောင်းတိုင် ပမာ
အလင်းပေးရှာ...
ဆရာများ၏ ဂုဏ်ကျေးဇူးကား
ဖွဲ့နွဲ့မကုန် ၊ ကြီးမားလှပေ
ထိုမျှကြီးမား ဆရာဂုဏ်ရည်ကို
တပည့်မြတ်နိုး ၊ လက်စုံမိုး၍
စိတ်မှာ ရိုကျိုး၊ ရှိခိုးကန်တော့ပါသည်..
ဆရာသခင်ကျေးဇူးရှင်...
#Chan Chan
Keep Reading