မော်ဂန်
ဒီရက်ပိုင်း ကျွန်တော့်သူငယ်ချင်းတော်တော်များများက ကျွန်တော့်ကိုလာလာမေးခွန်းတော်တော်များများလာမေးကြပါတယ်။
“၁၅၀၀အချစ်ဆိုတာဘာလဲ “
“၅၂၈အချစ်ဆိုတာဘာလဲ”
“အချစ်ဆိုတာဘာလဲ”အစသဖြင့်ပေါ့
အထက်က မေးခွန်းသုံးခု ထဲမှမေးခွန်း ၂ခုအတွက်တော့ ကျွန်တော့မှာအနည်းအကျဉ်းအဖြေရှိပါတယ်။
သုံးခုမြောက်မေးခွန်းဖြစ်တဲ့
အချစ်ဆိုတာဘာလဲ?
ဆိုတဲ့အထက်ပါမေးခွန်းအတွက်တော့ ကျွန်တော်မှာအဖြေမရှိသလိုတိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တော့
မရှိပါဘူး။ အကယ်၍အဖြေတစ်ခုပေးရမည်ဆိုရင်
“အချစ်ဆိုတာ တုနှိုင်းမဲ့ဒြပ်မဲ့ ရတနာတစ်ပါး”
လို့သာဖြေမိပါလိမ့်မယ်။
၁၅၀၀အချစ်ဆိုတာဘာလဲ?
၅၂၈အချစ်ဆိုတာဘာလဲ?
အပေါ်ကမေးခွန်းနှစ်ခုအတွက် တော့ ကျွန်တော်
မော်ဂန်တတ်သလောက်၊မှတ်သလောက် ၊
ဖတ်မှတ်လေ့လာဖူးသလောက်ရှင်းပြပါ့မယ်။
-၁၅၀၀အချစ်(သမီးရည်းစား အချစ်)-
*********************************
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၄/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)
အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -
- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး
ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -
( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်
-၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)-
*********************
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ -
(၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉) သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ တို့ဖြစ်ပါတယ်။
အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -
- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။
အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -
ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ
၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈) မေတ္တာကို ထားနိုင်မလဲ
ကိုတော့ စာဖတ်သူတို့ကိုယ်တိုင်သာတွေးတောစေချင်ပါတယ်။ မိဘတို့ အနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ "ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။
******
စာဖတ်သူတစ်ဦးချင်းစီတိုင်းကို အစဉ်လေးစားလျက်ပါ။
သာယာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ။
ကျွန်တော် စာရေးသူ မော်ဂန် ပါ။
Telegram: moxgen_u
Keep Reading