Author's Profile Photo

ဇွဲ

27/09/2024

ကျောင်းတော်ဆီသို့ အလည်တစ်ခေါက်

3 mins read
Education
General Knowledge
18 Again
ကျောင်းတော်ဆီသို့ အလည်တစ်ခေါက်'s photo
နိုင်ငံ့အနာဂတ်ကြယ်ပွင့်များထုဆစ်ပုံဖော်သောနေရာသည် အသက်မဲ့နေပါက နိုင်ငံ၏ အသက်ကော ရှည်နိုင်ပါ့မည်လားဟု တွေးပူမိပါသည်။

ကျွန်တော်သည် ဇာတိချက်ကြွေမွေးရပ်မြေမှ ကျောင်းတော်ကြီးရှေ့သို့ ရောက်ရှိနေပါသည်။အရင်အချိန်ကာလများဆီက စာအံသင်ကြားသံ၊ကျောင်းသားများ အော်ဟစ်​ဆော့ကစားသံတို့ဖြင့် ဆူညံလှုပ်ရှားခဲ့သော ကျောင်းတော်ကြီးသည် ယခုအခါတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း '' ပညာမြင့်မှ လူမျိုးတင့်မည် '' ၊ '' ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " '' ဆရာ၊မိဘ ပူးပေါင်း ကလေးပညာကောင်း '' စသည့် ချိတ်ဆွဲထားသော ပညာရေးဆိုင်းဘုတ်များမှာ ဝင့်ထည်နေကြလေသည်။စစ်မှန်သောပညာရေးမပေးနိုင်ပဲ ပညာတတ်များပေါ်ပေါက်နိုင်ပါသလား။ပညာမြင့်မှ လူမျိုးတင့်မည်ဆိုလျှင် ကျွန်တော်တို့နိုင်ငံသည် ပညာရေးကို မည်မျှအားပေးကြပါသလဲ။ကျွန်တော်တို့နိုင်ငံ၏ပညာရေးသည် ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တစ်ခု တည်ဆောက်နိုင်အောင် အဆင့်မှီနေပြီလား။ထိုထိုသော မေးခွန်းများသည် ကျွန်တော့်ခေါင်းထဲသို့ စုပြုံဝင်ရောက်လာပါသည်။

မေးခွန်းများအတွက် လုံလောက်သောအဖြေများ မရရှိခင် ကျောင်းဆောင်မျက်နှာစာတွင်ရှိသော ပန်းခြံလေးဆီသို့ အကြည့်ရောက်သွားခိုက် ရေလောင်းပေါင်းသင်မည့်သူမရှိသဖြင့် တချို့သော ပန်းပင်များမှာ ခြောက်သွေ့ပျက်ဆီးကာ ကျန်ရှိနေသော ပန်းပင်များမှာလည်း တချို့မှာ ပိုးကိုက်အရွက်အနည်းငယ်သာရှိနေသလို ပန်းပိုးကိုက်ထားသည့် မလှမပ ပန်းပွင့်များဖြင့် အလှအပကင်းမဲ့စွာ ရပ်တည်နေသော ပန်းပင်များကိုမြင်လိုက်ရပါသည်။ဤပန်းပင်များသည် တစ်ချိန်က ဆရာများ၏ ဂရုစိုက်မှု၊ကျောင်းသားများ၏ ပြုစုမှုတို့အောက်တွင် ပန်းတွေ ဝေချင်တိုင်းဝေ၍ လှချင်တိုင်းလှကာ အလှမာန်ဝင့်ထည်ခဲ့ကြဖူးလေသည်။ပန်းပျိုးသူနှင့် ပန်းပိုးသတ်သူမရှိသော ပန်းပင်တို့သည် လှပနိုင်ရန် မစွမ်းဆောင်နိုင်ကြပေ။ကျောင်းပန်းခြံရှိ ပန်းပင်များ မပွင့်လန်းနိုင်ကြသော်လည်း ကျွန်​တော်၏ ရင်ထဲတွင် အလွမ်းပန်းပွင့်များဝေလာကာ အတိတ်ကိုမှန်းဆတမ်းတစိတ်များပေါ်ပေါက်လာပါသည်။

ထိုအချိန်တွင် ကျွန်တော့်ခေါင်းထဲသို့ အတွေးတစ်ခုဝင်ရောက်လာပါသည်။ '' မိဘဆိုတာ ပန်းပျိုးသည့်လက်၊ဆရာဆိုတာ ပန်းပိုးသတ်သည့်လက် " တဲ့။ယနေ့ခေတ်လူငယ်များ မိဘတို့ ချပေးသော ပညာရေးမျိုး​စေ့ကောင်းများ ရရှိကြပါရဲ့လား။ဆရာကောင်းတို့၏ ဆိုဆုံးမမှုနှင့်နာသုံးနာကိုအခြေပြုကာ ပေးကမ်းလာသော ပညာအမွေများ ရရှိကြပါရဲ့လား။ပန်းပျိုးသူနှင့်ပန်းပိုးသတ်သူမရှိသော ပန်းပင်လေးများ လှပဖူးဝေခွင့်မရရှိနိုင်ကြသလို မိဘနှင့်ဆရာသမားတို့၏ ပညာအမွေကို မရနိုင်သော လူငယ်တို့၏ အနာဂတ်မှာလည်း လှပရန်ခက်ခဲနိုင်သည်မဟုတ်ပါလား။

ကျွန်တော့်အရှေ့တွင်ရှိသော ကျောင်းတော်ကြီးသည် မျိုးဆက်သစ်ပန်းပွင့်၊ပန်းဖူးတို့ မဝေနိုင်သည်မှာ ကြာပြီဖြစ်သည်။ဆိုးရွားလာသော ခေတ်ကာလအခြေအနေများကြောင့် ကျောင်းတံခါးများပိတ်ခဲ့ရသည်။ပိတ်လိုက်ရသော ကျောင်းတံခါးရွက်များနှင့်အတူ '' ဗြောသံတိတ်ဆိတ်၊ဘိသိက်မပါ၊ဖိတ်စာမကမ်း၊မဏ္ဍပ်မထိုး၊တိုးတိုးမဖိတ်၊တိတ်တိတ်မလှူ၊ငွေမကူရ၊ယူလှည့်ကြစမ်း မြတ်ပညာ " ဟု ကြွေးကြော်လှူဒါန်းခဲ့သော ပညာအလှူပွဲသံများလည်း တိတ်ဆိတ်သွားခဲ့ရပါသည်။ယခုတော့ သည်တံခါးရွက်များကို ခေတ္တခဏ ဖွင့်ရချေတော့မည်။

ကျောင်းတံခါးရွက်များကို တွန်းဖွင့်ရင်း ဒီတံခါးများ အချိန်ကြာမြင့်စွာပိတ်နေမည်ကို ကျွန်တော်စိုးရိမ်မိပါသည်။ကျောင်းတံခါးများသည် ကျောင်းသားလူငယ်များအား လှပသောအနာဂတ်များပုံဖော်ရာ ရပ်ဝန်းသို့ ရောက်ရှိစေပြီး အောင်မြင်သောဘဝများဆီသို့ ပို့ပေးနိုင်သည့် တံခါးများမဟုတ်ပါလား။ကျောင်းတံခါးများဖွင့်လိုက်သည်နှင့် ဟိုအရင်ကလို အဖြူအစိမ်းကိုဝတ်ဆင်ကာ ခေါင်းပေါ်တွင် ပန်းတစ်ပွင့်နှင့်လှပနေသော အတန်းပိုင်ဆရာမလည်းမမြင်၊စာကျက်သူ၊စာဆိုသူ၊ဆော့ကစားသူ စသည်ဖြင့် ကိုယ်စိတ်ပါဝင်စားရာလုပ်ဆောင်နေကြသော ကျောင်းသားသူငယ်ချင်းများကိုလည်း မတွေ့ရ။တိတ်ဆိတ်လှပါသည်။ခြောက်သွေ့လှပါသည်။အထီးကျန်ဆန်လွန်းသည်။

သက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်ရင်း ရှေ့ကိုဆက်လျှောက်မိတော့ စာရေးခုံများနှင့်ထိတွေ့မိလေသည်။စာရေးခုံ၏ အေးမြသော အထိအတွေ့၊စာသင်ခန်း အငွေ့အသက်နှင့် ကျောင်းသားတစ်ယောက်၏ စိတ်ခံစားမှုတို့ကို တစ်ပြိုင်တည်းခံစားလိုက်ရပါသည်။ဝေးကွာနေခဲ့ရသော ခံစားချက်များနှင့်အတူဝင်ရောက်လာသည်မှာ နှမြောတသစိတ်ဖြစ်သည်။ကျောင်းသားလူငယ်များသည် စာသင်ခန်းနှင့်စာရေးခုံကိုပစ်ပယ်ကာ လောကဓံနှင့် စီးချင်းထိုးနေရချေပြီ။ဦးနှောက်အာဟာရ၊နှလုံးသားအာဟာရမပြည့်ဝသေးသော ကျောင်းသားလူငယ်အများစုသည် လောကဓံ၏ ထိုးနှက်မှုကြောင့် အတုံးအရုန်းလဲပြိုနေကြရသည်။

ကျောင်းစာသင်ခုံများရှေ့ရှိ ဆရာစားပွဲတွင် တင်ထားသော မှတ်စုစာအုပ်များမရှိ။ကုလားထိုင်သည် ထိုင်သူမဲ့ကာ မြေဖြူခဲနှင့်သင်ပုန်းဖျတ်တို့မှာ ကိုင်တွယ်သူမရှိ၍ မျက်နှာငယ်နေကြလေသည်။အတန်းရှေ့ရှိ ကျောက်သင်ပုန်းကြီးမှာကား ဆိုဖွယ်မရှိတော့ပြီ။ကျောင်းသားလူငယ်များ လောကဓံနှင့်စီးချင်းထိုးနေရချိန်တွင် တပ်ဦးမှ ဆရာများသည်လည်း အပြုံးမာန်မဝင့်နိုင်ကြတော့ပေ။

ကျောင်းစာသင်ခန်းများသည် နိုင်ငံ့ကြယ်ပွင့်များ ပုံဖော်ထုဆစ်ရာ၊ဉာဏ်အလင်းစုဆောင်းရာ​၊နိုင်ငံ့အနာဂတ်မြေပုံရေးဆွဲသောနေရာများဖြစ်သည်။ယခုတော့ ပုံဖော်ထုဆစ်ပေးမည့်ဆရာ,မရှိ၊ နိုင်ငံ့ကြယ်ပွင့်လောင်းလျာကျောင်းသားများလည်းမရှိသော ကျောင်းစာသင်ခန်းသည် အသက်မဲ့နေလေပြီ။နိုင်ငံ့အနာဂတ်ကြယ်ပွင့်များထုဆစ်ပုံဖော်သောနေရာသည် အသက်မဲ့နေပါက နိုင်ငံ၏ အသက်ကော ရှည်နိုင်ပါ့မည်လားဟု တွေးပူမိပါသည်။နိုင်ငံအသက် မရှည်လို့မဖြစ်။ကမ္ဘာမှာ မြန်မာဆိုပြီး ဝင့်ထည်နေရမည်။ကမ္ဘာကို မြန်မာက ပညာဖြင့် ဦးဆောင်နိုင်ရမည်။ဒါဆို ဘယ်လိုလုပ်နိုင်မည်လဲ။အဖြေက ရိုးရှင်းပါသည်။ပညာတတ်ပေါများအောင် ကြိုးစားကြရမည်။လူငယ်များ ကျောင်းစာတင်မက ပြင်ပဗဟုသုတများပါပြည့်စုံကြွယ်ဝအောင် ဆောင်ရွက်ပေးရမည်။လူငယ်တွေ စာဖတ်အောင် တိုက်တွန်းရပါမည်။စာဖတ်ချင်သောလူငယ်များ အလွယ်တကူစာဖတ်နိုင်အောင် စာကြည့်တိုက်များ ပြင်ဆင်ပေးထားရပါမည်။စာအုပ်ဆိုင်များ ဖွင့်လှစ်ပေးထားရမည်။အဖြေသည်ရိုးရှင်းသော်လည်း ပုံဖော်ရန်မူခက်ခဲကောင်း ခက်ခဲနိုင်ပေသည်။သို့သော် ဖြစ်မြောက်အောင်ကြိုးစားနိုင်မှသာလျှင် ပညာဖြင့် ကမ္ဘာကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။

ကျွန်တော်သည် ကျောင်း၏ အငွေ့အသက်များကြောင့် ဝမ်းနည်းစိတ်နှင့် နိုင်ငံအနာဂတ်အတွက်တွေးပြီး စိုးရိမ်သောကစိတ်များ ရောပြွန်းခံစားနေရသည်။မဖြစ်ချေတော့။ဤနေရာမှ ထွက်ခွာမှဖြစ်တော့မည်။

ကျောင်းရှေ့ပန်းခြံထဲမှ ပန်းပင်များကို တစ်ချက်လှမ်းကြည့်မိသည်။မြင်ကွင်းကား မပြောင်းသွားချေ။ခြောက်သွေ့ဆဲ၊တိတ်ဆိတ်ဆဲ၊အကျည်းတန်ဆဲ။

ပြုစုသူ ဥယျာဥ်မှူးမရှိသော ခြောက်သွေ့နေသည့်ပန်းပင်များ၊ရေးခြစ်မည့်သူ မရှိသော ကျောက်သင်ပုန်းနှင့်မြေဖြူခဲများ၊ထိုင်မည့်သူမရှိသော စာရေးခုံများနှင့် ဖွင့်မည့်သူမရှိသော ကျောင်းတံခါးချပ်များကို ကျောခိုင်းလျှက် ထွက်ခွာလာခဲ့လေပြီ။ခေတ္တခဏအလည်လာရသူမို့ ပြန်ရချေအုန်းမည်။ကံကြမ္မာအကြောင်းပေး၍ အခွင့်အခါသင့်ခဲ့လျှင် ကျောင်းဝတ်စုံအဖြူအစိမ်းကို ဝတ်ဆင်ကာ အတန်းရှေ့မှ ကျောက်သင်ပုန်းပေါ် ဆရာရေးခြစ်လိုက်သော သင်ခန်းစာများကို စာရေးခုံပေါ် စာအုပ်တင်ကာ မှတ်စုများရေးလိုပါသေးသည်။ဒုတိယမိသားစုနှင့်နေခဲ့ရသော ဒုတိယအိမ်ဆောင်ကြီးနှင့် ခွဲခွာရသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ဤကျောင်းတော်ကြီး၏ တံခါးချပ်များ အမြန်ဆုံးပြန်လည်ဖွင့်နိုင်ကြပါစေ။ကျောင်းသားလူငယ်အပေါင်း ကျောင်းတံခါးချပ်များကိုဖြတ်သန်းကာ လှပသောအနာဂတ်ကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း မေတ္တာပို့ဆုတောင်းရင်း ​ခြေလှမ်းများက ကျောင်းဝင်းအပြင်သို့.....။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၂)
27/9/2024 (Fri)



စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?