Youth’s Book Reflections
“ကျွန်တော်ရယ်တာ ဌာန်ကရိုဏ်း မကျဘူးဟု ထင်နေမိ၏။ ကျွန်တော်သည် ဟက်ဟက်ပက်ပက် ရယ်မောခြင်းကို မေ့နေပြီလော၊ မရယ်တတ်တော့ပြီလော။ရယ်ခြင်းကိုပင် ပြန်လည်၍ လေ့ကျင့်ရဦးအံ့ ထင်သည်။”
~Pg-23
စာအုပ်နာမည်မြင်တော့ မဖတ်ရသေးခင် ဆရာကြီး မင်းသုဝဏ်ရဲ့ ‘နှင်းဆီပွင့်’ကဗျာထဲကလို အဖြစ်မျိုးလားဆိုပြီး judgeလုပ်ခဲ့မိတယ်။သို့သော်လည်း “Don’t judge a book by its cover” ဆိုသလိုပေါ့။
ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးကို အစမှာ ထောင်ကလွတ်တာနဲ့စထားတာပါ။ဘာကြောင့် ထောင်ကျရတယ်ဆိုတာကို ကျနော်အဖတ်မမှားရင် ထည့်မဖော်ပြထားဘူးထင်ပါတယ်။ အဆီးအတားမရှိတဲ့ မြေပေါ်ကို စနင်းရတဲ့ ငယ်ရွယ်နုပျိုမှုတွေ စတေးခဲ့ရတဲ့ လူငယ်လေးရဲ့ ခံစားချက်။’ထောင်’ဆိုရင် ခြင်ထောင်နဲ့တောင်မအိပ်ချင်ဘူးတဲ့။နုပျိုသန်မာမှုတွေကိုရိုက်ချိုးပစ်ခံခဲ့ရပုံများ…
နိုင်ရာစားလောကကြီးမှာ ခွန်အားကြီးတဲ့သူက နိုင်တယ်။ကြက်တောင်ရိုက်ပွဲမှာ ဖြစ်ပျက်သွားတာကို ဖတ်ရတော့ တက်သစ်စ အခွင့်ထူးခံလေးနဲ့ အထက်ဖားအောက်ဖိတို့နှစ်ယောက် ခံလိုက်ရပုံကို မျက်စိထဲမြင်လာတယ်။
ဒါ့အပြင် ချစ်သူနှစ်ယောက်ကြားက ပဋိပက္ခလေးတွေကိုဖတ်ရတော့ ရေရှည်တွဲ မြဲစေဖို့ရာအတွက် အရိုးခံမေတ္တာနဲ့မလုံလောက်ဘဲ ထောင့်စုံအောင် တွက်ချက်ရတယ်။အရွယ်ကွာဟချက်၊ပညာကွာခြားချက်၊ပန်းတိုင်ကွာခြားချက် ၊မပွင့်လင်းတဲ့ဆက်ဆံရေး စသည်စသည် ကွဲပြားမှုလေးတွေက မသိမသာဖြစ်စေသိသိသာသာဖြစ်စေသူတို့ကြားမှာ အက်ကြောင်းရာတွေထင်စေခဲ့တယ်။
ကလေးအရွယ် နဲ့ လူလတ်ပိုင်းအရွယ် စပ်ကူးမပ်ကူးကာလမှာ ဆက်ဆံပုံ အမူအကျင့်တွေ ပြောင်းလဲလာတာကြောင့် ကမောက်ကမအဖြစ်အပျက်လေးတွေကလည်း ဖတ်ရမြူးစေပါတယ်။ဒါတင်မက အာဏာကိုအလွဲသုံးစားလုပ်တဲ့လူတွေ၊အချောင်ရအချောင်စား၊ကြောင်သူတော်တွေ ၊‘ကတညုတ ကတဝေဒီ’တရားမရှိတဲ့ လူတချို့စရိုက်ကိုလည်း ဆရာက အလွတ်မပေးထားပါဘူး။
နားလည်မှုတွေလွဲခဲ့ကြပြီး သံသယတွေကသူတို့နှစ်ယောက်သံယောဇဉ်ကို ဝေဝါးသွားစေတယ်။အနစ်နာခံခြင်းနဲ့ရက်စက်
ခြင်းနှစ်ခုကို လွဲမှားခေါင်းစဉ်တပ်
လိုက်မိရင်တော့ ပြင်မရတဲ့အမှားဖြစ်သွားမှာပါ။ ဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ဖြစ် နှင်းဆီပန်းတစ်ပွင့်ကတော့ သူ့ချစ်သူ ‘ခင်လေးခင်’ရဲ့ခေါင်းထက်မှာ ထာဝရ နေရာယူနေလိမ့်မယ်ဆိုတာ သေချာပါတယ်လေ။
သေချာအကွက်ချပြီးဆုံးဖြတ်တတ်တဲ့ ကောင်မလေး နဲ့ အချစ်ကိုကိုးကွယ်တဲ့ ကောင်လေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးက လှည့်ကွက်မျိုးစုံနဲ့ စာဖတ်သူရဲ့ ခံစားမှုရသကို အမိအရ ဖမ်းစားထားနိုင်မယ်လို့ မြင်မိပါတယ်။ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်ရသလို ဝတ္ထုရဲ့ရသအလေးအပေါ့ကို မြည်းကြည့်ကြပါဦးခင်ဗျာ..။
Rating-⭐️⭐️⭐️⭐️
#လမင်းကိုထရံပေါက်မှကြည့်ခြင်း #bookreview #မင်းလူ
Keep Reading