Author's Profile Photo

ဂလယ်ရီဝိုင် (မာရိတ်)

31/08/2024

မာရိတ်​မြေသို့ အလည်တစ်ခေါက် ရောက်ခဲ့စဥ်က

2 mins read
Poetry
မာရိတ်​မြေသို့ အလည်တစ်ခေါက် ရောက်ခဲ့စဥ်က's photo




၂၇.၈.၂၀၂၄ (အင်္ဂါနေ့) **********

ကာလရှည်ကြာ အတိတ်ပုံရိပ်များကို ငေးမောတွေးတောနေရင်းကနေ တချိန်က"နွေ" သွားဖူးခဲ့တဲ့ မြို့လေးတခုအကြောင်း အတွေးနယ်ချဲ့မိနေပါတော့တယ်။

၁၄.၁၂.၂၀၁၉ (စနေနေ့) ************

လွန်ခဲ့တဲ့ ၂၀၁၉ ခုနစ် ဒီဇင်ဘာလလောက်ကပေါ့။အလုပ်ကိစ္စတခုနဲ့ မြန်မာပြည်ရဲ့တောင်ဘက်စွန်း မြို့လေးကိုခရီးသွားဖို့အကြောင်းဖန်လာပါတော့တယ်။အဲဒီမြို့လေးကတော့ ​ရှေးအခေါ် မာရိတ် ဆိုတဲ့ မြိတ်မြို့ကိုပေါ့။

၁၆.၁၂.၂၀၁၉ (တနင်္လာနေ့) ********

ဒီလိုနဲ့ "နွေ" တို့ရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကနေပြီး မြိတ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။အချိန်ကား နံနက် ရှစ်နာရီဝန်းကျင်၊ နေကတော့ သိပ်မပူ၊ရာသီဥတုက သာယာမည်ဟု ဆိုရမည်။မြိတ်လေဆိပ်ရောက်ပြီဆိုသည်နဲ့ ကျွန်မရဲ့ ငယ်သူငယ်ချင်းက လာရောက်စောင့်ကြိုနေခဲ့တယ်။ခရီးထွက်လာတဲ့ အချိန်အတော်အတွင်း ​"နွေ" ရဲ့ သူငယ်ချင်း ကေသီအိမ်မှာ တည်းခိုဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။ ကေသီကလည်း အစကတည်းက အလည်လာဖို့ ဖိတ်ခေါ်နေခဲ့တယ်။ကျွန်မကသာ အလုပ်ကိစ္စတွေနဲ့ အလည်မလာဖြစ်ခဲ့ဘူး။အခုတော့ အကြောင်းတိုက်ဆိုင်စွာပဲ အလုပ်ကိစ္စနဲ့ မြိတ်မြို့ကိုအလည်ရောက်ဖြစ်ခဲ့တယ်။ဒီလိုနဲ့ ကေသီအိမ်ကိုရောက်နှင်ခဲ့တယ်။အိမ်ကိုစစရောက်ချင်းကေသီရဲ့အမေက ထမင်းဝိုင်းပြင်ပြီး စောင့်နေခဲ့တယ်။ "နွေ" ကလည်း ခရီးပန်းလာတော့ ထမင်းအရင်မစားသေးဘဲ ရေအရင်ချိုးပြီးမှ ထမင်းစားခဲ့တယ်။ထမင်းစားပြီးနောက်ကေသီနဲ့ကျွန်မတို့ စကားလက်ဆုံပြောကြရင်း ကေသီက မနက်ဖန်ကျရင် ရောက်တုန်းရောက်ခိုက် ဘုရားတွေသွားဖူးမို့ပြောတယ်။

၁၇.၁၂.၂၀၁၉ (အင်္ဂါနေ့) *********

အဲလိုနဲ့ မနက်ဖန်ရောက်တော့ မနက်၈နာရီလောက်မှာ ကျွန်မနဲ့ကေသီတို့ဆိုင်ကယ်လေးစီးပြီး ဘုရားဖူးထွက်လာခဲ့တယ်။လမ်းမှာ ကျွန်မတို့ရန်ကုန်လို ကားတွေပြည့်သိပ်မနေဘဲ ဆိုင်ကယ်ကိုယ်စီနဲ့ ပေါ့ပေါ့ပါးပါး သွားလာမောင်းနှင်းနေကြတယ်။ကေသီက ကျွန်မကို သိမ်တော်ကြီးဘုရားကို အရင်လိုက်ပို့ကာ ဖူးမြော်ခဲ့တယ်။ကေသီပြောပုံအရဆိုလျှင် လေးကျွန်းဆီးမီးသိမ်တော်ကြီးသည် မြိတ်မြို့၏ အထင်ကရ ဘုရားများအနက် တခုဖြစ်တယ်လို့ဆိုတယ်။သိမ်တော်ကြီးဘုရား၏ ရင်ပြင်ပေါ်ကနေ ကြည့်လျှင် မြိတ်မြို့၏ အလှတရားကို ထင်သာမြင်သာ တွေ့ရတယ်။ထို့နောက်သိမ်တော်ကြီးဘုရားကို ဖူးမြော်ပြီးနောက် ကေသီကတစ်ကမ္ဘာလုံးအေးမြချမ်းသာစေတီတော်ကို သွားဖူးမယ်လို့ ပြောတယ်။ ဆိုင်ကယ်လေးစီးပြီး ကေသီနဲ့ကျွန်မတို့ ခရီးဆက်လာတယ်။ပြီးတော့ ကေသီပြောတဲ့ တစ်ကမ္ဘာလုံးစေတီကို ရောက်ခဲ့တယ်။ရောက်ရောက်ချင်း မြင်မြင်သမျှအရာတိုင်း ငေးမော လောက်ရအောင်ပင် ကြည်ညိုစရာကောင်းလှတယ်။ကေသီက အဲဒီစေတီကိုတည်ထားတာ မကြာသေးဘူးပြောတယ်။စေတီရဲ့ ပတ်ပတ်လည်လည်မှာ ပြင်ဆင်မွမ်းမံထားတာတွေကို အတော်ပင်လက်ရာမြောက်တယ်။သစ်သီးပုံတူတွေ ထွင်းထုထားတာဟာ အတော်ပင် ချီးကျူးဖွယ်ကောင်းတယ်။အဲ့စေတီကို ကျွန်မတို့ရောက်ရှိချိန်က နံနက်၁၁နာရီလောက်ဆိုပေမယ့် လူတွေကတော့ ကားကြီးကားငယ်အသွယ်သွယ်နဲ့ စည်ကားနေကြတယ်။စေတီကအပြန်မှာ နေ့လယ်စာစားကြပြီးခဏတာအနားယူတယ်။ထို့နောက် ကေသီက ရောက်တုန်းရောက်ခိုက် နေရာစုံသွားအောင် ရန်ကင်းတောင်စေတီကိုလည်းသွားရအောင်လို့ပြောတယ်။ဆိုင်ကယ်နဲ့ နှစ်ယောက်သား စကားလေးပြောရင်း ရန်ကင်းတောင်စေတီကို ရောက်ခဲ့ပြန်တယ်။စေတီက တောင်ထိပ်မှာတည်ထားတာဖြစ်လို့ ဆိုင်ကယ်နဲ့ စေတီပေါ်အတက်မှာ ဆိုင်ကယ်စီးလေ့စီးထမရှိတဲ့ ကျွန်မက ကြောက်ကြောက်လန့်လန့်နဲ့ ကေသီရဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တယ်။စေတီပေါ်လည်းရောက်ရော ကျွန်မ ချွေးဇောတွေပြန်နေတာကို ကေသီကတွေ့တော့ ရန်ကုန်သူဖြစ်ပြီး အဲလောက်တောင် ကြောက်ရလားဆိုကာ လှမ်းနောက်တယ်။ဒီလိုနဲ့ စေတီကို လည်ပတ်ဖူးမြော်ရင်း စောင်းတန်းဘေးက ထိုင်ခုံလေးမှာ အညောင်းဖြေအနားယူကြတယ်။ကေသီနဲ့ကျွန်မစကားစမြည်းပြောပြီးနောက် စေတီကနေ ပြန်ခဲ့ကြတယ်။ကေသီက အပြန်မှာ မြိတ်ဒေသအစားအစာတွေဝယ်ကျွေးတော့ အတော်ပင် အရသာရှိလှတယ်။ဒီလိုနဲ့
ကေသီနဲ့ကျွန်မ အိမ်အပြန်မှာ ကမ်းနားလမ်းရဲ့ ညနေဆည်းဆာနေဝင်ချိန်လေးကို အတူခံစားရင်း အိမ်ကိုပြန်ရောက်လာခဲ့တယ်။အိမ်ရောက်တော့ရေချိုးပြီးညစာစားကာ အိပ်ရာဝင်ခဲ့တယ်။တနေ့လုံး ပင်ပန်းခဲ့လို့ ခနချင်း အိပ်ပျော်သွားခဲ့တယ်။

၁၈.၁၂.၂၀၁၉ (ဗုဒ္ဓဟူးနေ့ ) ***********

နောက်နေ့မနက်မှာ ကေသီကကျွန်မကို ဝယ်စရာလေးရှိလို့ သူနဲ့အတူ အပြင်ခဏလိုက်ခဲ့ပါလို့ပြောတယ်။ဒါနဲ့ ကေသီခေါ်ရာ မြိတ်စျေးကြီးကို ရောက်ခဲ့တယ်။စျေးကြီးထဲရောက်တော့ ကေသီက သူလိုအပ်တာတွေ ဝယ်ပေမယ့် စုံစုံလင်လင်မရသေးတော့
မြိတ် ရှော့စ်ပင်းစင်တာမှာ ထပ်သွားဝယ်ရမယ်ပြောတယ်။မြိတ်ရှော့ပင်းစင်တာရောက်တော့ ကေတီက သူလိုတာတွေ ဝယ်ယူခဲ့တယ်။ပစ္စည်းတွေလည်းစုံသလောက်ရပြီဖြစ်လို့ အိပ်ပြန်ကြရအောင်လို့ဆိုတယ်။အိမ်ပြန်လမ်းမှာ ကမ်းတစ်ဖက်က ရှင်သာလျောင်းဘုရားကြီးကို စိတ်ထဲက မှန်းဆရည်မှန်းကာ ဖူးမြော်ခဲ့တယ်။


၂၄.၁၂.၂၀၁၉ (အင်္ဂါနေ့) *********

ပင်လယ်ပြင်မှာ နှင်းမှုန်တွေ တဖွဲဖွဲကျကာ
ဆောင်းလေတွေကလည်း ညင်သာစွာ တိုက်ခတ်နေခဲ့တယ်။အချိန်ကားနံနက်၇နာရီခွဲ။မြိတ်လေဆိပ်မှာ ကျွန်မနဲ့ကေသီတို့ဟာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ခွဲခွာခြင်းအကြည့်တွေနဲ့ အပြန်အလှန် နှုတ်ဆက်စကားဆိုကြတယ်။ကေသီက ကျွန်မကို နောက်တစ်ခါအလည်လာဖို့ ပြောတယ်။ကျွန်မကလည်း အခွင့်ရရင် လာလည်မှာပါလို့ ပြောခဲ့တယ်။ထို့နောက် လေယာဉ်ထွက်ခွာချိန်နီးလာပြီဖြစ်လို့ ကျွန်မလေယာဥ်ရှိရာကို ဦးတည်လျှောက်လာခဲ့တယ်။လေယာဥ်ပေါ်ရောက်တဲ့အခါမှာတော့ ကျွန်မရဲ့စိတ်နှလုံးထဲ ​ပင်လယ်အငွေ့အသက်တွေနဲ့ လွမ်းခြုံထားတဲ့ သာယာဖွယ် မြို့လေးရဲ့ ချစ်စဖွယ်အမှတ်တရလေးတွေကို ဘယ်သောအခါမှ မေ့ပျောက်လို့ရနိုင်မည် မဟုတ်ဘူးဆိုတာကို စိတ်ထဲအလိုလို သိနေခဲ့တယ် ။ ။

ဂလယ်ရီဝိုင် (မာရိတ်)

မှတ်ချက်။ ။ဤဆောင်းပါးသည် စာရေးသူ၏ အတွေ့အကြုံနှင့် အတွေးသရုပ်ကို ပေါင်းစပ်ပုံဖော်ထားသည် ဖြစ်သောကြောင့် လွဲမှားနေသည့် အချက်တစ်စုံတစ်ရာပါရှိပါသော် အနူးအညွတ်တောင်းပန်အပ်ပါသည်။

Keep Reading

ရန်ကုန်မိုးမျှော်လင့်ချက်မိုးရွာတဲ့​ ​နေ့နန်းကျဘုရင်မေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းအကြည်ဓာတ်နေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများ