မိုးနှောင်းအလင်္ကာ
လှတောသားလို့ပြောလိုက်တာနဲ့ စကားကို ပုံတိုပတ်စတွေနဲ့ ဥပမာစုံစွာခိုင်းနှိုင်းတတ်ပြီး စကားပြောသိပ့်ကောင်းကြတဲ့လူတွေဆိုတာ သိပြီးသားဖြစ်မှာပါ။တကယ်လည်း လှတောသူ၊လှတောသားတွေဟာ စကားကြွယ်ပြီး ပျော်ပျော်နေတတ်ကြတဲ့ သူတွေပါ။ဒီညနေခင်းတစ်ခုလုံး လှတောရွာသားတွေနဲ့ပွဲကျနေတဲ့ ကျွန်တော်က ဆရာကြီးရဲ့ စာပေဟောပြောပွဲ စမှဘဲလူစုကွဲသွားတော့တယ်ဗျ။
ဆရာကြီးပြောတဲ့ ခေါင်းစဥ်က "အရေးအကြီးဆုံးကဘာလဲ" တဲ့ဗျ။ ဆရာကြီးပြောတဲ့ခေါင်းစဥ်က သိပ့်ကောင်းတာဗျာ။ဘ၀အတွက်အရေးကြီးတာတွေ ဘာတွေက ဘ၀တတ်လမ်းကို ပိတ်ပင်ထားလည်းဆိုတာတွေ စတဲ့အရာတွေကိုစီကာပတ်ကုံးနဲ့ တစ်ခါတစ်လေဟာသ ကလေး နှောပြီးပြောသွားတာသိပ့်နားထောင်ကောင်းသဗျာ။
ဆရာကြီးက ဘ၀အစိတ်အပိုင်းတွေမှာ အရေးအကြီးဆုံးဆိုတာတွေကိုဆွဲထုတ်ပြီးပြောရင်း အပြုံးတွေဘက်ရောက်လာပါလေရော်ဗျာ။လူဆိုတာအပြုံးတွေနဲ့ခရီးသွားတတ်ရမယ်၊အပြုံးနဲ့ခရီးသွားတဲ့အခါ ဘယ်အိမ်တည်းတည်းကျောတခင်းစာရတယ်။အပြုံးနဲ့ဆီးကြိုတတ်ကတယ်။အပြုံးနဲ့ဆီးကြိုတဲ့အခါ ဘယ်သူလာလာ လက်ဆောင်တစ်ခုတိုးတယ်။ ဆရာကြီးရဲ့ အပြုံးအကြောင်းအရေးပါပုံတွေပြောတော့ ကျွန်တော်လည်း သင်ယူရင်း တကယ် ချီးကျူးမိတယ်။
ကိုယ့်ဆရာမို့ပြောတာမဟုတ်ပေမဲ့ ဆရာကြီးက အပြောအဟောသိပ့်ကောင်းတာဗျာ။ဒါ့အပြင် ဗဟုသုတလည်းရှိ ပညာနယ်ပယ်မှာလည်း နှံ့စပ်တော့ ဆရာကြီးစကားကြားရသူအဖို့ ပညာယူစရာတွေကြီးပါဘဲဗျာ။အဲ့ဒီညက အခြားဆရာနှစ်ဦးဆရာကြီးအပါဆို ၃ဦးတိတိဟောပြာကြတာ ည၁၂လောက်မှ ပြီးသဗျာ။
မနက်မိုးလင်းတော့ ဆရာကြီးက နောက်ထက်စာပေဟောပြောပွဲတွေရှိတာမို့ ဒီမနက်စထွက်မယ်တဲ့ဗျာ။ကျွန်တော်လည်း အထုပ်ပြင်ပြီး မနက်စာကို အညာရွာထိပ်ထနောင်းညီနောင်ပင်ကြီးအောက်က အကြော်တဲကလေးဆီကိုဆရာတပြည့်နှစ်ယောက်ခြေသုတ်တင်ကြတာပေါ့ဗျာ။
အကြော်တဲကလေးဆီရောက်တော့ အကြော်တွေမြန်မာမုန့်တွေစုံနေတာဘဲဗျာ။ကျွန်တော်တို့ဆရာတပြည့်နှစ်ယောက်လည်း အကြော်မှာစားနေလိုက်တယ်။
အညာမှာ မနက်စောစောဆိုတော့ ယာထဲဆင်းဖို့ပြင်ဆင်နေတဲ့ ယာသမား၊လယ်သမားတွေနဲ့ အကြော်တဲလေးက စိုစိုပြေပြေလေးဗျ။
အဲ့ဒီမှာ ကျွန်တော်တို့နောက်မှာ အကြော်ထိုင်စားနေတဲ့ လှတောသား သုံးယောက်ထဲက ခပ်ပုပုနဲ့တစ်ယောက်က စကားစပါလေရော်
"ချက်ဖောင်းတို့ကြွက်နီ တို့ ညက စာပေဟောပြောပွဲနားထောင်တာဘယ်လိုလည်း ကောင်းလားကွ။"
ပိန်ပိန်ရှည်ရှည်နဲ့ ချက်ဖောင်းဆိုတဲ့တစ်ယောက်က
"ကောင်းတာပေါ့ကွာ။ဆရာကြီးတို့ စာပေဟောပြောပွဲလည်း ပြီးရော ဂျိုဘို့တူနွားညီနောင် နဲ့ လယ်ပြိုင်ထွန်တာ ငါ့မမှီပေါင်ကွာ။"
"ဟုတ်ပေါ့ ချက်ဖောင်းရယ် ကျုပ်ဆို ဆရာကြီးတွေ စာပေဟောပြောပြီးတော့ စိတ်အားတွေထက်သန်လာလိုက်တာ
မိုးကောင်းကင်တောင် တံတောင်နဲ့ထောင်းပလိုက်ချင်စိတ်တောင်ပေါက်တယ်ဗျာ"
အဲ့ဒီအခါ ပထမဆုံးစကား စလိုက်တဲ့ လူက
"ဟ ကိုယ့်လူတို့ရာ အဲ့လိုမှန်းသိ ကျုပ်ဟိုဘက်ရွာကနေ
နှစ်လှမ်းလေးဖ၀ါးနဲ့ လာခဲ့ပါတယ်ဗျာ"
အဲ့ဒီစကားလည်းကြားရော ကျွန်တော်ရေနွေးတောင်သီးပါတယ်ဗျာ။ မြတ်စွာဘုရားက တာ၀တံသာ နတ်ပြည်ကို နှစ်လှမ်းသုံးဖ၀ါး နဲ့ကြွတယ်ဆိုတဲ့ အကြောင်းအရာကို အရင်းခံပြီး စာပေဟောပြောပွဲကို နှစ်လှမ်းလေးဖ၀ါးနဲ့ လာခဲ့မယ်ဆိုတော့ ကျွန်တော် ရေမသီးဘဲနေမလားဗျာ။
အဲ့တာနဲ့ ကျွန်တော်တို့လည်း စားသောက်ပြီးတော့ ပိုက်ဆံရှင်းဖို့အသွား စျေးသည်အဒေါ်ကြီးနဲ့ ဘေးနားက ခပ်၀၀ မိန်းမကြီးပြောနေတာကို ကြားလိုက်ရသည်ကား
"အမကြီးရေ တော်စျေးရောင်းတာလည်း နည်းနည်းပါးပါးပြုံးပါအုံးတော့ မနေ့ညက ဆရာကြီးတွေ ပြောသွားတဲ့ အထဲမှာ အပြုံးနဲ့ ခရီးသွားရမယ်ဆိုတာလေတောင်ပါသေးမဟုတ်လား။"
"အမလေး ...မအုန်းခင်ရယ် ကျုပ်တော့ အပြုံးအတွက်ခရီးစရိတ်အကုန်မခံနိုင်ပေါင်တော်"
ကဲဗျာ ကျုပ်ဆရာရဲ့ အပြုံးတွေနဲ့ခရီးသွားတာလည်း လှတောသားတွေနဲ့တွေ့တော့ ခရီးစရိတ်ကုန်မှာစိုးတယ်တဲ့ဗျာ။
#မိုးနှောင်းအလင်္ကာ
Keep Reading