Kyi Nue (ကြည်နူး)
ကျွန်မတို့ရဲ့နေ့စဉ်ဘ၀မှာအရွယ်ရောက်လာပြီဆိုတာနဲ့ အလုပ်ကြောင့်ဖြစ်စေ၊ မိသားစုအရေးဖြစ်စေ ၊သမီးရည်းစားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စိတ်ဖိအားတွေရတတ်ကြပါတယ်။ အလုပ်အကိုင်ဆိုလဲလစာမြင့်လေ တာ၀န်ကြီးလေ ဖိအားပိုများလေပါပဲ။မိသားစုအရေးဆိုလဲ မိသားစုအနည်းအများမဆိုသိတတ်လေ ဖိအားပိုများလေဖြစ်တာကြောင့် စိတ်ဖိအားတွေများလာတဲ့အခါ ၀န်ပိမနေပဲဖိအားတွေကိုလျှော့ချတတ်ဖို့ အရေးကြီးပါတယ်။
လူတွေက ပိုချစ်ရင်ပိုခံစားရတယ်။ပိုတွယ်တာရင်လည်း ရှုံးဆုံးသွားတဲ့အခါ နှမြောတသဖြစ်မိရတာပဲ။ဘယ်အရာမဆိုအကောင်းနဲ့အဆိုးဒွန့်တွဲနေတာကြောင့် အကောင်းတွေနဲ့တွေ့ကြုံလာခိုက်မှာပျော်ရွှင်ကြည်နူးမိသလို ၊ အဆိုးတွေနဲ့ကြုံဆုံလာခဲ့ရင်လည်းအရမ်းကြီးစိတ်မထိခိုက်အောင်ကြိုးစားသင်ယူရပါမယ်။
အဆိုးနဲ့ကြုံဆုံခဲ့ရင်ဘလိုသင်ယူရမှာလဲ....
လွန်ခဲ့တဲ့အချိန်တွေတုန်းက မိတ်ဆွေကိုအရမ်းပျော်ရွှင်စေခဲ့တဲ့အကြောင်းအရာ (သို့) အရမ်းစိတ်ထိခိုက်၀မ်းနည်းစေခဲ့တဲ့အကြောင်းအရာကဘာလဲဆိုတာကိုသေချာပြန်စဉ်းစားပါ။ ၈၀% သောသူတွေက လွန်ခဲ့တဲ့အချိန်မှာဘယ်လောက်ပဲပျော်ရွှင်ခဲ့ ပျော်ရွှင်ခဲ့ ၊ဘယ်လောက်ပဲ၀မ်းနည်းခဲ့ ၀မ်းနည်းခဲ့ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုသေချာမမှတ်မိကြတော့ပါဘူး။မှတ်မိနေသေးတဲ့ကျန် 20% ထဲကအချို့သောသူတွေကအခုအချိန်မှာ ထိုအကြောင်းအရာတွေကိုရယ်မောပြောဆိုနေနိုင်ပြီး အချို့သောသူတွေအတွက်တော့ ပြန်ပြောပြဖို့ကိစ္စအဖြစ်နဲ့တောင်မကျန်ခဲ့တော့ပါဘူး။ဒါကြောင့် ၀မ်းနည်းစရာ စိတ်ဓာတ်ကျစရာအကြောင်းအရာတွေနဲ့ ကြုံတွေ့လာတဲ့အခါဖြစ်ပျက်နေတဲ့ အချိန်တဒင်္ဂလေးကိုကျော်လွှားနိုင်ဖို့အရေးကြီးပါတယ်။
_ကျော်လွှားနေချိန်မှာ negative အတွေးတွေမတွေးမိအောင် နောင်တစ်ချိန်မှာနောင်တရစေမယ့်အကြောင်းအရာတွေမလုပ်မိအောင် မိမိစိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားပါ။
_ကိုယ့်ကိုယ်ကို ချစ်တတ်ပါစေ။
ရရှိလာတဲ့ တိုတောင်းလွန်းလှတဲ့ဘ၀လေးမှာမိမိကိုယ်တိုင်ကသာဇာတ်ဆောင်ဖြစ်နေပါစေ။လူဆိုတာ ဘယ်သူ့ဘယ်သူ့အတွက်ကြောင့်မှဇာတ်ရံအနေနဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။လူတိုင်းကိုယ်စီဟာ ကိုယ်ပိုင်ဘဝခရီးလမ်းဆိုတဲ့ ဇာတ်ညွှန်းလေးကို ရေးသားနေကြတဲ့ကိုယ်ပိုင်ဒါရိုက်တာပါပဲ။ ရုပ်ရှင် ဇာတ်ကားတွေကြည့်ရင် မင်းသားနဲ့ မင်းသမီးပေါင်းဖက်တာကို ကြည့်ချင်ကြသလိုဇာတ်သိမ်းလေး ကောင်းမှပျော်စရာဇာတ်လမ်းလေးမှ ကြည့်ချင်တတ်ကြပါတယ်။ကိုယ်တိုင် ဇာတ်ညွှန်းရေးဖို့ ကလောင်တံလက်ထဲရောက်နေမှတော့ ဘဝခရီးလမ်းဆိုတဲ့ ဇာတ်ကားလေး ရိုက်ကူးတဲ့အခါ မိမိသည်သာ ပထမ ဇာတ်ဆောင်ဖြစ်နေပါစေ။ မိမိကိုယ်ကိုအထိအခိုက် နည်းနိုင်သမျှနည်းအောင် နည်းမျိုးစုံဖြင့် ကာကွယ်ပါ။
ဘယ်အကြောင်းအရာမဆို အချိန်က ကုစားပေးသွားပါလိမ့်မယ်။ ဘယ်အရာမှအမျှော်မှန်းကြီး မမှန်းမိပါစေနဲ့ မျှော်မှန်းထားသလို မဖြစ်လာတဲ့အခါ ဖြစ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ပါ။ရခဲလှတဲ့လူ့ဘဝကြီးထဲ ရလာတဲ့ အခိုက်အတန့်လေးတွေကိုတန်ဖိုးထားစေချင်ပါတယ်။ ဖြစ်ပျက်လာသမျှအကြောင်းအရာတွေက တခဏတာပဲ အချိန်တန်ရင် မှေးမှိန်ပျောက်ကွယ်သွားကြမယ်ဆိုတာကိုပြောရင်းဆောင်းပါးလေးကိုအဆုံးသတ်လိုက်ပါတယ်။
☘️အားလုံးပဲအတွေးအမြင်အသစ်များရရှိကြပါစေ☘️
Keep Reading