ရွှေဥဒေါင်း
လွန်ခဲ့သောနှစ်က လူထုသတင်းစာတွင် “ကျွန်ုပ်၏အတွေ့အကြုံနှင့် အတွေးအခေါ်များ”ဟူသော ဆောင်းပါးခန်း၌ ကျွန်ုပ်၏နေအိမ်ဘုရားစင်အနီးတွင် ဖယောင်း ပုဆိုး ခင်းကျင်းထားသည့် ဧည့်ခန်းသို့ ခုံဖိနပ်ဘုံဘိုင်ရေ ဖိနပ်များစီး၍ တက်ကြသော လူငယ်များအကြောင်း ရေးသားဖူးရာ ခေတ်ပညာတတ်မဟုတ်သည့် လူကြီးတစ်
ယောက်သည် ကျွန်ုပ်ထံသို့လာရောက်၍ အောက်ပါအတိုင်း ဆွေးနွေးကြသည်။
“ခေတ်လူငယ်တွေ ရိုင်းစိုင်းပုံအကြောင်း ဆရာကြီးရေးထားတဲ့ ဆောင်းပါးကို ကျွန်တော် သဘောကျတယ် ခင်ဗျ။ ဆရာကြီးက အရှေ့တိုင်းယဉ်ကျေးမှုကို ပိုပြီး အလေးပေးပုံရတယ်။ ဟုတ်ကဲ့လား ခင်ဗျာ”
“ကျွန်တော်က လူတစ်မျိုးပဲဗျ။ ယဉ်ကျေးမှုမှာ ဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားမှာပဲ ဖြစ်ဖြစ်၊ အရှေ့တိုင်းဘက်၊ အနောက်တိုင်းဘက်ရယ်လို့ သဘောမထားဘူး။ အနောက်တိုင်းမှ ကောင်းတယ်ထင်တာတွေ့လျှင် ယူချင်တာပဲ”
“ယဉ်ကျေးမှုမှာတော့ ကျွန်တော်တို့ပြည်က သာတယ်ဆိုတာအမှန်ပဲ မဟုတ်လား ဆရာကြီးရယ်”
“သာတယ် လျော့တယ်လို့ ကျွန်တော် မဆိုချင်ဘူး။ ကျွန်တော် အကြိုက်များတယ်လို့တော့ ဝန်ခံနိုင်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့တော့ သူတို့ ကလည်း မညံ့ဘူးခင်ဗျ”
“မညံ့တာထားပါတော့။ သို့သော် ယှဉ်လိုက်လျှင် ကျွန်တော်တို့က သာတယ် မဟုတ်လားခင်ဗျာ”
“ကိုင်း ဒီလိုလုပ်ကြစို့။ ဒီကိစ္စကို နှစ်ကန့်ထားပြီး ဆွေးနွေးကြစို့။
(၁) ယဉ်ကျေးမှု၊
(၂) ကိုယ်ကျင့်တရား ဟုတ်လားခင်ဗျာ”
“ထားပါခင်ဗျာ”
“ရှေးဦးစွာ ယဉ်ကျေးမှုကို ဆွေးနွေးကြရအောင်။ ယဉ်ကျေးမှုနှင့် ပတ်သက်လို့ ကျွန်တော်တို့ မြန်မာလူမျိုးဟာ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြလို့မို့ ဗုဒ္ဓယဉ်ကျေးမှုတွေ လွှမ်းမိုးတဲ့အတွက် ကျွန်တော် သဘောကျတယ်။ရိုသေထိုက်သော သူကို ရိုသေရခြင်း အစရှိတဲ့ မင်္ဂလာတရားတော်ထဲက အချက်တွေပေါ့ ခင်ဗျာ။
သို့သော် မြန်မာ့ယဉ်ကျေးမှု ဆိုတာတွေထဲကတော့ ကျွန်တော်မကြိုက်တာ ရှိချင်ရှိမယ် ခင်ဗျ”
“ဘယ်လိုဟာလဲ ခင်ဗျာ”
“သိပ်အရေးမကြီးလှတဲ့ကိစ္စမို့လို့ ဥဒါဟရုဏ် တစ်ခုတလေလောက်သာ ပြပါရစေတော့ ခင်ဗျာ။ မိန်းကလေးတွေ စက်ဘီးစီးတာဆိုပါတော့။ လူခပ်ကြီးကြီးပိုင်းကဆိုလျှင် မြန်မာ့ယဉ်ကျေးမှုပျက်တယ်။ မိန်းကလေးနဲ့ မလျော်ဘူးတဲ့ ပြောချင်ကြတယ်”
“ဆရာကြီးကတော့ သဘောတူသလား”
“ကျွန်တော်ကတော့ ခုနင်ကပြောခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှု မပျက်ခဲ့လို့ရှိလျှင် ခေတ်အားလျော်စွာ ပြောင်းလဲသွားတဲ့ကိစ္စတွေမှာ အသုံးဝင်ခြင်းကိုကြည့်ပြီး လက်ခံချင်တာပဲ။ စက်ဘီးကိုခွစီးရလို့ အရုပ်ဆိုးပေမဲ့ အသုံးဝင်မှုကိုကြည့်သင့်တယ် ခင်ဗျ။ ဘယ်လောက် လမ်းပေါက်သလဲ”
“မိန်းကလေးတွေအဖို့ လမ်းပေါက်ဖို့ ဘာလိုသလဲ ဆရာကြီး”
“ရှေးခေတ်ကတော့ ဟုတ်ချင်ဟုတ်မယ်။ ဒီခေတ်မှာတော့ ကျောင်းတက်ရတယ်၊ ဈေးဝယ်ရတယ်၊ ဆိုင်ထွက်ရတာပေါ့ ခင်ဗျာ။ သို့သော် ဒီလိုကိစ္စမျိုးမှာတော့ ကျွန်တော့်အကြိုက်ကိုသာ ပြောခြင်းဖြစ်ပါတယ်။ အမှားအမှန် ဆုံးဖြတ်ခြင်း မဟုတ်ပါဘူး။ ငြင်းမနေပါရစေနဲ့ ခင်ဗျာ”
“ဆရာကြီးက တိုးတက်တယ်ဆိုတဲ့ သဘောကို နှစ်ခြိုက်တယ်ဆိုပါတော့”
“တိုးတက်တယ် ဆိုတိုင်းလည်း ကျွန်တော် လက်မခံချင်ဘူး ခင်ဗျာ့။ ဥပမာ ရုရှားပြည်မှ အဖေက အရက်သောက်တတ်လေတော့ သားသမီးက ဆုံးမတယ်တဲ့”
“တယ်လာပါကလား၊ ဘယ်လိုများ ဆုံးမသတဲ့လဲ ဆရာကြီး”
“ဒီလိုတဲ့ ခင်ဗျာ့။ အလုပ်သမားတစ်ယောက်ဟာ အလုပ်ကအပြန်မှာ အရက်ဆိုင်ဝင်ဝင်ပြီး သောက်တတ်သတဲ့။ မိုးကြီးချုပ်မှ အိမ်ပြန်ရောက်သတဲ့။ သူ့သားက ပြောပေမဲ့ မရဘူးတဲ့။ တစ်နေ့သ၌ သူ့သားက သူငယ်ချင်းတွေခေါ်သွားပြီး အရက်ဆိုင်ကိုဝိုင်းပြီး အဖေကြီးကိုအရှက်ခွဲသတဲ့။ အဖေကြီးထွက်လာတော့လည်း နောက်ကလိုက်ပြီး “အရက်သမားကြီး”လို့ အော်ကြသတဲ့။ ဘယ့်နှယ်သဘောရသလဲ”
“အဖေကြီးတော့ အရက်ပြတ်ကရောတဲ့လား”
“လုံးလုံးတော့ပြတ် မထင်ပါဘူး။ သို့သော် အိမ်ကိုတော့ စောစောပြန်တယ်ဆို ထင်ပါရဲ့”
“ကောင်း တောင်းတောင်းပဲ ဆရာကြီး”
“ဒါတော့ ခင်ဗျားကြိုက်ချင်ကြိုက်လေ။ ကျွန်တော့်သဘောကတော့ ဝမ်းစာ ရှာကျွေးတဲ့ဖခင်ကို တောင်းပန်စကားမျိုး ပြောချင်ပြော။ ရပ်သိရွာသိ အရှက်ခွဲခြင်းမျိုးကိုတော့ ကျွန်တော် မကြိုက်နိုင်ဘူးခင်ဗျ။ ဖခင်ဆိုတာ သားမယားရဲ့ တာဝန်တွေကို ထမ်းထားရသူဖြစ်လေတော့ သူ့မှာ လွတ်လပ်ခွင့် ရှိသင့်တယ်။ ပြောစရာရှိလျှင် မယားလုပ်တဲ့ဟာက တိုးတိုးတိတ်တိတ် ပြောပေါ့။ သားသမီးဆိုတာကတော့ တိုးတိုးတိတ်တိတ်ပြောတာတောင် လွန်လှပြီ အရှက်ခွဲပြီး ဆုံးမဖို့ဆိုတာကတော့ ဘယ်နည်းနဲ့မှ ကျွန်တော်လက်မခံနိုင်ဘူး။ ဒါလည်းပဲ ကျွန်တော် မကြိုက်နိုင်တာကို ပြောတာနော်။ မှားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ တိုးတက်တဲ့ တိုင်းပြည် ဆိုလေတော့ တိုးတက်ရေးဆိုလျှင် ဘာမဆို လုပ်မယ်ဆိုတဲ့ လူတွေကိုးခင်ဗျာ့”
“ကျွန်တော်တို့ မြန်မာပြည်က လူငယ်တွေလည်း လူကြီးမိဘ ဆရာသမားများအပေါ်မှာ အရိုအသေ ပေါ့လာကြတဲ့အကြောင်း ဆရာကြီးရေးထားတာ ကျွန်တော် ဖတ်လိုက်ရလို့ သဘောကျပါတယ်”
“ကျွန်တော်က ကိစ္စတစ်ခုမှာ ရှုထောင့်အမျိုးမျိုးဘက်က စဉ်းစားတတ်တဲ့ လူပါ။ ခင်ဗျားလည်း လူကြီးတစ်ယောက်ဖြစ်လေတော့ ကျွန်တော့်ကို ထောက်ခံမှာပဲ။ သူတို့လူငယ်ပိုင်းကတော့ ဒါတွေဟာ ရှုပ်ပါတယ်လို့ ပြောကြမလား မဆိုနိုင်ဘူး။ သို့သော် အရေးကြီးတာက မိန်းကလေး ဘိုင်စကယ်စီးချင်စီး။ အင်္ကျီပါး ဝတ်ချင်ဝတ်။ မင်္ဂလာတရားတော်ထဲက ဗုဒ္ဓယဉ်ကျေးမှုတွေကိုတော့ ထိန်းသိမ်းထိုက်တယ်လို့ ဆိုချင်ပါတယ်”
“ကြိုက်ပါတယ် ဆရာကြီး။ ကိုင်း ကိုယ်ကျင့်တရားအကြောင်းကို ပြောပါဦး ခင်ဗျာ”
“ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့နေရာမှာလည်း ကျွန်တော်က နှစ်ကန့်ခွဲချင်တယ်။ (၁) လောကုတ္တရာရေးရာ ကိုယ်ကျင့်တရား။ (၂) လောကီမှုရေးရာ ကိုယ်ကျင့်တရားလို့ ရှိပါတယ်။ လောကုတ္တရာရေးရာ ကိုယ်ကျင့်ဆိုတာမျိုးကတော့ သူတို့အနောက်တိုင်းမှာ လုံးဝမရှိဘူးခင်ဗျ။ လောကီအတွက်သာ ရှိပါတယ်”
“သူတို့မှာလည်း ကောင်းကင်ဘုံနဲ့၊ ဘုရားသခင်နဲ့ဆိုတော့ လောကုတ္တရာမှုရှိတယ် ဆိုရမယ်မဟုတ်လား ဆရာကြီး”
“ခက်နေပါပြီဗျာ။ လောကုတ္တရာတရား ကိုးပါး ရှိတယ်မဟုတ်လား။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တဲ့ဗျ။ သူတို့မှာ ဒီဟာတွေရှိသလား ခင်ဗျ”
“ကောင်းကင်ဘုံတော့ ရှိဆို၊ ဆရာကြီးရဲ့ ”
“ခင်ဗျားတို့တစ်တွေက နောင်ဘဝအရေးဆိုလျှင် လောကုတ္တရာ မှတ်နေကြတာကိုး။ နတ်ပြည်ရောက်အောင် ဒါနပြုတယ်ဆိုတာလည်း လောကုတ္တရာလို့ ဆိုကြတယ်။ အမှန်ကတော့ ကျွန်တော် ပြောခဲ့တဲ့အတိုင်း လောကုတ္တရာ တရား ၉-ပါးပဲ ရှိတယ်။ ဒါကလွဲလျှင် လောကီချည်းပဲ ခင်ဗျ”
“မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်စူးပြီး ဒါနပြုလျှင်ကော ခင်ဗျာ”
“ဒါနလောက်ကို မပြောနဲ့ဦး။ တရားအားထုတ်တာတောင် လောကီပဲရှိသေးတယ် ခင်ဗျ”
“ဘယ့်နှယ်ကြောင့်လဲ ခင်ဗျ”
“ခင်ဗျားတို့လူစုက စကားအသုံးအနှုန်းတွေ ရော ရော နေတော့ အဓိပ္ပာယ်ပါ ရှုပ်ထွေးကုန်တယ်။ ကိုင်း ကျွန်တော် တစ်ခုမေးမယ်။ လူတစ်ယောက်ဟာ ငွေရအောင် အလုပ်လုပ်တယ်ဆိုပါတော့။ အလုပ်ကို ငွေလို့ဆိုနိုင်ရဲ့လား ခင်ဗျာ”
“မဆိုနိုင်ပါဘူး ဆရာကြီး”
“အလုပ်ဟာ အလုပ်၊ ငွေဟာ ငွေပဲမဟုတ်လား။ တရားအားထုတ်တယ် ဆိုတာကလည်း ဒီလိုပေါ့။ မဂ်ဖိုလ်အတွက် ဆိုပေမင့် အလုပ်သဘောကို၌ကတော့ လောကီပဲ ရှိသေးတယ်။ လောကီလို့ပဲ ခေါ်ရမယ်။ တတ်နိုင်လို့ တရားအားထုတ်ဆဲမှာ ဂေါတြဘုတိုင်အောင် ဆိုက်သွားတယ် ဆိုစေဦး၊ လောကီနယ်ပဲ ရှိသေးတယ်လို့
ဗုဒ္ဓဟောတော်မူတယ်”
“ကြားတော့ ကြားဖူးပါရဲ့ ခင်ဗျာ”
“ကြားဖူးပြီး၊ ခင်ဗျားတို့ လူစုက ရော ရောပြီး ရှုပ်အောင်လုပ်ပစ်လိုက်ကြတာပဲ။ ခရစ်ယာန်များရဲ့ ကောင်းကင်ဘုံဆိုတာကိုတောင် လောကုတ္တရာလို့ ပြောသေးတာကိုး”
“ဒါကတော့ ကျွန်တော်မှားပါတယ် ဆရာကြီးရယ်”
“ကျွန်တော်တို့ ဆွေးနွေးတာတွေက နံဘေးရောက်ကုန်ပြီ။ အနောက်တိုင်းသားများရဲ့ ကိုယ်ကျင့်တရားနဲ့၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ကိုယ်ကျင့်တရားကို နှိုင်းယှဉ်ချက် ထုတ်ခဲ့ကြတယ်မဟုတ်လား”
“ဟုတ်ပါတယ် ဆရာကြီး”
“နိဗ္ဗာန် မဂ်ဖိုလ်ဆိုတာ သူတို့မှာ မရှိလေတော့ ကျင့်စဉ်လည်း မရှိဘူး။
လောကမှာ လူကောင်းသူကောင်း ဖြစ်ဖို့ကတော့ သူတို့မှာလည်း ကျင့်စဉ်ရှိတယ်ခင်ဗျ"
“ကျွန်တော်တို့ကျင့်စဉ်နဲ့ ဘယ့်နှယ်နေသလဲ”
“ခင်ဗျား ဘယ့်နှယ်ထင်သလဲ”
“ဟာ၊ ကျွန်တော်တို့က သာတာပေါ့ ဆရာကြီး”
“ကျွန်တော်တို့လူတွေက သာတာလား။ ကျွန်တော်တို့ကျင့်စဉ်က သာတာလား”
“လူရော ကျင့်စဉ်ရော သာတယ်ထင်တာပဲ ဆရာကြီး”
“ကောင်းပြီ။ ရှေးဦးစွာ လူချင်းယှဉ်ကြည့်ကြစို့။ အနောက်တိုင်းသား ဘယ်လောက်များများ ခင်ဗျားတွေ့ ဖူးသလဲ”
“သိပ် များများကြီး မတွေ့ ဖူးပါဘူး ခင်ဗျာ”
“ဒါဖြင့် ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်ချက် ထုတ်ကြမလဲ”
“သူတို့တိုင်းပြည်က အကြောင်းတွေ ကြားဖူးနားဝနဲ့ပေါ့ ခင်ဗျာ”
“ခင်ဗျာလည်း နည်းနည်းပါးပါးတော့ ကိုယ်တွေ့ ရှိမှာပါပဲ။ ဗြိတိသျှအစိုးရလက်ထက်က အိုင်စီအက်စ်အရာရှိတွေ ရှိတယ်မဟုတ်လား။ ကျွန်တော်တို့ မြန်မာအရာရှိတွေနဲ့ ဘယ့်နှယ်နေသလဲ”
“သူတို့က လခကြီးတွေယူထားတာကို ဆရာကြီးရဲ့”
“ဪလခများလို့ တည့်မတ်တယ်လား။ ဒီခေတ်မှာ မြန်မာတွေ လခကြီးစားလာရတော့ သူတို့အဆင့်အတန်းကို မီရဲ့လား”
“ဒါတော့ မီမယ်မထင်ဘူး ဆရာကြီး”
“ကောင်းပြီ။ ရွေးကောက်ပွဲတွေကို ကြည့်လိုက်ပါဦး။ သူတို့ဆီမှာလည်း ညစ်ပတ်မှုတွေတော့ ရှိမှာပါပဲ။ နို့ပေမဲ့ ကျွန်တော်တို့ မြန်မာပြည်မှာလို ကန့်ကွက်မှုပေါများတဲ့တိုင်းပြည် ဘယ်မှာရှိသလဲ”
“ဒါကတော့ သူတို့ရှုံးတိုင်းမခံချင်လို့ ကန့်ကွက်ခြင်းလည်း ဖြစ်နိုင်တာပဲ ဆရာကြီး”
“ဒါကိုလည်း ကျွန်တော် စဉ်းစားပါတယ်။ သို့သော် ကျွန်တော်ပြောချင်တာက လူဆိုတာမျိုးဟာ ညစ်ပတ်လို့ဖြစ်နိုင်လျှင် ညစ်ပတ်ချင်တဲ့လူကများပါတယ်။”
#ရွှေဉဒေါင်း
#ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား
Keep Reading