Author's Profile Photo

ဇွဲ

30/09/2024

ဟာသအကြောင်း တစေ့တစောင်း

1 min read
General Knowledge
Art
Creative
ဟာသအကြောင်း တစေ့တစောင်း's photo

အလင်္ကာကျမ်းများတွင် ရသကိုးမျိုးရှိပြီး စာပေရေးသားသီကုံးဖွဲ့နွဲ့ရာတွင် သဒ္ဒါအလင်္ကာရ (အသံဖြင့် တန်ဆာဆင်ခြင်း)  နှင့် အတ္တာအလင်္ကာရ (အနက်အဓိပ္ပါယ်နှင့် တန်ဆာဆင်ခြင်း)  ဟူ၍ နှစ်မျိုးရှိသည်။ဟာသရသသည် အတ္တာလင်္ကာရပိုင်းတွင် ပါဝင်ပေသည်။

ဟာသရသဆိုသည်မှာ ပြုံးရယ်ခြင်းဖြစ်သည်။တစ်နည်းအားဖြင့် ကြည်နူးစရာ၊ပီတိဖြစ်စရာ ပေါ်ပေါက်စေသော ရသတစ်မျိုးဖြစ်သည်။

ဟာသဆိုသည်မှာ မိန်းကလေးတစ်ဦး ဣန္ဒြေမပျက် ပြုံးတုံ့မပြုံးတို့အဆင့်မှစပြီး 'ဝါး' ကနဲ ပွဲကျပြီး ခွက်ထိုးခွက်လန် ရယ်မောသည်အထိ အဆင့်အမျိုးမျိုး ပြောင်းလဲသွားတတ်သည့် လက္ခဏာများရှိ​ကြောင်း ကမ္ဘာကျော် လောကဓာတ်ဆရာကြီး ဒါဝင် (Charles Darwin)  က ရေးသားဖော်ပြခဲ့ဖူးလေသည်။

ဟာသရသနှင့်ပတ်သက်၍ နာမည်ကျော် ဥရောပစာရေးဆရာ ကောစလားက

  • မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း (Bathos)
  • သရုပ်ပျက် (Caricature)
  • ဥပမာမြောက် (Comic Simile)
  • ပကာသနကို ဖောက်ထွင်းပစ်ခြင်း (Debunking)
  • သဏ္ဌာန်လုပ် သရုပ်ဖော် (Impersonation)
  • အသံထွက် ဆင်တူ (Pun)
  • ဇဝနဉာဏ် (Witticism)
  • ခေတ်ပြောင် (Satire)
  • စကားထာ စကားဝှက် (Riddle)

ဟူ၍ ဟာသကိုးမျိုးရှိကြောင်း ဖော်ပြထားပြီး၊ဦးညိုမြ (အိုးဝေ) ရေးသားသော '' ဟာသစာပေ '' စာအုပ်တွင်မူ မြန်မာဟာသစာပေလောက၌ အထက်ပါ ကိုးမျိုးအပြင်

  • အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy)
  • ကျောင်းသားအလွဲဖြေ (Howlers or Boners)
  • ခနိုးခနဲ့ (Irony)
  • နှာခေါင်းသွေးထွက် (Practical Joke)
  • ကလေးချော့ (Nonsense and Nursery Tales)
  • စာဖျက် (Parody)

စသော ဟာသခြောက်မျိုးရှိသေးကြောင်း ​ဖော်ပြထားပေသည်။ထို့ကြောင့် မြန်မာဟာသစာပေလောကတွင် ဟာသရသ (၁၅) မျိုးရှိသည်ဟု မှတ်ယူရပေမည်။

သို့သော် ဟာသနှင့်ပတ်သက်၍ စဥ်းစားစရာအချက်များရှိနေပါသေးသည်။လူ့လောကတွင် ရယ်ခြင်းနှင့်ငိုခြင်းဟူ၍ ခန္ဓာကိုယ်လှုပ်ရှားမှုနှစ်မျိုးရှိရာတွင် ရယ်ခြင်းမှာ ကောင်းသောအမူအရာ၊ငိုခြင်းမှာ မကောင်းသောအမူအရာဟု အကြမ်းဖျင်းခွဲခြားမှုများရှိပါသည်။

ဤတွင် ကောင်းသောအမူအရာကို ရှုတ်ချ၍ မကောင်းသောအမူအရာကို အလေးပြုသော အလေ့အထများလည်း ပေါ်ပေါက်နေပါသည်။ဟာသဟူသော ရယ်မောပျော်ရွှင်မှု ဖန်တီးသူကို '' လူပြတ် '' ဟူ၍လည်းကောင်း၊လူပေါဟူ၍လည်းကောင်း ယူဆတတ်ကြပြီး သဘာဝကျကျ ဟက်ဟက်ပက်ပက်ရယ်မောတတ်သူများသည် ဣန္ဒြေမဲ့သည်ဟု ထင်မှတ်ကြလေသည်။
လူတို့သည် သူတစ်ဦး ငိုယိုနေသည်ကို မြင်ရပါက သနားကြင်နာတတ်ကြပြီး၊သူတစ်ဦး ရယ်မောနေသည်ကိုတွေ့လျှင်မူ ပျော်ရွှင်မှုကို မျှဝေခံစားမည်ဟုမတွေးပဲ ' ထိုသူရူးနေပြီလား ' ဆိုပြီး တွေးထင်တတ်ကြလေသည်။

ဤသို့ဖြစ်ရခြင်းမှာ ရယ်မောခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု သဘောထားကြသောကြောင့်ဖြစ်သည်။
လူတစ်ယောက်သည် ခံစားချက်ကြီးမားလာလျှင် ငိုရမည့်ကိစ္စကို ရယ်မိ၍၊ရယ်ရမည့်ကိစ္စကို ငိုမိတတ်ကြသည်။ထို့ကြောင့် ငိုယိုမှုတိုင်းဟာ နာကျင်မှုကြောင့်မဟုတ်သလို၊ရယ်မောမှုတိုင်းဟာလည်း ပျော်ရွှင်သောကြောင့် မဟုတ်ပေ။ထို့ကြောင့် '' ရယ်မောခြင်းတစ်ခုတွင် ' ငိုအားထက် ရယ်အားသန် ' ဆိုသလို နာကျင်မှုများပါရှိတတ်ပြီး သာယာနာပျော်ဖွယ်အကောင်းဆုံးသီချင်းများမှာလည်း အလွမ်းတေးများသာဖြစ်သည် '' ဟူ၍ အင်္ဂလိပ်ကဗျာဆရာကြီး ရှယ်လီ၏ ကဗျာတစ်ခုတွင် ဆိုထားပေသည်။

ထို့ကြောင့် ငိုခြင်းနှင့်ရယ်ခြင်းကို ဆန့်ကျင်ဘက်ဟု မယူဆသင့်ဘဲ အချင်းချင်း ဆက်စပ်ရောနှောလျှက် တစ်ခုကိုတစ်ခု အကျိုးပြုတတ်သော သဘောတရားရှိသည်ဟုမှတ်ယူသင့်ပါသည်။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၅)
30/9/2024 (Mon)

ကျန်းမာရွှင်လန်းကြပါစေ။
စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ ဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း