Author's Profile Photo

O Soe

6/09/2024

ကျောင်းစာကြည့်တိုက်ဖွင့်လိုသော်(ကလေးတွေအတွက် မည်သည့်စာကြည့်တိုက်မဆို ရည်ရွယ်ပါတယ်)

3 mins read
General Knowledge

ပထမဆုံးလုပ်ရမည့်အလုပ်
ကျောင်းစာကြည့်တိုက်ကော်မတီဖွဲစည်းရန်

ကျောင်းအုပ်၊ဆရာ၊ဆရာမများ မိဘများပါဝင်သော ကျောင်းစာကြည့်တိုက်ကော်မတီ တစ်ခုဖွဲ့စည်းဖို့လိုပါသည်

ကော်မတီ၏အလုပ်တာဝန်များ

၁။ရံပုံငွေရှာဖွေခြင်း

၂။ကျောင်းစာကြည့်တိုက် အတွက်အခန်းပြင်ဆင်ခြင်း

၃။ကျောင်းအုပ်၊ဆရာဆရာမများနှင့်ကျောင်းစာကြည့်တိုက်သင်တန်းတက်ရောက်ဖူးသူများ စာကြည့်တိုက်သင်တန်း(အလုပ်ရုံဆွေးနွေးပွဲ)ပြုလုပ်ခြင်း

၄။အတန်းလိုက် သင့်တော်သောစာအုပ်အဆင့်ခွဲခြင်း

၅။စာဖတ်လေ့ကျင့်ခန်း ၄နည်းဖြင့် ကလေးများစာဖတ်ဖို့အတွက် အထောက်အကူရစေရန်ဆောင်ရွက်ခြင်း

ဆောင်ရွက်မှုအဆင့်ဆင့်
------------------------------------
စတင်ပြင်ဆင်ခြင်း
***************
ကျောင်းစာကြည့်တိုက်တစ်ခုဖွင့်ဖို့ဆို ပထမစရမှာက စာကြည့်တိုက်အတွက်အခန်းတစ်ခုသပ်သပ် ရွေးချယ်ရပါမယ် ပြီးရင်အခန်းကို ဆေးသုတ်တာ နရံပန်းချီရေးတာတွေလုပ်ဆောင်နိုင်ပြီး ရှိပြီးသား စာအုပ်ဘီဒို၊စာအုပ်စင် စသည်တို့ကိုနေရာချနိုင်ပါတယ် နောက်မှ လိုအပ်မယ်ထင်တဲ့ စာအုပ်စင်တို့ စာအုပ်တို့ကို ဝယ်ယူဖို့လုပ်ဆောင်ရပါမယ်။

ရံပုံငွေရှာခြင်း
***********
စာကြည့်တိုက်အတွက်လိုအပ်တာ ဝယ်ယူနိုင်ဖို့ ကျောင်းအကျိုးတော်ဆောင်၊မိဘဆရာအသင်း၊မိမိတို့နဲ့နီးစပ်တဲ့မိတ်ဆွေများကို ကိုယ်ရည်ရွယ်ထားတဲ့ ငွေကြေးပမာဏတစ်ခု(စာအုပ်စင်တန်ဖိုး၊စာအုပ်များ စသဖြင့်တန်ဖိုးပြောပြတာမျိုး) ပူးပေါင်းပါဝင်လာအောင် ပြောပြစည်းရုံးပြီး ငွေကိုစတင်စုဆောင်းရပါမယ်၊ဒီနေရာမှာငွေကိုစီမံဖို့အတွက် အဆင်မပြေရင် သူတို့ကိုယ်တိုင် ဝယ်လှုခိုင်းပြီးအလှုရှင်မှတ်တမ်းနဲ့တကွ မှတ်တမ်းတင်ထားဖို့လိုပါမယ်

စာကြည့်တိုက်အကြောင်း လူသိအောင်လုပ်ပါ
***************************************
အရေးကြီးတဲ့အချက်ပါ မိမိတို့စတည်ထောင်တာဘဲဖြစ်ဖြစ်၊လည်ပတ်နေတာဘဲဖြစ်ဖြစ် မိမိတို့စာကြည့်တိုက်အကြောင်းသိအောင် ပန်းဖလက်လုပ်တာ၊Facebook Page လုပ်တာမျိုးကို မဖြစ်မနေလုပ်ဆောင်သင့်ပါတယ် ဒါမှစာကြည့်တိုက်အကြောင်းပိုမိုသိရှိပြီး ပူးပေါင်းပါဝင်လာကြမှာပါ Facebook Page ကနေ ကလေးတွေစာဖတ်နေတာတွေ၊အလှုရှင်တွေအကြောင်းဖော်ပြတာမျိုး၊လိုအပ်တဲ့ပစ္စည်း၊စာအုပ်တွေကိုလည်း Page ကတဆင့်အလှုခံနိုင်ပါတယ်

#ကလေးများအတွက် စာအုပ်ရွေးချယ် ဖတ်ရှုရာတွင် လွယ်ကူစေရန် အမျိုးအစား ခွဲနည်း
နှင့် စာဖတ်လေ့ကျင့်ခန်းများဖြင့်စာဖတ်သောအလေ့ပျိုးထောင်နည်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကလေးတွေကို ကျောင်းမထားခင်ကတည်း စာအုပ်ကိုင်ပြီး စာဖတ်ပြတာကို နားထောင်တဲ့အလေ့ရအောင် နေ့တိုင်းဖတ်ပြသင့်ပါတယ်

ကလေးတွေစာဖတ်စွမ်းရည် မြှင့်တက်လာဖို့ဆို စာအုပ်အမျိုးအစား အဆင့် ၆ဆင့်လောက်ခွဲပြီး ရွေးချယ် ဖတ်ခိုင်းနိုင်ပါတယ်။

အသက်အရွယ်၊အတန်းပေါ်အခြေမခံဘဲ သတ်မှတ်ထားတဲ့ဝါကျ၊စာလုံးရေ လိုက်ဘဲ အဆင့်ခွဲပေးပြီး သူတို့ဖတ်နိုင်တဲ့ စာအုပ်အမျိုးအစားကို ကိုယ်ကဖတ်ခိုင်း၍ဖြစ်စေ၊သူဘာသာဖတ်ကြည့်၍ဖြစ်စေ နားလည်မှုအဆင့်အလိုက် ရွေးချယ် ဖတ်သွားနိုင်ဖို့ရည်ရွယ်ပါတယ်။

အဆင့်ခွဲခြင်း
***********
(နီ၊စီမ်း၊ပြာ၊ဖြု၊ဝါ၊နက်)စာအုပ်အနှောင့်တွင်ကပ်ရန် မီးကြိုးကပ်ရာတွင်အသုံးပြုသောတိပ်ကိုသုံးနိုင်ပါသည်။

#ပထမအဆင့်(အနီ)

ကျောင်းစတက်တဲ့ KG ၊Grade 1လောက်ဆိုရင်တော့ စာတစ်မျက်နှာတွင် ဝါကျတစ်ကြောင်းမှာ စာလုံးရေ ၅လုံးလောက်ထက်မပိုသော သရုပ်ဖော်ပုံစာမျက်နှာ အပြည့်နီးပါး ပါတဲ့စာအုပ်မျိုးကို ရွေးချယ် ဖတ်ပြ၊ဖတ်ခိုင်းသင့်ပါတယ်၊ဥပမာ - အနီရောင် ကား

#ဒုတိယအဆင့်(အစိမ်း)

စာတစ်မျက်နှာတွင် ဝါကျ ၃ ကြောင်းထက်မပိုသော ဝါကျတစ်ကြောင်းတွင်စာလုံးရေ ၈ လုံးထက်မများသော သရုပ်ဖော်ပုံ ၈၀ ရာခိုင်နှုန်း လောက်ပါသော စာအုပ်၊
ဥပမာ - ကားအစိမ်းရောင်လေးလှသည်။

#တတိယအဆင့်(အပြာ)

စာတစ်မျက်နှာတွင် ဝါကျ ၅ ကြောင်းထက်မပိုသော ဝါကျတစ်ကြောင်းတွင် စာလုံးရေ ၁၂ လုံးထက် မများသော သရုပ်ဖော်ပုံ ၈၀ ရာခိုင်နှုန်း လောက်ပါသော စာအုပ်၊ ဥပမာ - အပြာရောင်ပြိုင်ကားလေး အမြန်ဖြတ်မောင်းသွားသည်။

#စတုတ္ထအဆင့်(အဖြု)

စာတစ်မျက်နှာတွင် ဝါကျ ၆ ကြောင်းထက်မပိုသော ဝါကျတစ်ကြောင်းတွင် စာလုံးရေ ၁၄ လုံးထက်မများသော သရုပ်ဖော်ပုံ ၇၀ ရာခိုင်နှုန်း လောက်ပါသော စာအုပ်၊
ဥပမာ - ကားပြိုင်ပွဲ၌ အဖြုရောင် ပြိုင်ကားလေးအား အနက်ရောင် ပြိုင်ကားမှ ကျော်တက်သွားသည်။

#ပဉ္စမအဆင့်(အဝါ)

စာတစ်မျက်နှာတွင် ဝါကျ ၈ ကြောင်းထက်မပိုသော ဝါကျတစ်ကြောင်းတွင် စာလုံးရေ ၁၈ လုံးထက်မများသော သရုပ်ဖော်ပုံ ၆၀ ရာခိုင်နှုန်း လောက်ပါသော စာအုပ်၊
ဥပမာ - ကားပြိုင်ပွဲ၌ အဝါရောင် ပြိုင်ကားလေးအား အနက်ရောင် ပြိုင်ကားလေးမှ ကျော်တက်မောင်းသွားသော်လည်း နောက်ဆုံးပန်းဝင်သည့်ကားလေးမှာ အပြာရောင်ပြိုင်ကားလေးဖြစ်ပါသည်။

#ဆဋ္ဌမအဆင့်(အနက်)

စာမျက်နှာတစ်ခုလုံး စာအပြည့်ပါနိုင်သလို ပုံတွေပါတဲ့အခါလည်းပါနိုင်သည် စာဖတ်သက်ရင့်လာသော လူငယ်များအတွက် သင့်လျော်ပြီး စာအုပ်တစ်အုပ်လုံး ပုံမပါဘဲ စာသီးသန့်ဖြစ်သည့်အတွက် နောက်ဆုံးအဆင့်တွင် ထည့်ထားရခြင်းဖြစ်ပါသည်။

အဆင့်ခွဲရာတွင် အရောင်ကိုသုံး၍ဖြစ်စေ၊ရုပ်ပုံလေးများသုံး၍ဖြစ်စေ၊ခွဲခြားနိုင်ပြီး ကလေးများစာအုပ်ရွေးခြယ်ရာတွင် လွယ်ကူစေရန်အတွက် ဖြစ်ပါသည်။

စာဖတ်လေ့ကျင့်ခန်းများ
^^^^^^^^^^^^^^^^^^^^^^
၁။ အသံထွက် စာဖတ်နည်း

ကျောင်းသားတွေကိုစုပြီး စာအုပ်တစ်အုပ်ကိုဖတ်ပြတဲ့နည်း
( အသံထွက်စာဖတ်ခြင်းမှာ ကျောင်းသားအရွယ်ထက်မြင့်တဲ့စာအုပ်ကို ဖတ်နိုင်ပါတယ်)

၂။ စုပေါင်း စာဖတ်နည်း

၃ ယောက်တစ်တွဲ ၄ ယောက်တစ်တွဲ ကျောင်းသားတွေကိုယ်တိုင် ပါဝင်တဲ့စာဖတ်နည်း
( စုပေါင်းစာဖတ်ခြင်းမှာ ကျောင်းသားအရွယ်နဲ့ကိုက်ညီတဲ့စာအုပ်မျိုးကိုသာ ဖတ်ရပါမည်)

၃။ နှစ်ယောက်တစ်တွဲ စာဖတ်နည်း

ကျောင်းသားနှစ်ယောက် အတူတူပေါင်းပြီး စာဖတ်တဲ့နည်း
( စာဖတ်နေတဲ့ ကျောင်းသားများထဲမှ ရွေးချယ်ကာစာကိုအသံထွက်ခိုင်းပြီး မှန်ကန်အောင်ဖတ်နိုင်မဖတ်နိုင် လေ့လာဖို့လိုသလို မဖတ်နိုင်သည့်ကျောင်းသားတွေ့ပါက ဖတ်နိုင်မည့်စာအုပ်ကိုဖတ်ဖို့ တိုက်တွန်းအားပေးရမည်)

၄။ တစ်ယောက်ထဲ စာဖတ်နည်း

စာဖတ်နည်းလမ်းညွှန်

၁။ ဖြေးညှင်းစွာ ဖတ်ပါ (Slowly)

၂။ စကားစု တခုနှင့်တခုအကြား ရပ်သင့်သည့်နေရာ တွင် ခေတ္တရပ်ပါ ရပ်ချိန်တွင်ခလေးများအား လိုက်လံကြည့်ပြီး ရပ်ချိန်အတို အရှည်ကို ပါဝင်သည့် ပုံပြင် ဇာတ်လမ်းပေါ်တွင်မူတည်ပါ(Pause)

၃။ စာအုပ်အပေါ်မှ ကျော်၍ကလေးများအား လည်းကြည့်ပေးပါ

၄။အသံကျယ် ကျယ် ဖြင့် ဖတ်ပါ
(ဆရာမ သည် smiling Relaxing Enjoying the story with children) အမူအရာ

၅။ ကလေး တဦးစီကို မေးခွန်းမေးပါ အားလုံးဝိုင်း ဖြေခြင်းကို အားမပေးပါ

၆။မျက်နှာအမူအရာ ကိုယ်အမူအရာ လုပ်ရာတွင် စကားလုံးတိုင်း ကိုသရုပ်ဖော်စရာမလိုပါ အရေးကြီးသောအမူအရာကိုသာဦးစားပေးပါ

၇။ အသံ အနိမ့်အမြင့် အတိုးအကျယ် မျက်လုံး အမူ အရာ ကို ပိုမို အားစိုက်ပေးပါ

နောက်ဆုံးအပေါ်က စာဖတ်နည်းတွေနဲ့ အလေ့အကျင့်လုပ်လာတဲ့အခါ ကလေးဟာ မိမိဘာသာ တစ်ယောက်ထဲ စာဖတ်လာနိုင်ပါလိမ့်မယ်

စာအုပ်အဆင့်ရွေးချယ် ဖတ်ရှုနည်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကလေးတွေစာဖတ်တဲ့အခါ သူတို့ဖတ်နိုင်တဲ့စာအုပ် ဟုတ်မဟုတ်ကိုတော့ စာအုပ်ထဲက အကြောင်းအရာ စကားလုံးတွေကို ဘယ်လောက်နားလည် သလဲဆိုတာနဲ့တိုင်းပြီး သင့်တော်တဲ့စာအုပ်ကို ပေးဖတ်လို့ရပါတယ် အဆင့်ခွဲထားတဲ့စာအုပ်တွေထဲက နားမလည်တဲ့ စာလုံး ၅ လုံး ၄လုံးလောက်ပါရင် အောက်ကအဆင့်ကို ပြောင်းပြီးဖတ်ခိုင်းလို့ရပါတယ်။

စာဖတ်စေခြင်းဖြင့် လူကြီးတွေထက် တစ်ဆင့်မြင့်သော ကလေးတွေဖြစ်လာအောင် ပျိုးထောင်ပေးကြပါ။

O Soe

ဤစာအုပ်အဆင့်ခွဲခြားမှု နဲ့ စာဖတ်လေ့ကျင့်ခန်းများကို မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ဆောင်နေသည့် စာဖတ်ကြစို့ စီမံကိန်းအတွက် Room to Read, Myanmar Book Aid and Preservation Foundation, Myanmar Library Association တို့မှ ပူးပေါင်းသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင်ပို့ချခဲ့သော သင်ခန်းစာများကို ပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါသည်။ ကလေးများအတွက် စာအုပ်ရွေးချယ် ဖတ်ရှုရာတွင် လွယ်ကူစေရန်နှင့် တူညီသော စနစ်တစ်ခုအား လိုက်နာကျင့်သုံးစေနိုင်ရင် မျှဝေပေးခြင်းဖြစ်သည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း