Author's Profile Photo

Maru

17/09/2024

ဆရာမ၏ဆုံးမစကားတစ်ခွန်း

1 min read
Education
General Knowledge
18 Again
ဆရာမ၏ဆုံးမစကားတစ်ခွန်း's photo

Covidတွေမဖြစ်ခင် ငယ်သူငယ်ချင်းတွေနဲ့ သတ္တမတန်းတက်နေတဲ့အချိန်ကာလလေး။ ဒါဟာသူတို့နဲ့ နောက်ဆုံးတူတူတက်ရခြင်းဖြစ်မယ်လို့ မမျှော်လင့်ထားမိတဲ့အချိန်လေးပေါ့။ ကျွန်မတို့အတန်းလေးဟာ ကျောင်းမှာအဆိုးဆုံးအတန်းလေးဆိုလည်း မမှားပါဘူး။ဒါ့အပြင် ဆရာမတွေရဲ့ အချစ်ခံရဆုံးအတန်းလေးပေါ့။

ကျွန်မရဲ့အတန်းက ယောကျာ်းလေးသူငယ်ချင်းတွေကတော့ ဖိုက်တာကြီးတွေပါပဲ။ ၉/၁၀တန်းက အစ်ကိုကြီးတွေနဲ့ ချိန်းပြီးထိုးကြတဲ့ထိ‌ပေါ့။သူတို့ချိန်းထိုးတဲ့‌ နေရာလေးကတော့ ကရင်ပြည်နယ်ရဲ့ နာမည်ကြီးတန်ဖိုးထားရာ‌နေရာဖြစ်တဲ့ ဇွဲကပင်တောင်ပေါ်မှာပါပဲ။ဆရာမတွေ ဆုံးမလည်း မရပါဘူး။

သူတို့ကလည်း တစ်ကျောင်းလုံးအမိုက်ဆုံးဆိုတဲ့ ဂုဏ်ကိုဆောင်ထားချင်ကြသူတွေအလားပါပဲ။တစ်နေ့ ထုံးစံအတိုင်း ရန်ဖြစ်ကြပါရောပဲ။ အတန်းပိုင်ဆရာမက အတန်းထဲကိုမျက်နှာခပ်တည်တည်နဲ့ဝင်လာပါတယ်။

ဆရာမ : "မင်းတို့တအားဆိုးတာပဲ"

တစ်တန်းလုံးတိတ်ဆိတ်နေပြီး ဘာအသံမှမထွက်လာပါဘူး။

ဆရာမ: "ဆရာမကို ဆုတစ်ခုတောင်းပါ။ဘာဖြစ်ချင်လဲလို့မေးလာခဲ့မယ်ဆို ဆရာမမှာအဖြစ်ချင်ဆုံးဆန္ဒတစ်ခုပဲရှိတယ်။

တစ်တန်းလုံးလည်း အပ်ကျသံတောင်ကြားရလောက်တဲ့ထိငြိမ်နေကြပြီး ဆရာမရဲ့ ဆုတောင်းဟာ ဘာဖြစ်မလဲဆိုတာ စိတ်ဝင်တစားနားထောင်နေကြပါတယ်။ ဆရာမဖြေလာတဲ့ အဖြေကလည်း လုံးဝမမျှော်လင့်ထားမိခဲ့လောက်တဲ့အဖြေမျိုးပါပဲ။

ဆရာမ: "ဆိုဆုံးမလွယ်ကူသောသူဖြစ်ရပါလို၏" ဒါဆရာမရဲ့ ဆုတောင်းပဲ။ ဆရာမအကြောင်းအရာတစ်ခုပြောပြမယ်။

ပုဂံခေတ်တုန်းက ထင်ရှားတဲ့အမျိုးသမီးပညာရှင် ဝိဇယာဘိထား ဆိုသူရှိတယ်။သူက ပါဠိစာပေမှာကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဝိဇယာဘိထားက ပုဂံခေတ်မှာ အမျိုးသမီးတွေရဲ့ ပညာရေး၊ဘာသာရေးဆိုင်ရာ အခွင့်အလမ်းတွေကို မြှင့်တင်ပေးခဲ့တယ်။ အမျိုးသမီးတွေကိုလည်း ပညာသင်ကြားပေးခဲ့ပြီး စွမ်းရည်တွေကိုအသိအမှတ်ပြုခဲ့တယ်။

သူ့မှာလည်း ဆုတောင်းတစ်ခုရှိတယ်။အဲတာကတော့ "ဆိုဆုံးမရလွယ်ကူသောသူဖြစ်ရပါလို၏" တဲ့။

ကလေးတို့ရေ ဆရာမတို့တွေဟာ လူကြီးသူမတွေရဲ့ ကောင်းမွန်တဲ့ဆိုဆုံးမမှု မှန်သမျှကို လိုက်နာရမယ် နားထောင်ရမယ်။ အသိခေါက်ခက်အဝင်နက်မဖြစ်ရဘူး။တဖက်ပိတ်ပုံစံလိုတွေပေါ့။ကိုယ်မှာရှိတဲ့အသိနဲ့တင် ပြည့်စုံနေပြီထင်ပြီး သွန်သင်လို့မရတဲ့သူမျိုးမဖြစ်‌စေပါနဲ့။လူကြီးသူမတွေကဘယ်လောက်ပဲဆုံးမ အကြံဉာဏ်ပေးနေပါစေ ကလေးတို့ကလက်မခံရင်အလကားပဲ။ ဆိုဆုံးမရလွယ်ကူတဲ့သူတွေဟာ ဘဝမှာအခြားသောသူတွေထက် အဆင်ပြေချောမွေ့မယ်။ ဘေးဒုက္ခကင်းပြီး ချမ်းသာရာရမယ်။ နောက်ဆုံးဘာမှမဖြစ်လာဘူးဆိုရင်တောင် ဒုက္ခမတွေ့စေမှာတော့အမှန်ပါပဲကလေးတို့ရယ်။

တပည့်များ : ဟုတ်ကဲ့ပါဆရာမ

အဲ့အချိန်ကစပြီး ကျွန်မရဲ့အတန်းကရန်ဖြစ်သံတွေမကြားရတော့ပါဘူး။ သူငယ်ချင်းတွေ‌တော့ သူတို့ကိုသူတို့ တစ်ကျောင်းလုံးမှာသူတို့အမိုက်ဆုံးဆိုတဲ့ ဂုဏ်ကိုတော့လက်ကိုင်စွဲထားဆဲပါပဲ။

ဒါကတော့လွန်ခဲ့တဲ့ ၂၀၁၉တုန်းက ပညာသင်ကြားခဲ့ရစဉ်က ပုံရိပ်လေးကို ရေးသားထားခြင်းပဲဖြစ်ပါတယ်ရှင်။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

စာဖတ်သူလေးများအား အစဥ်‌လေးစား ချစ်ခင်ကျေးဇူးတင်လျက်ပါရှင်

September.17.2024.Tue(21:56)
Maru(မာရု)

Keep Reading

International Jazz Dayအပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့Delayed fear realizationအပူမကူးစေရန် လူထူးတွေရဲ့အကြံနဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲရေးတော့အမှန် ဖတ်တော့အသံတာဝန်သိပါ