Reviews by Benevolent
၁၇ ရာစုအစောပိုင်းကာလ တွေမှာ ဗြိတိသျှ အင်ပါယာ အောက်ရောက်သွားတဲ့အချိန် အမေရိကဟာ လုပ်သားအင်အားလိုအပ်မှုဖြစ်လာတယ်။ဒါကြောင့် အာဖရိကတိုက်ထိ သင်္ဘောတွေနဲ့သွားရောက်ကြပြီး အာဖရိကလူမျိုးတွေကိုဖမ်းဆီးကျွန်ပြုဖို့ အမေရိကတိုက်ကို အရက်စက်ဆုံးနည်းတွေနဲ့ အနိုင်ကျင့် ခေါ်လာခဲ့ကြတယ်။လူဖြူတွေအပေါ် ဒေါသရိပ်ငွေ့များ ယှက်သန်းနိုင်တဲ့ စာအုပ်လို့ ပြောရမယ်။နီဂရိုးတွေအပေါ် ရက်စက်မှုက ကြမ်းတယ်။ကိုလိုနီစစ်ပွဲအတွင်း ကျွန်ပိုင်ရှင် လူဖြူ ၊ ကျွန်ဘဝရောက်ကြတဲ့ အာဖရိကန် လူမည်းအကြောင်းလေ့လာရမှာဖြစ်ပါတယ်။
"ကျွန်ဆိုတာ ဘာလဲ "
"တချို့ လူတွေက ကျွန်ဖြစ်ပြီ တချို့လူတွေကျတော့ ကျွန် မဖြစ်တာ ဘာဖြစ်လို့လဲ "
အတိတ်ကာလ လူတွေ ကျွန်ဖြစ်လာကြတာ အကြောင်းအမျိုးမျိုးရှိတယ်။ ကျွန်မိခင်များက မွေးဖွားလာသောကြောင့် ကျွန်ဖြစ်လာရတယ် ၊ အငတ်ဘေးကျရောက်သဖြင့် ထွက်ခွာလာကာ အစာရေစာပေးကျွေး သူများထံ ကျွန်ခံပါမည် ဟု အသနားခံကြရာမှ ကျွန်ဘဝ ဆိုက်ရောက်လာကြတယ်၊ တချို့က မတရားဖမ်းဆီးခြင်းခံရာမှ ကျွန်အဖြစ်သို့ ရောက်လာမှု များရှိတယ်။ကျွန်တော်ပြောပြချင်တဲ့ အမေရိကလူမည်းကျွန်အကြောင်းကတော့ မတရားဖမ်းဆီးလာခြင်းနဲ့ ပတ်သက်နေတယ်။လူမည်းကျွန်တွေရဲ့ ဘ၀ ၊ သေမထူးနေမထူးဘ၀တွေရဲ့ အကြောင်း၊ ပြန်လမ်းမရှိတော့တာတဲ့ အရာတွေပါတယ်။
ဒီစာအုပ်ထဲက အိုမိုရို နဲ့ ဘင်တာ ဇနီးမောင်နှံကနေ မွေးဖွားလာတဲ့ ကွမ်တာကင်တီ ဇာတ်ကောင်(ပထဆုံးအမေရိကန်လူမည်းမျိုးဆက်)ဟာ ၁၇ နှစ်အရွယ် ဂမ်ဘီယာနိုင်ငံ အတွင်း ရိုးရာဗုံတစ်လုံးလုပ်ဖို့သစ်ခုတ်နေရင်း လူဖြူတွေအဖမ်းတာခံရပြီး ကျွန်ပြုဖို့သအမေရိကကိုခေါ်ဆောင်လာခြင်းခံခဲ့ရတယ်။လူဖြူတွေ လူမည်းတွေကို အဓိက လုပ်လေ့ရှိတာက လူမည်းတွေကို ကိုယ့်က်ိုယ်ကို လူသားအဖြစ် မသတ်မှတ်နိုင်လောက်အောင် ရက်စက်တတ်ကြတာပဲ။အာဖရိကမှာ မိန်းကလေးတွေစာမသင်ရဘူး၊ အမေရိကမှာ ကျတော့ လူမည်းတွေ စာသင်ခွင့် မပေးဘူး။ တန်းတူ အခွင့်ရေးတစ်ခုတော့ ရှိတယ်၊ ဘာသာရေး စည်းရုံးချိန် လူဖြူ လူမည်း အတူတူ ထိုင်ခွင့်ပြုတယ်၊ ကျန်အချိန်များက လူနဲ့ တိရစ္ဆာန် သဖွယ် ပြုမှုဆက်ဆံတတ်ကြတယ်။ကျွန်သက်တမ်းနုတဲ့ လူမည်းတွေကို ဝါကွမ်းခြံ ၊ မွေးမြူးရေးခြံ ၊ ဆေးရွက်ကြီးခြံ တွေရှိ အလုပ်ကြမ်းတွေလုပ်ရတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အာဖရိကန်ကြီးကွမ်တာဟာ အဖမ်းခံခဲ့ရပေမယ့် အကြိမ်ကြိမ်ထွက် ပြေးဖို့ကြိုးစားခဲ့တယ်၊လူဖြူသခင်ဝေါလား လက်အောက် ကျွန်အဖြစ်နေထိုင်ရင် ကွမ်တာ နဲ့ ထမင်းချက် ဘဲလ် တို့ကမွေးဖွားလာတဲ့ သမီးလေးကစ်ဇီ ကို နောက်ထပ်လူဖြူပိုင်ရှင်သစ်လက်ထဲရောင်းစားခံခဲ့ရတာကိုရင်နာနာနဲ့လက်ပိုက်ကြည့်ခဲ့ရပုံ တွေက ပြင်းရှတယ်။ကွမ်တာ အသက် ၅၅ နှစ်အရွယ်အရောက် ပုလိပ်တွေ သမီးကစ်ဇီကို ရောင်းဖို့ လာခေါ်တဲ့အခန်းက ဖခင်တစ်ယောက်ဖြစ်တဲ့ကျနော်အဖို့ ကွမ်တာ ကမ္ဘာ ဝင်ကြည့်မိတယ်။အလဲလဲအကွဲကွဲ ဝမ်းနည်းပက်လက် ခံစားချက်က ပြင်းတယ်။
လူမည်းမိဘများ၏ ပဋိဒေဝ မီး တောက်လောင် မှုများ၊လူဖြူသခင်များက ကျွန်လူမည်းများမွေးတဲ့ ကလေးလူမည်းများကို တိရစ္ဆာန်ဈေးဖြတ်သလို ဘယ်လောက် ဘယ်လောက်ဈေး သတ်မှတ်ပြီး အခြားလူဖြူများကို ပြန်ရောင်းတတ်ကြတယ်။လူဖြူ (တိုးဘော့) တို့မြေပေါ်ရှိ လူမည်းတို့ဘဝက ဒုက္ခပင်လယ်သာဝေစေခဲ့တယ်၊ ဒုက္ခပင်လယ်က လွတ်မြောက်ဖို့ ကြိုးစားသူတိုင်း...ထွက်ပြေးတာအမိခံရချိန် ကြာပွတ်နှင့် ရိုက်ခံရ၊ သေနတ်နှင့်ပစ်ခံရ၊ ပြေးတဲ့ခြေထောက်လည်း ဖြတ်ခံရတယ်။ဇာတ်လိုက်ကြီး ကွမ်တာက အဲ့အရာတွေ ကြုံရတယ်။လူမည်းကျွန်တစ်ယောက်ကို ဂျုံတစ်အိတ်နဲ့ ရောက်သွားခဲ့တဲ့အဖြစ်လည်း တွေ့ရမယ်။ကျွန်ထိန်းလို့ အမည်ခံထားတဲ့ သစ္စာဖောက် လူမည်း ကျွန်တွေလည်းရှိတယ်။
၁၈ ရာစုအစောပိုင်း ကာလတွေမှာ အမှောင်ထု လွှမ်းခြုံထားခြင်းခံရတဲ့ ဘဝတွေ၊ ဆက်လက်မငိုနိုင်လောက်အောင် ခါးသီးလွန်တဲ့ ဘဝတွေမှာ သက်ဆိုင်ရာဘုရားသခင်ထံ အဆုံးစီရင်ခွင့် တောင်းခံရသည့်အထိဖြစ်လာခဲ့တယ်။သခင်အသစ် လူဖြူရဲ့ အဓမ္မကျင့်မှုကြောင့် ကစ်ဇီ က ကြက်ကလေးဂျော့အမည်ရှိ သားတစ်ယောက် မွေးလာတယ်။အသားရေအမည်းမဟုတ်တဲ့ အသားညိုညို ကြက်ခြံမှာအလုပ်လုပ်ရတဲ့ လူမည်းလေးတစ်ယောက်သာဖြစ်တယ်။ကြက်ထိန်းတစ်ယောက်ဖြစ်သူ ဂျော့က အမေနဲ့ သူ ကျွန်ဘဝက လွတ်မြောက်အောင် လောင်းကစားတစ်ခု အမြဲလုပ်တယ်။အကောင်းဆုံးကြက်ထရိန်နာတွေထဲက တစ်ယောက်ဖြစ်လာတယ်။နောက်ဆုံး ကြက်ပွဲရှုံးတဲ့အခါ ဆင်းရဲသားလူဖြူသခင်လီယာက ဂျော့ကို အင်္ဂလန်ပြည်သို့ ပို့ကာ ပစ္စည်းတစ်ခုသဖွယ် အပေါင်ထားလိုက်ရတယ်။ကြက်ကလေးဂျော့ ပြန်လာချိန်...မိသားစုက ဆေးရွက်ကြီးခြံပိုင် လူဖြူသခင်တစ်ယောက်ထံ ရောင်းစားခံထားရတယ်။၁၈၂၀ ကျော် အစောပိုင်းကာလ တွေမှာ ကြက်တိုက်ပွဲ လောင်းကစားတွေကို အမေရိက မှာ အကြီးအကျယ် လုပ်တာကို ဒီစာအုပ်ထဲမှာတွေ့ရမယ်။ကြက်ပွဲရာသီချိန် ရောက်ပြီးဆို လူဖြူသခင်များနှင့် ကြက်ထိန်းလူမည်းကျွန်များက အဆက်မပြတ်ခရီးထွက်ရတယ်။ကြက်တိုက်ပွဲကြီးတွေက ဘယ်လောက်စည်းကားသလဲဆို ဥရောပနိုင်ငံအများစုက ချမ်းသာကြွယ်ဝတဲ့သူဌေးတွေ လာရောက် ပါဝင် လောင်ကြရတဲ့အထိပါပဲ။၁၈၅၅ ဝန်းကျင်တွင် အင်္ဂလိပ်လူမျိုးအများဆုံး အမေရိကမှာ ကြက်တိုက်ခြင်းဖြင့် စီးပွားရှာကြတာကို မြင်ရမယ်။
ကျွန်လူမည်းတွေအတွက် ဣသရေက ကလေးတွေကို လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တဲ့ မိုးဇက် နဲ့ ခိုင်းနှိုင်းကြတဲ့ လင်ကွန်းဆိုတဲ့ ပုဂ္ဂိုလ်ပေါ်လာခဲ့တယ်။လူဖြူများက ကျွန်စနစ် ပပျောက်အောင်လုပ်နေတဲ့ ရှေ့နေဘဝတည်းက အေဗရာဟင်လင်ကွန်း ကို ပုတ်ခတ်ပြောဆိုကြတယ်။လူဖြူတွေက လူမည်းတွေအပေါ် လူလို့တောင် သဘောမထားပဲ ဘယ်လိုအနိုင်ကျင့် ကျွန်ပြုရက်စက်ခဲ့ကြပုံ တွေကို လင်ကွန်းမြင်ရ ကြားရတော့ သမ္မလင်ကွန်းဟာ ကျွန်စနစ်ကိုရပ်တန့်ဖို့ မဖြစ်မနေပြည်တွင်းစစ်ကိုတိုက်ခဲ့ရတဲ့အကြောင်းအရာတွေနောက်ခံကားချပ်ပြုပြီး ပုံဖော်ထားတယ်။
မြောက်ပိုင်းကျွန်စနစ်နှင့် ပတ်သတ်ပြီး စတီဖင်ဒေါက်ဂလတ်စ်နှင့် အေဘရာဟင်လင်ကွန်း စကားစစ်ထိုးကြရာကနေ အမေရိကန် တောင်ပိုင်နှင့် မြောက်ပိုင်းကွဲလာခဲ့တယ်။ကျွန်ဘဝက လွတ်ချင်တဲ့ လူမည်းတွေကို တောင်ပိုင်းမှ မြောက်ပိုင်းကိုအစုလိုက်အပြုံလိုက်တိတ်တိတ်ကလေး ခိုးထုတ် ပို့မှုတွေရှိခဲ့တယ်။ ပထမဆုံး ခွဲထွက်တဲ့ပြည်နယ်က မစ်စ္စပီပြည်နယ်၊ ထို့နောက် ဖလော်ရီဒါ ၊ အလာဘားမား ၊ ဂျော်ဂျီယာ နှင့် လူဝီစီယားနားပြည်နယ် ၊နောက်ဆုံး တက္ကဆတ်ပြည်နယ်ကပါ ခွဲထွက်ကြောင်း ကြေညာပြီး အမေရိကန်တောင်ပိုင်းပြည်နယ် များကို ဂျက်ဖာဆန်ဒေးဗစ် (Jefferson Davis) အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်ပြီး ခွဲထွက်အုပ်ချုပ်ကြတယ်။ဖေဖော်ဝါရီလမှာ ခွဲထွက်သွားပြီးနောက် မတ်လ မှာ မြောက်ပိုင်းမှာ မစ္စတာလင်ကွန်းက သမ္မတဖြစ်လာတယ်။
၁၈၆၁ခုနှစ် ဧပြီလအတွင်း အမေရိကန်ပြည်တွင်းစစ်အတွင်း စစ်အကြောင်း ဂဃနဏမသိတဲ့ လူမည်းများ ပါဝင်စစ်တိုက်ပေးကြရတယ်။တောင်ပိုင်းဒေသသမ္မတ ဒေးဗစ် ဟာ အသက်ဆယ့်ရှစ်နှင့်ကနေ သုံးဆယ့်ငါးနှစ်ကြားရှိ လူဖြူ ၊လူမည်းများကို စစ်မှုထမ်းရန် ဥပဒေပြဌာန်းတယ်။ ၄နှစ်ကြာ အမေရိကန်ပြည်တွင်းစစ်အတွင်း လူမည်းတွေရဲ့ အခန်းကဏ္ဍ ၊ လူမည်းတွေရဲ့ ကမ္ဘာကို မြင်ရနိုင်တယ်။၁၈၆၅ ဧပြီလ အတွင်းတောင်ပိုင်းတပ် စစ်ဦးစီးချုပ် လက်နက်ချကာ ပြည်တွင်းစစ်ပြီးခဲ့တယ်၊ လူမည်း ဘက်တော်သား သမ္မတလင်ကွန်း အတွက် ပျော်မဆုံးဖြစ်နေချိန် နောက်ရက်အနည်းငယ်အတွင်း ကြေကွဲဖွယ်သတင်းကြားရတယ်၊ လင်ကွန်း လုပ်ကြံခံရတယ်ဆိုတဲ့သတင်း။ကယ်တင်ရှင် မိုးဇက်အဖြစ် တင်စားခံရတဲ့ သမ္မကြီးအတွက် လူမည်းတွေ ချုံးပွဲချငိုခဲ့ကြတယ်။
ဇာတ်လမ်းက ဂျပ်ဖူရီရွာက အိုမိုရို နဲ့ ဘင်တာ တို့နှင့်စတင်ပြီး ၊ ကွမ်တာ နဲ့ ဘဲလ် ၊ ကစ်ဇီသား ကြက်ကလေးဂျော့ နဲ့ မာတိဒေါလ် တို့က မွေးတဲ့ သား တွမ် မျိုးဆက် ၊ ပန်းပဲဆရာဖြစ်လာတဲ့ တွမ် က ပြည်တွင်းစစ်မှာပါဝင်ခဲ့တယ်။တွမ်နဲ့ ရက်အင်ဒီးယန်းအိုင်ရင်း တို့ကမွေးတဲ့ အငယ်ဆုံးသမီး စင်သီယာ က ၀စ်လ် နဲ့ လက်ထပ်ပြီးနောက် "ဘာသာဂျော့"ဆိုတဲ့ သမီးတယောက် ထွန်းကားလာတယ်။ကျန်မျိုးဆက်တွေကလည်း စစ်ပွဲအသီးသီး ပါဝင်ခဲ့ရတယ်။ဘာသာ နဲ့ ဆိုင်မွန် လက်ထပ်ပြီးနောက် မူရင်းစာရေးဆရာ"အလက်စ်ဟေလီ" ကို မွေးဖွားခဲ့တယ်လို့ ဆိုထားတယ်။" ကျွန်တော်" လို့ဆိုထားတဲ့ စာရေးသူက ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်ဘက်ဆိုင်ရာ ကင်းထောက်အဖြစ် တိုက်ပွဲဝင်ပေးခဲ့တယ်။
သတိထားမိတဲ့အချက်က မျိုးဆက် တွေ အဆင့်ဆင့်ပြောင်းသွားသည့်တိုင် လူမည်းကျွန်ဘ၀နဲ့ ဖိနှိပ်ခံခဲ့ရတဲ့ မိသားစု မျိုးရိုးကို မမေ့သွားတာကို တွေ့ရမယ်။ ဘယ်နေရာ ဘယ်အရပ်ရောက်ရောက် သူတို့ဟာ မူလဇာစ်မြစ်မျိုးရိုးဂုဏ် ဓလေ့တွေ ၊ အလေ့အထ တွေကို ဘယ်တော့မှ လစ်လျူ မရှုခဲ့ကြဘူး။ အာဖရိကန် ဓလေ့စရိုက်တွေ ထုံးစံတွေကို သေသေချာချာ ရေးသားထားတယ်၊အသက်အရွယ်တွေကိုမေးတဲ့အခါ မိုးရွာ ချိန်တွေကို သာပြောပြတာ၊ ဓလေ့ထုံးစံအရ မိန်းကလေးများက အသက်ဆယ့်လေးမိုး ၊ ယောင်္ကျာလေးများက အသက်သုံးဆယ်မိုး ကျော်လွန်မှ အိမ်ထောင်ပြုရတယ်။ဇီးကွက်တွေကို မသတ်ရဘူး၊ သေသွားတဲ့ ဘိုးဘွားတွေရဲ့ ဝိညာဉ်တွေဟာ ဇီးကွက်တွေ ကိုယ်ထဲ ရောက်နေလို့ ဟု ယူဆကြတယ်။ရွာတစ်ရွာနဲ့တစ်ရွာ ဗုံတီးပြီး သတင်းစကားပါးကြတာ၊အရွယ်ရောက်တဲ့ယောက်ျားလေးတွေ ယောက်ျားဖြစ်သင်တန်းတက်ရတာ စတဲ့ အချက်တွေက စိတ်၀င်စားဖို့ အင်မတန်ကောင်းတယ်။
ကျွန်သက်တမ်းကြာတဲ့လူမည်းကျွန်တွေက သခင်တွေအပေါ် သစ္စာရှိကြတယ် ၊ သခင်တွေ စိတ်ရူးနှံ့ချိန် မစာနာဘဲ ရောင်းစားတတ်တယ်။ လူမည်းတွေ ကလေးများများမွေးရင် လူဖြူတွေ ပိုချမ်းသာလေ ၊ကလေးတွေကိုဈေး ကောင်းဖြင့် ရောင်းစားခွင့်ရှိတယ်။ အတတ်ပညာတစ်ခုခုတတ်ထားတဲ့ လူမည်းကျွန်တွေဆို ဒေါ်လာ နှစ်သောင်း၊ သုံးသောင်းမက တန်ဖိုးပေါ်ကြည့်ပြီး တိရိစ္ဆာန်တွေလို ဈေးဖြတ် အရောင်းအဝယ်လုပ်ကြတယ်။
ကျွန်စနစ်အပါအဝင် လူမည်းမန်ဒင်ကာလူမျိုးနွယ်စု၊ အာဖရိကန် နီဂရိုးလူမည်းတွေ ဘယ်လိုရင်ဆိုင်ခဲ့ကြရပုံကို လေ့လာမှုတွေ နှစ်ပေါင်းများစွာပြုလုပ်ပြသမိုင်းအမှန်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ရေးထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။စာမျက်နှာ ၇၄၇ နဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးမရခင် ကနေ နောက်ဆုံး ဒုတိယကမ္ဘာစစ် ပြီးတဲ့အချိန်ထိ မျိုးဆက် ၇ ဆက်ကို အခြေပြုပြီး အမေရိကန်လူမည်းသမိုင်း အချက်အလက်တင်ပြထားတဲ့စာအုပ်ပါ။နောက်ခံခေတ်ကာလက ၁၈ ရာစုကနေ ၂၀ ရာစုကိုတည်ထားတဲ့ စာအုပ်ဆိုလည်း မမှားဘူး။ဇာစ်မြစ်ဆိုတဲ့စာအုပ်ဟာ စာရေးသူရဲ့ ဘိုး ဘေးဘီ ဘင် တွေရဲ့ အကြောင်း ကို သမိုင်းဖြစ်ရပ်တွေနဲ့ ယှဉ်တွဲပြီး ဇာတ်အိမ်ဖွဲ့ရေးသားထားတဲ့စာအုပ်။အမေရိကန်နိုင်ငံ တည်ထောင်တာထက် စောစီးစွာ အမေရိက တိုက်ကို ရောက်ခဲ့ကြတဲ့ လူမျိုးစု တစ်စုလို့ ပြောရမယ်။စာရေးသူရဲ့ မျိုးရိုးဘ၀ ဇာစ်မြစ်တင်မပါဘူး အမေရိကန် လူမည်းပေါင်းများစွာရဲ့ ဘ၀တွေကိုပါ မျက်စိထဲ မြင်ယောင်လာစေနိုင်တဲ့ စာအုပ်တစ်အုပ်၊ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ဖြစ်ကြောင်းညွှန်းဆိုပါရစေ။
Please Telegram ?
https://t.me/reviewsbybenevolent
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi
စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?
Benevolent Guy
Sep-24
Keep Reading