Author's Profile Photo

တိုက်စိုး

6/09/2024

လူငယ်ကြိုက်နှင့် လူကြီးကြိုက် (အပိုင်း-၁)

3 mins read
Art
လူငယ်ကြိုက်နှင့် လူကြီးကြိုက် (အပိုင်း-၁)'s photo

ကျွန်တော်သည် ဝတ္ထုစွဲသူတစ်ယောက် ဖြစ်လေသည်။ဝတ္ထု၏ ရှေ့ပြေးဖြစ်သော ဒဏ္ဍာရီပုံပြင်များကို လူကြီးမိဘများထံမှ ကျွန်တော် ကလေးအရွယ်က တပျော်တပါး နားထောင်ခဲ့ရသည်။ ထိုပုံပြင်များမှ တစ်ဆင့်တက်၍ ကာလသားအရွယ်တွင် ခေတ်ပေါ်မဂ္ဂဇင်း၊ ဝတ္ထုများရော၊ လုံးချင်းထုတ် ဝတ္ထုများကိုပါ အချိန်ရသရွေ့
ဖတ်ခဲ့သည်။ ယခု လူလတ်ပိုင်းသို့ ရောက်နေပြန်သောအခါ အဆင်သင့်တိုင်း ဝတ္ထုကို ကျွန်တော်ဖတ်သည်။

သို့သော် တစ်ခုရှိ၏။ အရွယ်ပြောင်းခဲ့သလိုဝတ္ထုအကြိုက်လည်း ပြောင်းခဲ့ပြီ။ ငယ်စဉ်က မကြိုက်သော ဝတ္ထုကို ကျွန်တော် ယခု ကြိုက်ချင် ကြိုက်လာသည်။ ကာလသားအရွယ်က စွဲခဲ့သော ဝတ္ထုကို ယခုပြန်၍ ဖတ်မရသည့်အခါ ရှိတတ်သည်။

ပမာဆိုပါတော့ အနှစ်အစိတ် သုံးဆယ်ကတည်းက ကျော်ကြားခဲ့သည့် ပီမိုးနင်း၏‘သဲမြညှာ’ဝတ္ထု၊ထိုဝတ္ထု၏ ဇာတ်လမ်းမှာ ချစ်စရာကလေး ဖြစ်ပေသည်။ ချစ်စရာကလေးဖြစ်ရအောင် ဖန်တီးထားပုံမှာခင်မောင်သည် ရာထူးကျကာ မိတ်ဆွေဖြစ်သူစက်သူဌေး မောင်ဖေ၏ အိမ်တွင် သောင်တင်နေ၏။မောင်ဖေတွင် မမြဆိုသည့် သမီးချောရှိသည်။ မမြကိုခင်မောင်က အင်္ဂလိပ်စာ သင်ပေးရ၏။ သို့ဖြင် တစ်ဦးနှင့်တစ်ဦးသည် နီးစပ်ခင်တွယ်လာကြသည်။ သို့သော် မမြကို မောင်ဖေက မြို့အုပ်မောင်ကြွားနှင့် ပေးစားရန် ကြံထား၏။ ထို့ပြင် မမြတို့နှင့် ဆွေစမျိုးစတော်၍ အိမ်တွင် အစေအပါးလုပ်နေသူ အောင်ကဲကလည်း မမြကိုတိတ်တခိုး ပိုးနေ၏။

နောက်တစ်ဆင့်တွင် အောင်ကဲက ခင်မောင်၏ ခေါင်းအုံးအောက်တွင် မမြ၏ လက်ကောက်ကိုဝှက်ထား၏။ ခင်မောင်လည်း အထင်လွဲခံရ၍ အိမ်မှခွာရ၏။ ခွာရသော်လည်း မမြကို စိတ်မပြတ်၍ အနီးအနားတစ်ဝိုက်တွင် အတန်ကြာနေသည်။ နေရင်းအောင်ကဲ ရေနစ်သည်ကို ကယ်မိ၏။ ခင်မောင်၏ကျေးဇူးကလည်း ရှိပြန်၊ မမြကလည်း သူ့အပေါ် စိတ်ညွှတ်ဟန်မရှိသည်ကို တွေ့ပြန်ရာ အောင်ကဲလည်း မမြအပေါ် စိတ်လျှော့သည်။ ထိုအတွင်း မြို့အုပ်ကို မယူလို၍ မမြသည် သေကြောင်းကြံ၏။ အောင်ကဲက လက်မတင်ကလေး ကယ်ပြီးလျှင် ခင်မောင်ရှိရာ ရန်ကုန်သို့ခေါ်သွား၏။

ဆွေးဖို့ဖန်လာသည်ကား အောင်ကဲနှင့် မမြသည် ဘယ်ကိုသွားရမှန်းမသိသဖြင့် ရွှေတိဂုံရှိ ဇရပ်တစ်ခုတွင် ဥပုသ်သည်တစ်ဦးကို အားပြု၍ သွားနေရခြင်းဖြစ်သည်။ အောင်ကဲလည်း ခင်မောင်ကို နေ့စဉ်အရှာထွက်၏။ ခင်မောင်သည် အလုပ်လက်မဲ့ဖြင့်ရန်ကုန်တွင် နေရသည်။ မမြတို့စီးလာသည့် မြင်းရထားကို ညတစ်ညတွင် လမ်းညွှန်ပေးလိုက်သော်လည်း မမြတို့ ပါမှန်းမသိ။

ထိုတွင် အသည်းထိတ်စရာပေါ်လာလေသည်။ ခင်မောင်နေသော အခန်း၏ အပေါ်ထပ်တွင်လူဆိုးလူမိုက်များ နေသည်။ ထိုလူဆိုးများသည် မမြကို ရွှေတိဂုံဘုရားမှ ဈေးသည်မကြီး၏ဆိုင်တွင် တွေ့ကြသည်။ မမြကို သွေးဆောင်ခေါ်ယူခဲ့ရန် (သူ့အား)ပြောသည်။ အပျော်လိုက်သော ပွဲစားကြီး ဦးခင်ကလည်း မမြကို ဈေးသည်မကြီးထံတွင် တွေ့၍ မိမိ၏ ခြံထဲသို့ အပါခေါ်ခဲ့ရန် နားသွင်းထားသည်။ ထိုအတွင်းခင်မောင်သည် အိပ်မက်မကောင်း၍ မမြသတင်းကိုရန် အရပ်သို့သွား၏။ မောင်ဖေ့အိမ်သို့ ရောက်၏။ရောက်မဆိုက်တွင် မမြထံမှ ထည့်လိုက်သောစာကို ဖတ်ရ၍ မောင်ဖေကိုခေါ်ကာ ရန်ကုန်သို့ လာကြသည်။ရန်ကုန်တွင် မမြကို အတူတူရှာရင်း အောင်ကဲ ကား
တိုက်ခံရသည်နှင့် ကြုံကြသည်။ အောင်ကဲလည်း ဘုရားပေါ်တွင် မမြရှိကြောင်း တစ်ပိုင်းတစ်စပြောကာ သေ
ရှာ၏။ ခင်မောင်နှင့် မောင်ဖေလည်း ဘုရားသို့ လိုက်သွားကြရာ ဈေးသည်မကြီးနှင့်အတူ တက္ကစီစီး၍ ရုပ်ရှင်
အကြည့်သွားကြကြောင်းဖြင့် ဥပုသ်သည်ကြီးထံမှ ကြားကြရသည်။ မောင်ဖေလည်း ကြံရာမရဖြစ်ကာ အစ်ကို
ကြီးဖြစ်သူ ပွဲစားကြီးဦးခင်ရှိရာသို့ အကူအညီသွားတောင်းသည်။ ခင်မောင်လည်း အကြံထုတ်ရန် အခန်းသို့ပြန်သည်။ အခန်းပြန်အရောက် လူဆိုးများ မိန်းမနှစ်ဦးကို သင်္ကာမကင်းဖွယ်ရာ ခေါ်တင်လာသည်ကိုမြင်ရ၍ အပေါ်တက်ကြည့်ရာ မမြတို့နှင့် ဆုံရသည်။

ဆုံရသည်ဆိုသော်လည်း ခင်မောင်သည် လူဆိုးတို့၏ အဖမ်းအဆီးခံရ၍ ဆုံရခြင်းဖြစ်သည်။ ထိုအချိန်တွင် မောင်ဖေသည် သူ့အစ်ကိုကြီးနှင့် တွေ့ ရှိအကျိုးအကြောင်းပြောပြသည်။ ပွဲစားကြီးလည်း မမြလူဆိုးလက် ပါသွားမှန်းသိရှိကာ မောင်ဖေကိုခေါ်၍လူဆိုးများရှိရာသို့လိုက်ပြီးလျှင် မမြနှင့် ခင်မောင်ကိုကယ်ဆယ်လိုက်လေသည်။ ဤတွင် ဇာတ်သိမ်း၏။ထဘီဝတ္ထုသည် ဖတ်၍အလွန်ကောင်း၏။ ခင်မောင်နှင့် မမြတို့ အိမ်အပေါ်ထပ်တွင် မိုးရေသုတ်ရင်းအချစ်ပျိုးကြသောအခန်းမှာ အလွန်မက်လောက်သည်။အိမ်မှမခွာမီညတွင် ခင်မောင်သည် အချစ်လွန်ကဲစိတ်
ဖြင့် မမြ၏အခန်းသို့ ဝင်မိပုံအဖွဲ့အနွဲ့သည် စာရေးဆရာ၏ လက်စွမ်းပြဖြစ်သည်။ ချစ်စရာ၊ လွမ်းစရာ၊ အသည်း
ထိတ်စရာတွေ ဇာတ်လမ်းတစ်ခုလုံးတွင် သူ့နေရာနှင့်သူအံကျရှိနေသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်သည်။

‘သဲမြညှာ” ဝတ္ထုသည် ပထမ၌ ‘ဒီးဒုတ်’ဂျာနယ်တွင် အပတ်စဉ်ပါ၏။ လူကြိုက်လည်း အလွန်များသည်ဟု နောင်အခါတွင် ကျွန်တော် သိရပေသည်။ထိုစဉ်က ကျွန်တော်သည် အရွယ်မရောက်သေးဖြစ်၍မဖတ်မိ။ လုံးချင်းဝတ္ထုအဖြစ် ထွက်လာ၍ နှစ်အနည်းငယ်ကြာမှသာ ကျွန်တော် ဖတ်ရသည်။ ဖတ်မိမိချင်းတစ်ခါတည်း စွဲသွားလေတော့သည်။ ကာလသားဖော်များနှင့် တွေ့သည့်အခါ၌လည်း ထိုဝတ္ထုအကြောင်းကိုကျွန်တော် တသသ ပြောမိပြန်သည်။

ကျွန်တော် ကြီးပြင်းလာ၍ စာသမားများနှင့်ဆုံမိသောအခါ ‘သဲမြညှာ”ဝတ္ထုကို စကားစပ်မိပြန်လေသည်။ သို့သော် အရင်ကနှင့် ပြောပုံချင်း မတူတော့ပြီ။အမြင်ချင်းလည်း မတူတော့ပြီ။ ငယ်ငယ်က ဇာတ်ကွက်အချိတ်အဆက်ကောင်းသည်ဟု ထင်သည့်နေရာများတွင် ဆင်ကွက်တွေကို မြင်လာမိသည်။ နှစ်သက်ဖွယ်သော ချစ်ခန်း ကြိုက်ခန်း၊ ကြေကွဲဖွယ်သော အလွမ်းအဆွေးဟု ထင်သည့်နေရာများတွင် အပေါ်ယံအချစ်၊အပေါ်ယံအလွမ်းကို မြင်လာမိသည်။ ကျွန်တော် ရှင်းရဦးမည်။ ခင်မောင်က အောင်ကဲကို ကယ်ရခြင်း၊အောင်ကဲက မမြကို ကယ်ရခြင်း၊ ခင်မောင်နှင့် မောင်ဖေက အောင်ကဲကို ကားတိုက်ရာတွင် တွေ့ ရခြင်း၊ ခင်မောင်သည် လူဆိုးများနှင့် အထက်အောက် နေထိုင်သူဖြစ်ရခြင်း၊ ပွဲစားကြီးသည် လူဆိုးများရော၊ ဈေးသည်မကြီးကိုပါ သိနေခြင်း၊ ပွဲစားကြီးသည် မောင်ဖေ့အစ်ကို၊မမြ ဘကြီး ဖြစ်နေခြင်းဟူသော အခြင်းအရာများသည်ခင်မောင်နှင့် မမြတို့ ဇာတ်ပေါင်းနိုင်ရေးအတွက် တိုက်ဆိုင်လွန်းလှသည်။ ဝတ္ထုမည်သည် တကယ့်အဖြစ်အပျက်မဟုတ်။

ဝတ္ထုရေးဆရာက ဖတ်၍ကောင်းအောင်ဇာတ်ကောင်၊ ပတ်ဝန်းကျင်၊ ဇာတ်လမ်း စသည်ကိုပေါင်းစပ်ဖန်တီးထားသည် မှန်၏။ သို့သော် တကယ်ဖြစ်ပျက်သည်ဟု ထင်ရအောင် ဖန်တီးနိုင်မှ လောကသဘာဝ၊ လူ့သဘာဝနှင့် တွေ့ထိမှ ဆင်ခြင်တတ်သောအရွယ်ပိုင်းက လက်ခံမည်ဖြစ်လေသည်။ ထို့ပြင် ‘သဲမြညှာ' ဝတ္ထုထဲတွင် စီးပွားရေးဆန်သော အိမ်ထောင်ရေးနှင့် တကယ့်အချစ်အပေါ်တွင် မူတည်သော အိမ်ထောင်ရေးကိစ္စတို့၏ ပဋိပက္ခသဘောသည် ပါ၏။ ပါသော်လည်း ထိုသဘောကို လေးနက်လာအောင် ဝတ္ထုရေးဆရာက ဇာတ်လမ်းမဆင်နိုင်။ ပေါ့လျှံလျှံအချစ်၊ ပေါ့လျှံလျှံအလွမ်းတို့ဖြင့် ဆင်ပြင်ခြယ်မှုန်းသည်ကိုသာ တွေ့ရသည်။ အချုပ်ဆိုရသော် ထိုဝတ္ထုမျိုးသည် ဆွဲဆောင်မှုရှိသည်မှန်သော်လည်း မုချလောကနှင့် ကင်းကွာသော၊စိတ်ကူးယဉ်၍ကောင်းသော ဝတ္ထုမျိုးသာ ဖြစ်သည်ဟုဆိုရပေတော့မည်။

(အပိုင်း-၂)ဆက်ရန်,

#တိုက်စိုး
#လူငယ်ကြိုက်နှင့် လူကြီးကြိုက်





Keep Reading

အနုပညာနည်းလမ်းနှစ်သွယ်အမည်မရှိ ကမ္ဘာအ‌တွေးအစအနများလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁) စာအရေးအသားကောင်းစေမယ့်သော့ချက်