မြ (စံကားဝါမြေ)
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဟူသော အနန္တော အနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ရုံသာမက (၃၈)ဖြာ မင်္ဂလာတရားတော်တွင်လည်း “ပူဇာစ ပူဇနေယျာနံ” (ပူဇော်ထိုက်သူကို ပူဇော်ခြင်း) ဆိုသည့်အတိုင်း ဆရာများ၏ ဂုဏ်ကျေးဇူးကြီးမားပုံကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် “မေရု” ဟု ခေါ်တွင်ပြီး ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ကြီးနှင့် နှိုင်းယှဥ်ကြည့်လျှင် ထိုမြင်းမိုရ်တောင်ကြီးသည် ပေါက်ကာစ နွားဦးချိုလောက်သာ ရှိပါလိမ့်မည်ဟု ဆရာ/မများ၏ ဂုဏ်ကျေးဇူးကို တင်စားလိုက်ရပါသည်။
“ဆရာ” ဟူသော ဝေါဟာရသည် “ဆာယာ” ဟု ခေါ်သော ပါဠိစကားမှ ဆင်းသက်လာပြီး “တပည့်အပေါင်းတို့ ခိုနားရာ အေးရိပ်ပေးသူ” ဟု တင်စားနိုင်ပါသည်။ ”ဆ” ဟူသည် ချိန်ဆခြင်း၊ နှိုင်းဆခြင်းသဘောဖြစ်ပြီး “ရာ” ဟူသည် အရာခပ်သိမ်း၊ အရာအားလုံး၊ အကဲဖြတ်ခြင်းသဘောကို ဆောင်ပါသည်။ ထို့ကြောင့် “ဆရာ” ဆိုသည်မှာ “အရာခပ်သိမ်း၊ အရာအားလုံးကို ချင့်ချိန်ပြီး နှိုင်းဆတွေးခေါ်ကာ ကျွန်မတို့ လူသားအားလုံးအတွက် အလင်းပေးဆောင်သူ” ဟုလည်း မြန်မာအဘိဓာန်ကျမ်းတွင် ဆရာ/မများ၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးထားပါသည်။
ဆရာ/မများထံသို့ လူမှုအလွှာအသီးသီးက တပည့်များလာရောက်ပြီး ပညာသင်ယူကြပါသည်။ ဆရာ/မများသည် လူမျိုး/ဘာသာမရွေး၊ နေရာဒေသမရွေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ တစ်သွေးတစ်သားတည်း သင်ပေးကြပါသည်။ ထိုအထဲတွင်
- အကျင့်မကောင်း စာမတော်သူ၊
- အကျင့်မကောင်းပေမဲ့ စာတော်သူ၊
- အကျင့်တော့ ကောင်းပေမဲ့ စာမတော်သူ၊
- အကျင့်လည်းကောင်း စာလည်းတော်သူ
ဟူ၍ လူအမျိုးမျိုး ပါဝင်ကြပါသည်။
ဆရာကောင်း၊ ဆရာမြတ်များသည် “စေတနာ၊ ဝါသနာ၊ အနစ်နာ၊ စာဖတ်နာနဲ့ အကြင်နာ” ဟူသော နာ(၅)နာအပြင် သူတော်ကောင်းတရား(၇)ပါးဖြစ်သည့် “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တမ္ပ” တို့နှင့်လည်း ပြည့်စုံကြပါသည်။ ထို့အပြင် ဆရာ/မများ၏ ရင်ထဲတွင် “ငါသင်တာ ကလေးတွေ လိုက်ရောလိုက်နိုင်ပါ့မလား၊ နားရောလည်ကြပါ့မလား၊ ငါသင်တာ လိုအပ်ချက်များ ရှိနေမလား” အစရှိသော မေးခွန်းပေါင်းမြောက်မြားစွာနှင့် ကလေးတွေအတွက် တွေးပူနေကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။
မြန်မာ့ယဉ်ကျေးမှုတွင် ဆရာဆိုလျှင် မိဘများသာမက ရဟန်းရှင်လူအပေါင်း အချိန်၊ နေရာမရွေး လေးစားအပ်သောကြောင့် ဆရာများ၏ "သီလဂုဏ် မှန်ရောင်၊ သမာဓိဂုဏ် ကျောက်တောင်၊ ပညာဂုဏ် တန်ဆောင်" များ ထွန်းလင်းစေခဲ့ပါသည်။ မန်လည်ဆရာတော်ဘုရားကြီးသည် မဃဒေဝအလင်္ကာတွင် -
❝ ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့။ ။ ❞
ဟူ၍ ဆရာ/များ၏ ဂုဏ်ကျေးဇူးကို တင်စားထားပါသည်။ အဓိပ္ပာယ်မှာ မေတ္တာ၊ ကရုဏာကို ရှေ့ထားပြီး နာကျင်မှုများအား သည်းခံကာ အပြစ်မြင်လျှင် ဝမ်းတွင် သိုသိပ်မထားဘဲ အဟုတ်အမှန်ပြော၍ ကောင်းကျိုးဖြစ်ထွန်းစေရန် ဆိုဆုံးမပေးတတ်သောသူဟု ဆိုလိုပါသည်။
ထိုကဲ့သို့ ဆရာများ၏ ဂုဏ်ကျေးဇူးကြီးမားပုံကို စကားပုံအချို့နှင့် တင်စားချင်ပါသည်။ ခေတ်အဆက်ဆက်တွင် ပညာရှင်အသီးသီးများက ဆရာ၏အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့ကြပါသည်။ ဂရိတွေးခေါ်ပညာရှင် ပလေတိုသည် "မီးတုတ်ကြီးများ ကိုင်ဆောင်လျက် အခြားမီးတုတ်ပေါင်းများစွာကို ကူးစက်လင်းလက်ပေးသူမှာ ဆရာဖြစ်သည်" ဟု တင်စားထားပါသည်။ ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းကပင် ရွှေကျင်ဆရာတော်ကြီးသည် "တပည့်များ ရိုညွတ်တွားလျက် လေးစားခညောင်းသော ဆရာကောင်းသည် တပည့်များကို လိမ္မာရေးခြားရှိသဖြင့် ချစ်မြတ်နိုးအပ်သည်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် မီးအရှိန်ကြီးဖြင့် ကျောက်ထီးပမာ လွန်စွာခန့်ညားရသည်လည်း ဖြစ်၏" ဟူသော ကျမ်းလာဂုဏ်အင်္ဂါ(၇)ပါးကို မိန့်ဆိုခဲ့ပါသည်။
အခြားဆရာများနှင့်ပတ်သက်သော ဆောင်ပုဒ်များမှာ - "ဆရာကောင်းတပည့် ပန်းကောင်းပန်" ဟူသည်မှာ တပည့်များအား ဘဝလမ်းညွှန်ပေးသူ၊ နည်းလမ်းကောင်းများပေးသူ၊ အကြံပြုသူ၊ တီထွင်ကြံဆသူ၊ ပုံပြောကောင်းသူများဖြစ်ပြီး တပည့်မကောင်းလျှင် ဆရာ့ခေါင်းပင် ဖြစ်ပါသည်။
ဆရာများသည် "တစ်ပြားမရှိ တပည့်မရှား" ဆိုသကဲ့သို့ မိမိမှာ ပိုက်ဆံတစ်ပြားမှ မရှိခဲ့လျှင်တောင်မှ တပည့်သည် (လုံးဝ) ရှားသွားလိမ့်မည် မဟုတ်ပေ။ "ပီတိကိုစားပြီး အားရှိနေသူများ" ပင် ဖြစ်ပေသည်။ ဆရာများ၏ ဘဝသည် "ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ၊ ပညာဒါန ပေးဝေငှ" နေသူများဟု တင်စားလျက် ကျွန်မ၏ ယခုစာလေးနှင့် ကျေးဇူးရှင် ဆရာ/မများအား ရှိခိုးကန်တော့လိုက်ရပါသည်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
5.10.2024(Saturday)
Keep Reading