သင်္ကေတ
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အသစ်အဆန်းတွေပေါ်လာပြီး အဟောင်းတွေ ပျောက်ကွယ်သွားကြသည်။ အချို့အရာများသည်ကား "အသစ်တွေဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်တည်" ဟုဆိုသော မြန်မာဆိုရိုးစကားအတိုင်း မပျောက်ပျက်ဘဲ တည်ရှိနေကြသည်။ ဘယ်အရာတွေသည် ပျောက်ကွယ်သွားပြီး ဘယ်အရာတွေသည် ပေါ်ပေါက်လာသလဲဆိုသည်များကို နိုင်ငံသားတစ်ယောက်အနေနဲ့ သိရှိနေရမည်။ မိမိနိုင်ငံကြီးမှာ မည်သည့်အရာတွေဖြစ်နေသလဲဆိုတာကို စောင့်ကြည့်နေတတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကျွန်မသည်လည်း မြန်မာနိုင်ငံမှာ နေထိုင်နေသော မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ ဤဆောင်းပါးတွင် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် အဖြစ်အပျက်များထဲမှ သတိထားမိသောအရာများကို အနည်းငယ် ဖော်ပြသွားမည် ဖြစ်သည်။
ပျောက်ပျက်လာသော အရာများမှာ မြန်မာ့သမိုင်း(သမိုင်းဖျောက်ခံရခြင်း)၊ မြန်မာ့ယဉ်ကျေးမှု(အခိုးခံရခြင်း)၊ ကိုးကွယ်ယုံကြည်မှု(ဗုဒ္ဓဘာသာ)၊ မြန်မာ့စာပေ(စာအရေးအသား) တို့ပဲဖြစ်ပါသည်။
➟ ပထမဦးဆုံးအနေဖြင့် မြန်မာ့သမိုင်းဆိုသည်မှာ ကျွန်မတို့နိုင်ငံ၏ ခေတ်အဆက်ဆက် တိုင်းပြည်ကို အုပ်ချုပ်၊အုပ်စိုးခဲ့သောလူများ အကြောင်း၊ သူတို့လက်ထက်များ၌ တိုင်းပြည်ကို မည်သည့်အရာတွေလုပ်ပေးခဲ့သည်ဆိုသောအကြောင်းများ၏ အဖြစ်မှန်၊သမိုင်းမှန်များ မရှိတော့ခြင်း၊ ရှိနေသောအရာများကိုလည်း လွယ်လွယ်နှင့် တန်းယုံကြည်၍မရနိုင်ခြင်းများ ဖြစ်သည်။
လူငယ်များအနေနှင့်လည်း အဖြစ်မှန်များကို သိရဖို့၊ လိုက်လံဖော်ထုတ်ဖို့ စိတ်ဝင်စားမှုမရှိကြတော့ချေ။ ကျွန်မတို့ ကျောင်းပညာရေးတွင် သင်ရသော ဘာသာရပ်များထဲ၌ သမိုင်း ကို သင်ကြရသည်၊ သင်ပြီးသောအခါ ကျက်ကြရသည်၊ ကျက်ပြီးတော့ စာမေးပွဲဖြေကြရသည်၊ အဘယ်ကြောင့် သမိုင်း ဘာသာရပ် ကို သင်ကြရသည် ဆိုသောအချက်ကိုမူ သိကြသော ကျောင်းသူ၊ကျောင်းသား အနည်းငယ်သာ ရှိသည်။ “သမိုင်းကို ဘာလို့သိသင့်တာလဲ” ဆိုသော မေးခွန်းကို စာရေးဆရာမောင်သာရ မှ မြန်မာသမိုင်းပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာ ဦးသန်းထွန်းကို မေးခဲ့ဖူးသည်၊ ထိုအခါ ဆရာကြီးမှ “မအ,အောင် သမိုင်းသင်ရတယ်” ဟု ဖြေကြားခဲ့ပါသည်၊ ဤစကားမှာ ကျော်ကြားလှသော စကားတစ်ခွန်းဖြစ်သည်။ အပေါ်ယံသာ နားလည်ထားမည်ဆိုလျှင် သမိုင်းဆိုတာ အုပ်ချုပ်သူ အာဏာရှင်များ၏ လိမ်လည်မှုများမှာ မခံရအောင်၊မအ,အောင် သိကိုသိထားသင့်သည်ဟု ဆိုလို၍ရပါသည်။
✰ ဒုတိယတစ်ခုမှာ မြန်မာ့ယဉ်ကျေးမှု။
တိုင်းပြည်တစ်ပြည်၏ ယဉ်ကျေးမှု အမွေအနှစ်၊အစဉ်အလာများဆိုသောအရာများ မရှိတော့လျှင် တိုင်းပြည်ကြီးမှာ ဗလာစာရွက်အလွတ်သာသာအနေနှင့်သာ ရှိမည်။ထိုစာရွက်ကိုပင် မထိန်းသိမ်းကြ၍ ကြာလာလျှင် ပျက်စီးသွားမည်သာဖြစ်သည်။ တိုက်ရိုက်ဆိုလျှင် တိုင်းပြည်ကြီးပျက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ရာသီအလိုက် ၁၂ ရာသီပွဲတော် များရှိကြသည်။ ယခုချိန်ခါတွင် ကျင်းပပြုလုပ်နိုင်ကြသော ပွဲတော်များမှာကား မစုံတော့ပါ။ ရင်နာစရာကောင်းသော အခြင်းအရာတစ်ခုမှာမိမိနိုင်ငံ၏ပွဲတော်တစ်ခု တိုက်ရိုက်အခိုးခံလိုက်ရခြင်းဖြစ်သည်။
ဘယ်အရာများ ထပ်ပါဦးမည်လဲ။
မြန်မများ၏ ကြည်နူးဖို့ကောင်းသော အစဉ်အလာများထဲမှ ဝါလကင်းလွတ်ချိန်များမှာ ကျင်းပကြသော တရားပွဲတော်များ၊စာပေဟောပြောပွဲများ၊ စာပေပွဲတော်များ၊ စသဖြင့် ဘယ်ရောက်သွားကြသလဲ။
ထိုအရာများအစား ရောက်လာသောအရာများမှာ နေရာတိုင်း၌ အလှမီးမျိုးစုံနှင့်လူအများ၏ အာရုံ၊စိတ်ကို ဖမ်းစားလာသော Bar , KTV , Night Club များပင်ဖြစ်သည်။ လူသားအချင်းချင်း ဒုက္ခရောက်လျှင် ကူညီရမည်၊၊ဖေးမရမည်ဆိုသော အလေ့အထ ကိုယ်ချင်းစာတရားများ၊ မကူညီဘဲ နေလိုက်လျှင် ဖြစ်လာမည့် မိမိ၏ အရှက်သိက္ခာ ဆုတ်ယုတ်လာမည်များ ဘယ်ရောက်သွားကြကုန်သလဲ။ ☞ တို့မြန်မာတွေ သိသင့်ကြပါပြီ။
➟ တတိယအချက်သည် ဘာသာရေး ကိုးကွယ်ယုံကြည်မှု။ မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်ကြသည်မှာ ဗုဒ္ဓဘာသာဖြစ်သည်။
ကိုးကွယ်ကြသောလူတွေရေ... ဗုဒ္ဓဘာသာ ဟူသည် မည်သည်နည်း။ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုပဲ ဖြစ်နေဆဲလား၊၊ အပြင်မှာ မြေကွက်နေရာများရှာပြီး ဘုရား လိုက်တည်နေကြဆဲလား။
ကျွန်မနားလည်ထားသော ဗုဒ္ဓဘာသာဝင်မှာကား ဗုဒ္ဓ၏တရားတော်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်သူများပါ။ ဗုဒ္ဓဘုရား၏တရားတော်(စကားတော်)များကို ဗုဒ္ဓဘာသာ ဟုခေါ်သည်။ အပြင်၌ ဘုရားတည်နိုင််ခြင်း မတည်နိုင်ခြင်းထက် ရင်ထဲ၌ ဘုရားတည်နိုင်ကြရန် ပိုအရေးကြီးပါသည်။
နေရာအနှံ့ ဘုရား၊စေတီများလိုက်တည်၊ ဘုရားများလိုက်ဖူးကြပြီး မိမိအိမ်မှ ဘုရား ကိုရော မှန်မှန်ဦးချကြရဲ့သလား။
တချို့ ဘုန်းကြီး (ဘုရားသားတော်) များသည် ဗုဒ္ဓဘုရားချမှတ်ထားခဲ့သော ဝိနည်းတော်များ အတိုင်း လိုက်နာခြင်းမရှိကြဘဲ ဗုဒ္ဓဘာသာဟု ဆိုသော အသိုင်းအဝိုင်း society ထဲ၌ နေနေကြခြင်း။ တကယ့် အစစ်အမှန်များ ဆိုတာထက် အယောင်ဆောင်များ ပိုများလာသည်။
မကောင်းမှုများရှောင်၊ ကောင်းမှုများ ပြုလုပ် ဆောင်ရွက်၊ စိတ်ကို ဖြူစင်အောင်ထားပြီး နေထိုင်လိုက်ပါ။ မင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားပါပြီ။ ကျန်သောအရာများ ခဏထားလိုက်ပါ။ တို့မြန်မာများ ဒီအရာကို ဦးစွာပထမ နှလုံးသွင်းပြီး လုပ်ကြဖို့ လိုအပ်နေပါပြီ။
☞ မြန်မာနိုင်ငံကြီးရေ မင်းအတွက် ခေါင်းထဲ ခဏထည့်လိုက်လျှင် ရင်လေးစရာကြီးတွေ ပါပဲလား..
✰ နောက်ဆုံးအချက်အနေနဲ့ မြန်မာစာပေ (စာအရေးအသား) ပါ။
ကျွန်မတို့ မြန်မာနိုင်ငံကြီးသည် ကိုယ်ပိုင်စာပေ ကိုယ်ပိုင်စကားနဲ့ ရပ်တည်နေသော နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ပါသည်။ လွတ်လပ်ရေးမရခင်ကိုလိုနီခေတ်တွင် မြန်မာများသည် ဗမာပြည်သည် တို့ပြည်၊ဗမာစာသည် တို့စာ၊ဗမာစကားသည် တို့စကား၊တို့ပြည်ကိုချစ်ပါ ဟုဆိုကာ ကြွေးကြော််ခဲ့ကြသည်။ စာပေများသည်လည်း တိုးတက်လာခဲ့သည်။ စာရေးဆရာကြီးများ၏ စာပေများသည် ဆန်းသစ်ပြောင်မြောက်လာခဲ့သည်၊ ယခုခေတ်လူငယ်တချို့သည် စကားလုံးများအား ပြောင်းလဲကာ အသစ်ဆန်းထွင်လာကြသည်၊ နိုင်ငံခြားသားများအတွက် လုပ်ပေးထားသော Myanglish ကို အသုံးပြုရေးလာကြသည်၊ slang ဗန်းစကားများ အသုံးများလာကြသည်၊ အချို့ကား ဆဲရေးတိုင်းထွာမှုများပါ ပြောဆိုနေကြသည်၊ ဤအရာများသည် တိုင်းပြည်အားပျက်ပြားစေသော အပြုအမူများပင်ဖြစ်ပါသည်။
ဒီ့အပြင်မြန်မာနိုင်ငံတွင်တွင်းထွက်ပစ္စည်းများ ပေါကြွယ်လှပါသည်ဟုဆိုသည်များလည်းမရှိသလောက်ဖြစ်နေပြီ။ နိုင်ငံ၏ သဘာဝသယံဇာတများလည်း လျော့နည်းသထက် လျော့နည်းလာနေပြီ၊ သစ်ပင်၊တောတောင်၊ရေမြေများ ပျက်စီးလာနေပြီ နေပြီ ဖြစ်လေသည်။ ထို့ကြောင့် နိုင်ငံသားများအနေဖြင့် မိမိတိုင်းပြည်အား ကိုယ်တတ်နိုင်ရာဘက်မှ ပြုပြင်ထိန်းသိမ်းပြီး နေကြရမည် ဖြစ်သည်။ ထိုသို့လုပ်ရန် မိမိကိုယ်တိုင်မှ စတင်လိုက်ပါဟု တင်ပြရေးသားလိုက်ပါသည်။
စာဖတ်သူများအား ထာဝစဉ်လေးစားလျက်...
ဤစာကိုဖတ်ပြီး၍ ဦးနှောက်ထဲ၊ရင်ထဲ၌
တစ်ခုခုကျန်လျှင် စာရေးသူကျေနပ်အံ့။
Oct 2 Wednesday 2024
6:32PM @Ag #သင်္ကေတ
Keep Reading