ဇွဲ
'' အသက်ရေးခဲ့ Rs ချိတ်မယ် '' ၊ '' ဘာမှပြောနဲ့ ဖုန်းအားတူရင် ဖူးစာပဲ လာတွဲမယ် '' ၊ '' ကိုင်တဲ့ဖုန်းအမျိုးအစားတူသူ တို့ချစ်သူပဲနော် '' စသဖြင့် ရည်းစားရရန် လွယ်ကူနေသော ခေတ်ကာလကြီးတွင် ချစ်သူရည်းစားမရှိပဲ တစ်ကိုယ်တည်းအပျိုကြီးများနှင့်တစ်ကိုယ်တော်လူမိုက် လူပျိုကြီးများလည်းရှိနေသေးသည်။ခက်တာက သူတို့ဟာ ရရစ်နဲ့ပြိုသလား၊ရပင့်နဲ့ပျိုသလားပဲမသိတာ။သူတို့ပျိုရခြင်းအကြောင်းအရင်းကိုတော့ သွားမမေးလေနဲ့။
'' တို့က တစ်ယောက်တည်းနေရတာကြိုက်တယ်လေ၊ရည်းစားထားပြီး အပူအပင်မရှာချင်ဘူး '' ဆိုတာ တစ်မျိုး
'' အိမ်မှာ မိဘတွေကိုရှာကျွေးမယ့်သူဆိုတာ တို့တစ်ယောက်ပဲရှိတော့တာ၊အိမ်ထောင်ပြုလို့ ဘယ်ဖြစ်မလဲ '' ဆိုတာက တစ်သွယ်
'' အမယ်....ချစ်သူမရှိလို့ အထင်မသေးနဲ့ကိုယ့်လူ၊ကိုယ်တိုင်မထားချင်လို့၊ဘေးမှာဝိုင်းဝိုင်းလည်နေတာ၊ကြိုက်တဲ့လူ ခေါင်းခေါက်ရွေးလို့ရတယ် '' ၊ဤသို့သော မကုန်နိုင်သည့် အကြောင်းပြချက်များကို ကြားရပေမည်။ဒါကြောင့် ကိုယ့်လူအနေနဲ့ အပျိုကြီး၊လူပျိုကြီးတွေနဲ့ စကားပြောရင် '' ဘာလို့ အိမ်ထောင်မပြုသေးတာလဲဟင် '' ဆိုသော မေးခွန်းကို ဝေးဝေးကရှောင်ဖို့ အကြံပေးချင်တယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်တွင် လူပျိုကြီး၊အပျိုကြီးများစွာရှိနေသည့်အထဲမှ ကျွန်တော်တို့သူငယ်ချင်းအုပ်စုကြောင့် အပျိုကြီးဘဝက အရှင်ရှင်လတ်လတ်အိုသွားခဲ့ရသော အပျိုကြီးမလှအုံအကြောင်း ပြောပြအုန်းမယ်။
ကျွန်တော့်တွင် ရှားရှားပါးပါး သူငယ်ချင်းနှစ်ယောက်ရှိပါသည်။ရှားရှားပါးပါးဟုဆိုရခြင်းမှာ ကျွန်တော့်သူငယ်ချင်းများသည် လူတော်လူကောင်းလေးများဖြစ်သောကြောင့် ခင်မင်ပေါင်းသင်းခွင့်ရရန် ခက်ခဲသောလူများဖြစ်သောကြောင့်မဟုတ်။ကျွန်တော်ကဲ့သို့ ပြဿနာမရှာရရင် မနေနိုင်၍ ပြဿနာကိုမီးခွက်ထွန်းရှာတတ်သောသူနှင့် ပုလင်းတူ ဘူးစွပ်ပေါင်းသင်းနိုင်သူမှာ တစ်ရွာလုံးပေါင်းမှ ဒီနှစ်ကောင်သာရှိသောကြောင့်ဖြစ်သည်။သူတို့နာမည်တွေက တစ်ယောက်က '' အိုအီး '' ၊ တစ်ယောက်က '' မီးခြစ် '' ။
အိုအီးဆိုတဲ့ကောင်က ကျွန်တော်ကဲ့သို့ ပြဿနာမရှာရလျှင် မနေတတ်သူဖြစ်သည်။သူ၏ တစ်နေ့တာဖြတ်သန်းမှုတွင် အနည်းဆုံးပြဿနာတစ်ခုမဖော်ဆောင်နိုင်ရသေးလျှင် မိသားစုဝင်အချင်းချင်း ရန်တိုက်ပေးတတ်သည်။တစ်ခါက အိမ်လုပ်ငန်းများလုပ်နေသဖြင့် တစ်နေကုန်အပြင်မထွက်နိုင်၍ ပြဿနာမရှာရပဲ အိပ်ရတော့မည့်အခြေအနေဆိုက်ရောက်လေသည်။အိုအီး၏ ဗီဇအရ တစ်နေ့ပြဿနာတစ်ခု မရှာပဲအိပ်စက်နိုင်ဟန်မတူ။ဒီနေ့အတွက် ဘာပြဿနာရှာလျှင်ကောင်းမည်ကို စဥ်းစားနေခိုက် ဖုန်းဝင်လာလေသည်။သူ့အဖေ ဦးထွန်းသာ၏ ဖုန်းဖြစ်သည်။
'' ဟယ်လို ''
အိုအီး ဖုန်းကိုင်လိုက်သည်။
တစ်ဖက်မှ ပြန်ပြောသည်က
'' အေး...ငါ့သား အဖေပါကွ ''
'' ဟုတ် သိပါတယ်၊အိမ်ပြန်ချိန်ရောက်နေပြီပဲ၊အဖေက ပြန်မလာသေးပဲ ဘာအရေးကိစ္စကြောင့်ဖုန်းဆက်လိုက်ရတာလဲဟင် '' ဆိုတော့
'' အဖေ့မိတ်ဆွေတစ်ယောက်ကို ညစာလိုက်ကျွေးစရာလေးရှိလို့ပါကွာ၊အဲ့တာ..... ဒီညအိမ်ပြန်နောက်ကျမည့်အကြောင်း မင်းအမေကို ပြောပေးပါအုန်း ''
'' စိတ်ချပါအဖေရာ၊ကျွန်တော် အသေအချာပြောပေးမှာပေါ့''
'' ကျေးဇူးပါပဲ ငါ့သားရာ၊ဒါဆို အဖေဖုန်းချလိုက်တော့မယ်နော် ''
'' ဟုတ်ကဲ့ပါ အဖေ ''
ဖုန်းချလိုက်ပြီးနောက် အိုအီးမျက်နှာတွင် အဓိပ္ပါယ်ဖော်ရန်ခက်ခဲသော အပြုံးတစ်ခုက ဝင်းခနဲ့။
ထိုညက အိုအီး သူ့အိမ်မှာမအိပ်၊သူငယ်ချင်းတစ်ယောက်အိမ်မှာ ဘောလုံးပွဲကြည့်မည်ဟု အကြောင်းပြကာထွက်လာခဲ့သည်။အိမ်မှ မထွက်ခင် သူ့အဖေဖုန်းဆက်တဲ့အကြောင်း သူ့အမေကို ပြောခဲ့လေသည်။
အိုအီး သူ့အမေကို ဘယ်လိုပြောခဲ့သည်မသိပါ။မနက်မိုးလင်းတော့ ဦးထွန်းသာခေါင်းမှာ ပတ်တီးဖြူဖြူကြီးက ထင်းခနဲ့။
ဦးထွန်းသာက လူရိုးလူအေး၊သူ့မှာ ရန်ငြိုးဖွဲ့ ချောင်းရိုက်မည့်သူလည်းမရှိနိုင်ပါပဲ ခေါင်းမှာ ပတ်တီးကြီးနဲ့ဆိုတော့ ပတ်ဝန်းကျင်ကလူတွေ ဇဝေဇဝါဖြစ်ကုန်ကြတယ်။ဒါနဲ့ မနေနိုင်သူတချို့က သွားရောက်မေးမြန်းစပ်စုကြည့်တော့ ညက သူ့မိတ်ဆွေကို ညစာလိုက်ကျွေးလို့ အိမ်ပြန်နောက်ကျတာကို KTV သွားပြီး သီချင်းဆိုရင်း ကောင်မလေးတွေနှင့်ကဲပါတယ်ဆိုပြီး သူ့မိန်းမက ဆော်ထည့်လိုက်ခြင်းဖြစ်ကြောင်းသိလိုက်ရလေတော့သည်။အိုအီးဆိုတာ အဲ့လိုလူမျိုး။
မီးခြစ်ကတော့ ရိုးသည်၊အ,သည်။ကျွန်တော်တို့နှင့် ပေါင်းနေသော်လည်း ကျွန်တော်နှင့်အိုအီးလို မပွေလီတတ်။သို့သော် ကျွန်တော်တို့နှစ်ယောက်ရှာသော ပြဿနာများထဲတွင် အမြဲကြားညှပ်ခံရမြဲ။
ကျွန်တော်တို့သုံးယောက်သည် ညနေခင်းတိုင်း ရွာရိုးကိုးပေါက် တစ်ပေါက်မကျန်သွားရောက်ကာ ပြဿနာရှာလို့ကောင်းမည့် အကွက်အကွင်းကို ရှာတတ်သည်။ဒီနေ့လည်း သုံးယောက်သား လမ်းသလားရင်း ရွာရိုးကိုးပေါက်အနက် ရှစ်ပေါက်ကို ဝင်ချည်ထွက်ချည်ပြုလုပ်ခဲ့ပြီးပြီ။ပြဿနာရှာရန် အကွက်အကွင်းမှာ မတွေ့သဖြင့် စိတ်ညစ်လျှက်ရှိလေသည်။
ကျွန်တော်တို့ လမ်းသလားရန် နောက်ဆုံးကျန်သည်မှာ ရွာရှေ့ဝင်ပေါက်။
ရွာရှေ့ဝင်ပေါက်သို့ရောက်သောအခါ ပြဿနာရှာလို့ကောင်းမည့် အခွင့်အလမ်းကို တွေ့ရလေသည်။
ကျွန်တော်တို့ရွာရှေ့ဝင်ပေါက်နားတွင် ကုက္ကိုပင်ကြီးတစ်ပင်ရှိလေသည်။ကုက္ကိုပင်ကြီးသည် အကြီးကြီးဖြစ်၍ ကျေးငှက်တို့ပျော်မြူးကြသလို ပျားအုံများမှာလည်း အမြဲလိုလိုရှိနေတတ်သည်။ယခုလည်း ကုက္ကိုပင်အရှေ့ဘက်ခြမ်းတွင် ပျားအုံကြီးတစ်အုံရှိနေသည်ကိုတွေ့ကြရသည်။
ဤတွင် ပြဿနာရှာရန်အကြံကောင်းထွက်ပေါ်လာပါသည်။
ကျွန်တော်တို့အကြံမှာ ပျားအုံကို ခဲနှင့်ထုပြီး ရွာထဲဝင်ပြေးရန်ဖြစ်သည်။လက်ထဲမှာလည်း ခဲလုံးကိုယ်စီနှင့်ဖြစ်နေလေပြီ။
'' ငါ ရှေ့က တိုင်ပေးမယ်၊တစ် နှစ် သုံး ဆိုတာနဲ့ ခဲနဲ့ပစ်ပြီး ရွာထဲဝင်ပြေးကြမယ် ''
အိုအီးပြောစကားပင်မဆုံးလိုက်ပါ။ကျွန်တော့်လက်ထဲမှ ခဲလုံးသည် ပျားအုံဆီသို့ အရှိန်ပြင်းစွာ သွားနေလေပြီ ''
'' ဟာ... ဟိတ်ကောင် နေအုန်းလေကွာ၊အတူတူပစ်ကြမယ်ဆို ''
မီးခြစ်နောက်ကျသွားချေပြီ။ကျွန်တော်ပစ်လိုက်သော ခဲလုံးသည် ပျားအုံကို ဘုတ်ခနဲ့။ခဲလုံးက သေးလို့လား၊ပစ်လိုက်တဲ့အရှိန်ကပဲ နည်း၍လားမသိ။ပျားအုံမှာ သိသိသာသာ ထိခိုက်မှုမရှိ။
'' ငါတို့နဲ့ အတူတူပစ်ပါမယ်ဆိုကွာ၊သုံးယောက်ပစ်မှ ထိချက်ကောင်းတော့မှာပေါ့ ''
အိုအီးစကား။
ဟုတ်သည်။ကျွန်တော်တစ်ယောက်တည်း ပစ်ချက်နှင့်မလုံလောက်။ထို့ကြောင့် နောက်ထပ် ခပ်ကြီးကြီးခဲတစ်လုံးကောက်ယူကာ
'' နံပါတ်စဥ်ရေကွာ၊ငါတို့သုံးယောက်လုံးအတူတူပစ်ကြမယ် ''
ကျွန်တော့်စကားဆုံးသည်နှင့် အိုအီးက
'' တစ်....နှစ်.....သုံး...ပစ် '' ဟု အော်လိုက်ရာ ကျွန်တော်တို့သုံးယောက်စလုံး၏ လက်ထဲမှ ခဲလုံးများသည် ပျားအုံဆီသို့ အရှိန်နှင့် ပြေးသွားလေသည်။ထိပြီ။ချက်ကောင်းကိုထိခြင်းဖြစ်၏။ချက်ကောင်းကို ထိမှန်သဖြင့် ပျားအုံသုံးပုံတစ်ပုံစာလောက် ညောင်ပင်ခြေရင်းသို့ ကျလာလေသည်။
'' ပြေး......ပြေး ''
အိုအီးအသံကြားမှ ကျွန်တော်တို့လည်း ပြေးရန်သတိရပြီး ရွာဘက်သို့ ပြေးလာခဲ့လေသည်။ရွာထဲသို့မရောက်ခင် ကုက္ကိုပင်ဘက်ဆီမှ အော်သံကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ထမိန်၊ပုဆိုး စွန်တောင်ဆွဲလျှက် ရွာဘက် ပြေးဝင်လာသော ကိုတာတီးနှင့်မလှအုံကို မြင်လိုက်ရသဖြင့် ကျွန်တော်တို့သုံးယောက်လုံး မျက်လုံးအပြူးသားဖြစ်သွားလေသည်။
မလှအုံမှာ ကျွန်တော်တို့ရွာ၏ အပျိုခေါင်းဖြစ်သည်။မလှအုံသည် အိန္ဒြေကြီးမားကာ မာနကြီးသော အပျိုခေါင်းအဖြစ် နာမည်ကြီးသူဖြစ်၏။ကိုတာတီးက မုဆိုးဖို၊သူ့မိန်းမဆုံးသွားသည်မှာ တစ်နှစ်လောက်ရှိပြီထင်၏။ကျွန်တော်တို့ရွာရဲ့ အိန္ဒြေကြီးမားလှသောအပျိုခေါင်းနှင့် မုဆိုးဖိုကိုတာတီးတို့ ရွာရှေ့ကုက္ကိုပင်တွင် ချိန်းတွေ့နေကြစဥ် ကျွန်တော်တို့သုံးယောက်လက်ကမြင်းလိုက်သော ပျားအုံသည် သူတို့အပေါ်တည့်တည့်သို့ကျကာ ပျားများလိုက်တုပ်ခြင်း ခံလိုက်ရခြင်းဖြစ်ဟန်တူသည်။လက်ကမြင်းသူ ကျွန်တော်တို့သုံးယောက်က ဘာမျှမဖြစ်သော်လည်း ကိုတာတီးသည် မျက်စိနှစ်လုံးဖူးရောင်လျှက် နှုတ်ခမ်းက အရှေ့သို့ ငါးလက်မလောက်စူထွက်နေလေသည်။ထို့ပြင် ပါးပြင်နှင့်နဖူးမှာလည်း နီရဲယောင်ကိုင်းနေကာ လက်တို့သည်လည်း ဖူယောင်နေသဖြင့် လူနှင့်မတူတော့ပဲ မျောက်ဝံနှင့်ပင် တူနေပါသေးသည်။
မလှအုံလည်း မချောင်လှပါ။ညာဘက်မျက်လုံးက လက်ဘက်ရည်သောက်ပန်းကန်လုံးအသေးအရွယ်နီးပါးလောက်ဖူးယောင်နေပြီး အပေါ်နှုတ်ခမ်းမှာ ရှေ့သို့စူထွက်ကာ အမှတ်တမဲ့ကြည့်လိုက်ပါက ဘဲနှုတ်သီးနှင့် မှားချစ်စဖွယ်။ကျွန်တော်တို့သည် သူတို့နှစ်ယောက်ကိုကြည့်ကာ ငိုအားထက် ရယ်အားသန်ဖြစ်ကာ အသံထွက်ပြီး မရယ်မိစေရန် ပါးစပ်များကို လက်ဖြင့်အုပ်ထားရလေသည်။အငြိုးတကြီးလိုက်တုပ်နေသောပျားများသည်လည်း ဘာကြောင့်ရယ်မသိ ရွာအဝင်ပေါက်နားရောက်သည်နှင့် တပ်ဆုတ်ထွက်ခွာသွားကြလေသည်။အကြောင်းအရင်းကို လိုက်ရှာလိုက်ရာ ရွာဝင်လမ်းဘေးမှ ကြီးတော်အေးပုအိမ်တွင် အမှိုက်များမီးရှို့ထားသော မီးဖိုတစ်ခုကို မြင်လိုက်ရသည်။မီးဖိုမှ မီးခိုးများကြောင့် ပျားတွေ တပ်ဆုတ်သွားခြင်းဖြစ်မည်ထင်သည်။
ကိုတာတီးက အကြိမ်ကြိမ်လက်ထပ်ခွင့်တောင်းခဲ့သော်လည်း မလှအုံက ငြင်းပယ်ကာ သူတို့နှစ်ယောက်ချစ်သူဖြစ်နေကြသည်ကိုပင် ရွာသားများမသိစေလိုပဲဖုံးကွယ်ထားခဲ့လေသည်။ယခုတော့ ကျွန်တော်တို့ကောင်းမှုကြောင့် မလှအုံ စွံရတော့မည်။ရွာဓလေ့အရ သမီးရည်းစားများချိန်းတွေ့သည်ကို လူမိလျှင် မိန်းကလေး၏ အရှက်နှင့်ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် လက်ထပ်ယူကြရသည်။မလှအုံကို လက်ထပ်ရဖြင့် ကိုတာတီးမှာ ထိခိုက်စရာမရှိ။အကြိမ်ကြိမ်သူ၏ လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းပယ်ခဲ့သော မလှအုံကို ကျွန်တော်တို့ကျေးဇူးကြောင့်ရခဲ့လေပြီ။ထိုအကြောင်း ကိုတာတီးပြောပြရာ
'' ငိုရခက်၊ရယ်ရခက်ဆိုတာ ငါ့လိုအဖြစ်မျိုးကို ပြောတာဖြစ်မှာပါကွာ။ပျားတုပ်ခံရလို့ ငါရော မလှအုံပါ မရှုမလှခံကြရပေမယ့် အဲ့ပျားတွေကြောင့်ပဲ ငါတို့လက်ထပ်နိုင်ကြတာပေါ့ကွာ ''
'' ပျားတွေကြောင့်ဆိုပေမယ့် အဲ့ပျားတွေ ခင်ဗျားတို့ဆီရောက်အောင် လုပ်ပေးလိုက်တာ ကျွန်တော်တို့ပါဗျာ၊ကျေးဇူးတင်ရင် ကျွန်တော်တို့ကို ကျေးဇူးတင်သင့်တာ ''
တကယ်က ကိုယ်တွေလက်ကမြင်းလို့ သူတို့ခံရတာ။ဒါကို ကိုယ်တွေက ကျေးဇူးရှင်ဘွဲ့ဝင်ယူချင်နေသေးတယ်။
လူရိုးလူအေး ကိုတာတီးကတော့
'' အေးပါကွာ....မင်းတို့လည်း ကျေးဇူးတင်ပါတယ်၊ငါလည်း ဆေးလိမ်းရအုန်းမှာမို့သွားအုန်းမယ်ကွာ၊မင်္ဂလာဆောင်ကို လာခဲ့အုန်းနော် '' ဟုဆိုကာ အိပဲ့ အိပဲ့နှင့် ထွက်သွားလေသည်။ကိုတာတီးပုံစံမှာ လက်နှစ်ဖက်က ဖောင်းကားနေကာ မျက်နှာက အဖုအပိန့်များနှင့် ညနေခင်း နေဝင်ချိန်မြင်လိုက်ရပါက နှစ်ချို့သရဲကြီး ရွာထဲဝင်လာသည်ထင်ပြီး လူတွေလန့်ပြေးချင်စရာ။
ကိုတာတီးတို့အတွဲလူမိတာက သီတင်းကျွတ်လထဲတွင်ဖြစ်၍ မင်္ဂလာဆောင်ကို ရက်မကြာ နေ့မဆိုင်းပဲ ချက်ချင်းစီစဥ်လိုက်ကြလေသည်။
မင်္ဂလာပွဲနေ့ရောက်သောအခါ ကျွန်တော်တို့သုံးယောက်လည်း သန့်သန့်ပြန့်ပြန့်ဝတ်စားဆင်ယင်ကာ မင်္ဂလာမဏ္ဍပ်သို့ ချီတက်ခဲ့ကြလေသည်။မချီတက်လို့ မဖြစ်ဘူးလေ။ဒီမင်္ဂလာဆောင်က နတ်ရေးတဲ့ဖူးစာကြောင့်ဆောင်ရတဲ့ မင်္ဂလာဆောင်မဟုတ်ပဲ၊ကိုယ်တွေရဲ့ လက်ကမြင်းမှုကြောင့် ပျားအပေါင်းတို့ စုပေါင်းစပ်ပေးလိုက်တဲ့ ပျားရေးတဲ့ဖူးစာလေ။
မင်္ဂလာဆောင်မဏ္ဍပ်ရှေ့ရောက်လာလေပြီ။မဏ္ဍအတွင်းသို့မဝင်မှီ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ အခြေအနေကို ကြိုတင်ထောက်လှမ်းအကဲခတ်လိုက်သည်။မင်္ဂလာဆောင်ရက်မရောက်မှီ ပျားတုပ်ထားသော ဒဏ်ရာများကို ပျောက်ကင်းအောင်ကုသခဲ့သော်လည်း တုပ်သောပျားများမှာ ပျားကြီးမျိုးဖြစ်၍ အဆိပ်ပြင်းသောကြောင့် ဒဏ်ရာတို့မှာ မပျောက်ကင်းသေးပဲကျန်ရှိနေရာ မိတ်ကပ်ထူထူအောက်တွင် မို့မောက်နေသော မျက်လုံးအစုံနှင့် နှုတ်ခမ်းနီရဲရဲတို့ဖြင့် ထော်လန်ပြဲနေသော နှုတ်ခမ်းတို့သည် ဖောင်းကားနေသော ပါးပြင်တို့နှင့် ပနံသင့်လှပေသည်။မဏ္ဍပ်အတွင်းရှိ ဧည့်ပရိတ်သတ်အပေါင်းမှာလည်း ဧည့်ခံထားသော မုန့်နှင့်လက်ဘက်ရည်ကိုပင် မေ့လျော့နေပြီး အဖုအထစ်ကိုယ်စီဖြင့် လှပဝင့်ထည်နေသော မင်္ဂလာသတို့သားနှင့်သတို့သမီး၏ အလှကို မော်ဖူးရင်း မှင်သက်မိနေကြသည်။
ကျွန်တော်တို့သုံးယောက်လည်း ဒီနေရာတွင် ကြာကြာနေ၍မဖြစ်တော့သည်ကို ရိပ်မိသဖြင့် ထမင်းကျွေးသည်ကိုပင် မစားပဲ အိမ်အရောက်ပြန်ပြေးခဲ့ရလေသည်။ပြန်မလာလို့လည်းမဖြစ်။ကျွန်တော်တို့ကြောင့် များပြားလှသော မင်္ဂပွဲလာ ဧည့်ပရိတ်သတ်များရှေ့တွင် အရှက်ကွဲရသည့်အဖြစ်ကို စိတ်တိုဒေါသထွက်ကာ ကျွန်တော်တို့အား ရန်ရှာလာပါက များပြားလှသော လူကြားများတွင် ပြေးပေါက်ရှာနိုင်ဖို့ ခက်ခဲလွန်းလှသည်မဟုတ်ပါလား။အသက် ဉာဏ်စောင့်တယ်လို့ ပြောကြတာပဲ။ဘာပဲဖြစ်ဖြစ် ကိုယ်အန္တရာယ်ကင်းဖို့က အဓိက။ဟုတ်ဘူးလား ပရိတ်သတ်ကြီးရယ်။
အိမ်ရောက်ပြီး ဧည့်ခန်းက ထိုင်ခုံပေါ် ထိုင်မိကာမှ စိတ်အေးနိုင်တော့တယ်။ကျွန်တော်တို့သုံးယောက်နှင့် ပျားအပေါင်းတို့ ပေါင်းစပ်ပုံဖော်ပေးလိုက်တဲ့ ပျားရေးသည့်ဖူးစာမောင်နှံတို့ မင်္ဂလာသီချင်းသံကတော့ အထက်ကောင်းကင်၊အောက်ဘဝဂ်တိုင် ပျံ့လွင့်လျက်ပေါ့.......။
စာရေးသူ - ဇွဲ
ဟာသဝတ္ထုတို (၁)
27/9/2024 (Fri)
ကျန်းမာရွှင်လန်းကြပါစေ။ စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။
Keep Reading