အိမ်ပြေး ဒိုင်ယာရီ
ကျွန်တော် ပြောင်းလဲနေတယ်။ ဒီရက်ပိုင်း သိသိသာသာကို ပြောင်းလဲနေတယ်။
ဘာတွေ ပြောင်းလဲနေတာလဲ။ ဘယ်လို ပြောင်းလဲလာတာလဲ။
ပထမဆုံး ပြောင်းလဲမှု။
ဒီနေ့ပါ အပါအဝင် တွက်မယ်ဆို ကျွန်တော် မနက် ၅ နာရီ အိပ်ရာထတာ ၁၂ ရက် တိုင်တိုင် ရှိခဲ့ပြီ။ ဒါဟာ ကျွန်တော့်ဘဝမှာ တစ်ခါမှ မရှိဖူးတဲ့ ပြောင်းလဲမှုကြီး တစ်ခုပဲ။ ဘာလို့ဆို ကျွန်တော့် ဘဝ တစ်လျှောက်လုံး ဒီလောက်ကြာကြာ နေ့စဥ်ရက်ဆက် မိုးမလင်းခင် ထတယ်ဆိုတာ မရှိဖူးလို့ပဲ။
အရင်က မထဖူးလို့လားဆိုတော့ မဟုတ်။ ထဖူးတယ်။ သို့ပေမဲ့ တစ်ရက်၊ နှစ်ရက်။ ကိုရင် ဝတ်တုန်းကတော့ ဆွမ်းစားဖို့ ထရတာတွေလဲ ရှိဖူးတာပေါ့။ ဒါမဲ့ ဒီ တစ်ခေါက် စံချိန်လောက် တစ်ကြိမ် တစ်ခါမှ မကြာဖူးခဲ့။
ဒုတိယ ပြောင်းလဲမှု။
အဲ့သည် မနက်ထတဲ့ ၁၂ ရက်လုံးလုံး ထပြီးပြီးချင်း ကျွန်တော် လေ့ကျင့်ခန်း လုပ်ဖြစ်နေတယ်။ " တစ်ရက်တော့ လေ့ကျင့်ခန်း ပုံမှန် စလုပ်မယ် " လို့ တေးထားတဲ့ လုပ်ချင်စိတ်က မနက် ထလိုက်မှပဲ လုပ်ဖြစ်တော့တယ်။
တတိယ ပြောင်းလဲမှု။
၁၂ ရက်ဆက်တိုက် တစ်နေ့ကို စာအုပ် အနှစ်ချုပ် တစ်အုပ် ဖတ်ဖြစ်နေတယ်။ စာဖတ်တာကတော့ ကျွန်တော့်အတွက် ဘာမှ သိပ်ဆန်းလှတဲ့ ကိစ္စ မဟုတ်။ သို့ပေမဲ့ ကျွန်တော် ဒီရက်ပိုင်း ဖတ်ခဲ့ရတဲ့ စာတွေထဲက တချို့ကြောင့် ..
ကျွန်တော် ဆေးလိပ်ဖြတ်နိုင်ခဲ့တယ်။
မနက် စောစောထဖြစ်တယ်။
လေ့ကျင့်ခန်း ပုံမှန် လုပ်ဖြစ်လာတယ်။
နေ့စဥ် တရားထိုင် (သို့) ဒိုင်ယာရီ အတိုလေးတွေ ရေးဖြစ်လာတယ်။
ပိုက်ဆံလျှော့သုံးဖြစ်တယ်၊ နောက်လ လစာရတာနဲ့ ငွေသေချာစုပြီး financial planning သေချာလုပ်မယ်ဆိုတဲ့ အတွေး ပထမဆုံး ဝင်ခဲ့တယ်။
FB ကို ဖုန်းထဲက အပြီးတိုင် ထုတ်နိုင်ခဲ့တယ်။
ဒါတွေ လုပ်နိုင်တာကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေ၊ လုပ်နိုင်တယ်ဆိုတဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်။
ဒီပြောင်းလဲမှုတွေရဲ့ အစ ဘယ်ကလဲ။ အမှန်တော့ ကျွန်တော့်ရဲ့ ပျင်းစရာကောင်းတဲ့၊ အဓိပ္ပါယ် မရှိတဲ့၊ productive မဖြစ်တဲ့ ကျွန်တော့်ဘဝကြီးကို ပြောင်းလဲချင်တာ တော်တော်ကြာနေခဲ့ပြီ။ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းကကို ကျွန်တော် ပြောင်းလဲချင်နေခဲ့တာ။ အဲဒီတုန်းက " ငါ ပြောင်းလဲဖို့ကို လုပ်တော့မယ် " ။ ဒါမဲ့ ပြောင်းလဲမှုကို စဖို့ ဒီအလုပ်မှာလုပ်နေသရွေ့ ငါစနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကျွန်တော်တွေးနေခဲ့တယ်။
ဒီတော့ ပြောင်းလဲတော့မယ်လို့ စိတ်ကူးတစ်ခါပေါက်လာရင် အလုပ်ထွက်မယ်လို့ တစ်ခါပြောတယ်။ ဒီလိုနဲ့ စုစုပေါင်း ၃ ကြိမ်လောက် အလုပ်ထွက်မယ်လို့ ပြောဖြစ်ခဲ့တယ်။ ထွက်မယ် တစ်ခါ ပြောလိုက် အလုပ်က လစာ တစ်ကြိမ် တိုးပေးလိုက်နဲ့ပဲ ကျွန်တော် ဒီအလုပ်မှာ တစ်နှစ်ကျော်ခဲ့ပြီ။
နောက်ဆုံးတစ်ကြိမ် အလုပ်ထွက်မယ်ပြောတော့ လစာတိုးတဲ့အပြင် နားရက် တစ်ရက်ပါ အပိုရခဲ့တယ်။ ဒီလိုနဲ့ပဲ နားရက်တွေမှာ ကျွန်တော့် ဝင်ငွေရှာနိုင်စွမ်းကို တိုးတက်လာစေဖို့ Sales , Marketing သင်တန်းတွေတက်ဖြစ်ခဲ့တယ်။ ပြီးတော့ တချို့ရက်တွေမှာ စာအုပ်လေးတစ်အုပ်ကိုင်ပြီး ကာဖီဆိုင်မှာ အချိန်ဖြုန်းတာပေါ့။
လွန်ခဲ့တဲ့ ၂ လ လောက်က စလို့ ကျွန်တော် အပိုဝင်ငွေရှာရမယ်၊ ကိုယ်ပိုင်အလုပ် စလုပ်ရတော့မယ်ဆိုပြီး ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ချမှတ်နေခဲ့တယ်..
ပထမဆုံးတစ်ခုက Education Agency ထောင်ဖို့
ဒုတိယက copywriting စာအုပ် ထုတ်ဝေဖို့
တတိယက copywriting သင်တန်းဖွင့်ဖို့၊ client ရှာဖို့
၄ ခုမြောက်က အာမခံ လုပ်ဖို့
၅ ခုမြောက်က အနှစ်ချုပ် ဘာသာပြန် ရောင်းဖို့
ခုလည်းတစ်ခါ အိမ်ပြေး ဒိုင်ယာရီဆိုပြီး စာဖတ်မှာ တင်မလို့ လုပ်နေပြန်ပြီ။
Goal တစ်ခု ချတယ်၊ နည်းနည်း အကောင်အထည်ဖော်ဖြစ်တယ်၊ ပြီးရင် နောက် goal တစ်ခုကို ပြောင်းချတယ်။ ဒီလိုနဲ့ goal တွေ တစ်ခုပြီးတစ်ခုချ၊ ပြီးရင် ဘာမှလဲ ပြီးမြောက်အောင် မလုပ်ဖြစ်လိုက်။
ငါ ဘာဖြစ်ချင်နေတာလဲ။ ဒီ အရာတွေကို ငါ တကယ်မလိုချင်လို့လား။ ဒါမှမဟုတ် ဒီလိုလုပ်နေတာတွေဟာ ခက်ခဲတာတွေကို မလုပ်ချင်လို့ အချိန်တွေဆွဲပြီးရင်း ဆွဲနေတာလား။
ငါ တကယ် မလိုချင်လို့လား။ အမှန်က ပိုက်ဆံတော့ လိုချင်တယ်။ ပိုက်ဆံရဖို့ ပေးဆပ်ရမှာတွေကို အပင်ပန်းခံ မလုပ်ချင်ဖြစ်နေတာ။ တစ်နည်း၊ ပိုက်ဆံရှာဖို့ကို စိတ်အားထက်သန်မှု ရှိမနေတာ။ မလွဲမသွေ လုပ်ကို လုပ်ရမဲ့ အရာတစ်ခုလို မြင်နေတာကြောင့် ဖြစ်မယ်။
အမှန်တော့ ငွေကြေးချမ်းသာ ကြွယ်ဝခြင်းသည် ကျွန်တော့်ကိုယ်တွင်းမှ လာသည့် ဖြစ်ချင်စိတ် ဘယ်တုန်းကမှ မဟုတ်ခဲ့။ ပြင်ပက လွှမ်းမိုးမှု တစ်ခုခုကြောင့်သာ ရံဖန်ရံခါ ပေါ်လာတတ်သည့် ဖြစ်ချင်စိတ် တစ်ခုမျှသာ ဖြစ်ပါတယ်။ ပိုက်ဆံပုံကြီးပေါ် တက်ထိုင်နေရသည်ဟု တစ်ခါမှ စိတ်ကူးမယဥ်ဖူး။ ခု ဒီလို စိတ်ကူးယဥ်မိလိုက်တဲ့ အတွက်လဲ စိတ်လှုပ်ရှား ပျော်ရွှင်လာတာမျိုးလဲ မဖြစ်။
သို့သော် ကျွန်တော့် ဝမ်းတွင်းက ပေါ်လာသည့် ဖြစ်ချင်စိတ်၊ ပြင်ပနှိုးဆော်မှု မပါဘဲ ခန ခန ပေါ်လာသည့် ဖြစ်ချင်စိတ် တစ်ခုတော့ ရှိသည်။ ယင်းကား သံယောဇဥ် အနှောင်အဖွဲ့တို့ကို ဖြတ်တောက်၍ တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ်ဖြင့် စွန့်စားခန်းတွေ ထွက်လိုခြင်း ဖြစ်သည်။ အဲ့သည်လို နေရမယ့် ဘဝကြီးကို စိတ်ကူးကြည့်မိလိုက်လျှင် စိတ်လှုပ်ရှား၍ ပျော်လာသည်။ သို့သော် ဒီလို စွန့်စားခန်းတွေ ပတ်ထွက်နိုင်ဖို့ဆိုရင် ပိုက်ဆံက လိုလာပြန်သည်။ သည့်အတွက် အလုပ်လုပ်ရမည်။ ရောက်တဲ့ အရပ်မှာ ရရာ အလုပ်ကို လုပ်မလား။ ဒါမှမဟုတ် passive income လမ်းကြောင်း ၂ ခု၊ ၃ ခုကို ဖန်တီးထားမလား။
သေချာတာကတော့ 9 to 5 အလုပ်ကြီးကို လုပ်နေပြီး ခြေခြုပ်မိမနေရဖို့၊ ပိုက်ဆံနောက်ချည်းလိုက်ရင်း ဘဝကို မကုန်ဆုံးသွားရစေဖို့ ဖြစ်သည်။ ဘဝမှာ ရှင်သန်ချင်သည်။ အပြည့်အဝ ရှင်သန်ချင်သည်။ ရှင်လျက်နဲ့ သေနေရသည့် ဘဝမျိုး၊ ဘာအဓိပ္ပါယ်မှ မရှိသည့် ဘဝမျိုး မဖြစ်ချင်။ ကျွန်တော့်ဘဝကို လွတ်လွတ်လပ်လပ် ရှင်သန်ချင်သည်။ ဟုတ်သည်။ ကိုယ်ဖြစ်ချင်သည့် ပုံစံဖြင့် ရှင်သန်နေထိုင်မည်။
ဘာနဲ့မှ ချည်နှောင်ခြင်း မခံထားရမည့် လွတ်လပ်သည့် ဘဝတွင် နေထိုင်မည်။
22.9.24
Keep Reading