Author's Profile Photo

စမ်းစမ်းနွဲ့ (သာယာဝတီ)

29/08/2024

ပရိတ်သတ်ကြားက အဘွားနဲ့ကျွန်တော် - အပိုင်း(၁)

1 min read
Culture
Art
ပရိတ်သတ်ကြားက အဘွားနဲ့ကျွန်တော် - အပိုင်း(၁)'s photo

အသံတွေ တိတ်သွားတယ်။
အင်မတန် အငြင်းပွားဖွယ်၊ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ပြိုင်ပွဲတခုကို တချိန်လုံးစိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြတာ မှန်ပေမယ့် ပြီးသွားပြီဆိုတော့လည်း အားလုံးပြီးသွားပြီပဲပေါ့ဗျာ။ အရှုံးအနိုင်၊ အဆုံးအဖြတ် ရလဒ်က ထွက်သွားပြီပဲ။

ကျေနပ်သူတွေက ဝမ်းသာပီတိကို ချောကလက်ကင်ဒီလို ငုံရင်း တမြုံ့မြုံ့ ခံစားနေသလို၊ အလိုမကျသူတွေကတော့ ဒေါသကို ပိကေလိုဝါးရင်း မထွေးနိုင် မမျိုနိုင်နဲ့ရယ်။ပွဲပြီးသွားပြီဆိုမှတော့ ဘာပြောစရာ လိုတော့မှာတဲ့လဲဗျာ။ ခံစားချက် ကိုယ်စီနဲ့ငြိမ်လို့။ တချိန်လုံး ငြင်းခုံဆူညံလာခဲ့တဲ့ အသံတွေအားလုံး တိတ်လို့...။
တကယ်တော့ ကျွန်တော်တို့ လူသိုက်ကလည်း စည်းကလေး ထားတတ်ကြလို့ပါ။နောက်တခုက အဘွားကိုလည်း ရှိန်ကြလို့ပါ။

အံ့ဩစရာ ဖြစ်နေမလားတော့ မသိဘူးဗျာ။ အသက် နှစ်ဆယ်ဝန်းကျင် ကျွန်တော်
တို့အုပ်စုနဲ့ အသက်ခြောက်ဆယ်ကျော် အဘွားတယောက် ရှစ်ပေစလောင်း တချပ်နဲ့
နိုင်ငံတကာ ဘောလုံးပွဲတွေ အတူတူကြည့်ဖြစ်လာကြတာ သုံးနှစ်သုံးမိုး ကျော်ခဲ့ပါပြီလို့ ဆိုရင်...။

ကျွန်တော်တို့ မြို့သစ် ရန်နိုင်လမ်းသွယ်-၁ မှာ အဘွားက နောက်ဆုံးပြောင်းရွှေ့နေကြ၊ အခြေကျသည်အထိ အဘွားအိမ်က ဆောက်ရသေးတာ မဟုတ်ဘူး။ရောက်လာသူဗျ။ ကျွန်တော်တို့ တထပ်တိုက်တွေ၊ နှစ်ထပ်တိုက်တွေ ဆောက်ပြီး မိသားစုတွေပစ်ထားသေးတာ။ အုတ်၊ သဲ၊ ကျောက်တွေ၊ သစ်တွေပုံပြီး အိမ်စဆောက်တော့မှ အိမ်ရှေ့ပေလေးဆယ် ခြောက်ဆယ် နှစ်ကွက်စာကို သံဆူးကြိုး ဝင်းထရံကာပြီး လေးငါးခြောက်လခြံစည်းရိုးကို ပုဏ္ဍရိုက်ပင်တွေ စေ့စပ်နေအောင် စိုက်တယ်။ ဝင်းတံခါး တဖက်တချက်မှာပိတောက်ပင်ပျိုးတယ်။ အိမ်နောက်ခြံစည်းရိုးကို အုတ်တံတိုင်း ကာတယ်။ပုပုသေးသေးခြံကျယ်ကျယ်မှာ အိမ်ကြီးကြီးဆောက်ပြီး မိသားစုတွေ တလှေကြီး ပြောင်းလာကြလိမ့်မယ်လို့ တွေးခဲ့၊ ထင်ခဲ့တာပေါ့ဗျာ။ တကယ်ဆောက်တော့ သစ်သားအိမ်ကလေးရယ်။ ကျွန်တော်နဲ့ ခြံချင်းကပ်ရက်၊ ကျွန်တော်တို့ ခြံဘက်ကို နေရာယူပြီးဆောက်တာမို့ အိမ်ရှေ့နဲ့ အိမ်ခြေရင်းဘက်မှာ မြေကွက်လပ်ကျယ်ကြီးတွေ ချန်ထားလေရဲ့။

အိမ်ဆောက်နေရင်း အဝီစိတွင်းတူးတာ၊ မီတာဘောက်စ် တပ်ဆင်တာတွေကျွန်တော် မြင်နေ ကြားနေရတာပါ။ အိမ်ကလေးက ကျွန်တော့် မျက်စိအောက်မှာ တစတစရုပ်လုံး ပေါ်လာတော့မှ အိုး...စိတ်ကူးကောင်းမှ ကောင်းကိုးဗျ။ အုပ်ကြွပ်မိုးနီနီနဲ့ အနက်စွေးစွေး သစ်သားအိမ်ပုကလေးဟာ မြက်ခင်းစိမ်းတွေ အလယ်မှာ ဘယ်လောက် နေပျော်ချင်စဖွယ် ကောင်းလိုက်မလဲဆိုတာ စဉ်းစားသာ ကြည့်။ ခြံမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းပင်၊သီးပင်၊ စားပင် ဘာတပင်မှ မထားဘဲ မြက်ခင်းပြင်ကျယ်ကြီးကိုသာ စိမ်းမြနေအောင်မွေးထားတာ။

မြက်ခင်းစိမ်းနဲ့ ယာတောအိမ်ကလေးကို တရိပ်ရိပ် ကြည့်ကောင်းနေတုန်းမှာပဲ
နေမယ့် အိမ်ရှင်တွေ ပြောင်းလာကြတယ်။ မဟုတ်ပါဘူးဗျ။ အဘွားကြီး တယောက်တည်းရယ်။

အိမ်သုံးပရိဘောဂ အနည်းအကျဉ်းလောက်ကို နေရာချပြီးပြီးချင်း အိမ်ရှေ့မြက်ခင်းမှာ ရှစ်ပေစလောင်းတချပ် ဆင်တယ်။ ကျွန်တော်တို့ အိမ်တန်းရဲ့ အရှေ့မှာလမ်းသွယ်။ လမ်းသွယ်ရဲ့ တဖက်ခြမ်းက မြေလွတ်မြေရိုင်းတွေပေါ့။ အကွက်တွေ ရိုက်ပြီးသားပေမယ့်ပိုင်ရှင်တွေက စိတ်ဝင်စားပုံ မရှိသေးဘူး ထင်ပါတယ်။

ကျွန််တော်တို့ အိမ်တန်းက အဘွားအိမ် အပါအဝင် ဆယ့်နှစ်လုံးရှိတာမို့ “ဆယ့်နှစ်လုံးတန်း’ လို့တောင်ခေါ်နေကြပါပြီ။ နှစ်ထပ်တိုက်လေး ငါးလုံး ဆိုပါတော့ဗျာ။ သစ်သားအိမ်ဆိုလို့ အဘွားရဲ့မြက်ခင်းစိမ်းနဲ့ ယာတော အိမ်ကလေး တလုံးတည်းရယ်ပါ။

ကျွန်တော်တို့ လမ်းသွယ်ကနေ လမ်းမပေါ် တက်မိရင်တော့ ဘတ်စ်ကားတွေချောင်တတ်ပါတယ်။ စိတ်ရှည်ရင် တက္ကစီစီးလည်း ရတတ်ပါတယ်။ ရပ်ကွက်က ခေါင်တယ်လို့ပြောကြပေမယ့် သွားရေးလာရေး မခက်ခဲလှပါဘူး။

ကိုယ်ပိုင်ကားနဲ့ မြို့ထဲသွား အလုပ်လုပ်တဲ့ လူကြီးတွေ၊ ကိုယ်ပိုင်ကားနဲ့ ကျောင်းကြိုပို့လုပ်နေတဲ့ အိမ်တွေလည်းရှိတော့ လမ်းကြုံလိုက်ချင်ရင်လည်း ကျွန်တော်တို့ ဆယ့်နှစ်လုံးတန်းက နွေးထွေးပြီးသားရယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းဘဝနဲ့ ကိုယ်မို့ ထွေးရောယှက်တင် မနေတတ်ကြပေမယ့် တအိမ်နဲ့ တအိမ် သိကြပါတယ်။

ကျွန်တော်တို့ လူငယ်တွေကျတော့ ရင်းနှီးခင်မင်ပြီး ဘော်ဒါဘော်ချက်တွေ ဖြစ်နေကြပြီပေါ့ဗျာ။

ဒဂုံတက္ကသိုလ်တက်နေတဲ့ ပါထွေးနဲ့ ပါတိုး ညီအစ်ကိုရယ်၊ ဆော့ဖ်ဝဲ ကုမ္ပဏီတခုမှာ ပရိုဂရမ်လုပ်နေတဲ့ ကိုကြီးကျော်ရယ်၊ ကွန်ပျူတာနည်းပြ ကိုငယ်လေးရယ်၊ကျောင်းပြီးစ ကယောင်ပြနေတဲ့ ဖိုးချိုရယ်၊ ဖိုချိုလိုပဲ ကျောင်းပြီးစ မိဘလည်း ကျေနပ်စေဖို့၊ကိုယ့်ကိုယ်ကိုယ်လည်း အယုံအကြည် နည်းမသွားစေဖို့ စိတ်ကူးတည့်ရာ ဟိုသင်တန်း
ဒီသင်တန်းတွေ လိုက်တက်နေတဲ့ ကျွန်တော် မောင်မောင်ရယ်ပေါ့။ ဒါ ကျွန်တော်တို့လမ်းထဲမှာလူငယ်လိုနေတဲ့ လူငယ်အကုန်ပါပဲ။

အဘွား အိမ်ပြောင်းလာပြီး နှစ်ရက်သုံးရက်အကြာ ထင်ပါရဲ့။ အိမ်တက် ပရိတ်တရားနာ ဆွမ်းကျွေးတော့ အဘွားကိုယ်တိုင် အိမ်ပေါက်စေ့ လိုက်ပြီးဖိတ်တယ်။

ကျွန်တော်တို့ ခြောက်ယောက်အုပ်စုမှာ ကျွန်တော်က ခြံချင်းကပ်ရက် အိမ်နီးချင်းအရင်းကြီးမို့ ကျွန်တော်ကပဲ ရှေ့ဆောင်ပြီး အဘွားအိမ်ကို ဆွမ်းကျွေးမတိုင်မီ ည ရောက်သွားကြတယ်။

“အဘွား... ဘာလုပ်ပေးစရာများ ရှိသေးလဲလို့ပါ ခင်ဗျာ”
တီဗွီရှေ့မှာ ချဉ်ပေါင်ရွက်တွေ သင်နေတဲ့ အဘွားက ကျွန်တော်တို့ ရောက်လာတာကိုအံ့အားသင့်သွားပုံနဲ့...
“မောင်မောင်တို့ပါလား၊ ကျေးဇူးပဲကွဲ့၊ လာ... ထိုင်ကြဦး၊ ခုတော့ လုပ်စရာမရှိသေးပါဘူး၊ မနက်ကျရင်သာ ဝိုင်းကူဧည့်ခံပေးကြပေါ့နော်”“မဟုတ်ဘူးလေ အဘွားရဲ့၊ ခုည ကြိုပြီး ချက်ဖို့ပြုတ်ဖို့ရယ်၊ ပန်းကန်ခွက်ယောက်တွေစီစဉ်ပြင်ဆင်ဖို့ရယ်”ကျွန်တော့်စကား အဆုံးမသတ်ခင် အဘွားက ရယ်လိုက်တယ်။ သင်ပြီးစ
ချဉ်ပေါင်ရိုးတွေ ဆွဲစုသိမ်းဆည်းရင်း -

“ဒံပေါက် မှာထားတယ်ကွဲ့၊ ချဉ်ပေါင်တအိုးပဲ ချက်ရမှာ၊ အဘွား လုပ်နိုင်ပါတယ်၊အချဉ်သုပ်အတွက် လှီးဖို့ ချွတ်ဖို့ ကူဖော်လောင်ဖက်တယောက် မှာထားတယ်။ ခဏနေရင်ရောက်လာပြီး ညအိပ်ပေးလိမ့်မယ်၊ပန်းကန်ခွက်ယောက်က ဘုန်းကြီးပွဲအတွက် ပြည့်ပါတယ်၊ လူပရိသတ်အတွက်တော့ တခါသုံးတွေနဲ့ ဧည့်ခံရမှာပဲ၊ အဘွား နိုင်သလိုပဲ လုပ်ရမှာလေ၊ နိုင်သလောက်ပဲ လုပ်မယ် ဆိုပေမယ့် မင်းတို့ အကူအညီတော့ လိုတယ်ကွဲ့ မနက်စောစောလေး လာပေးကြပါ၊ ဟုတ်လား”

တခါသုံးတွေနဲ့ ဧည့်ခံမှာ ဆိုတဲ့စကားက ကျွန်တော့်နားထဲ ရှတတ ဝင်သွားခဲ့တာအမှန်ပါ။ အဘွားက နိုင်သလိုပဲ လုပ်မှာလို့ ကြည်ကြည်စင်စင် မျက်နှာနေ မျက်နှာထားနဲ့ဆက်ပြောနေပြန်တော့ ဒီအဘွား တမျိုးတော့ တမျိုးပါလား။တခါတရံ အရက်ကို မူးအောင်သောက်ပြီး ‘ပျော်တယ်ကွာ၊ ပျော်တယ်ကွာ' နဲ့ကွေးနေအောင် ကတတ်လွန်းလို့ ကိုကြီးကျော်လို့ ကျွန်တော်တို့ ခေါ်တဲ့ ကိုကျော်မင်းနိုင်ကကျွန်တော်တို့အထဲမှာ အသက်အကြီးဆုံး၊ စကားဖွယ်ဖွယ်ရာရာ အပြောတတ်ဆုံး၊ အကွက်စေ့အောင် လာဘ်မြင်တတ်ဆုံးဗျ။

“ဘုန်းကြီးတွေ သွားပင့်ပေးရဦးမလား အဘွား”“မနက် ငါးနာရီကြွဖို့ တခါတည်း ပင့်ခဲ့ပြီကွဲ့၊ မင်းပြောမှ သတိရတယ်၊ လှူဖွယ်ပစ္စည်းတွေ ထမင်းစားပွဲပေါ်ပုံထားတာ စီစဉ်ပြင်ဆင်ပေးသွားကြပါဦး၊ အဲဒီမှာ ကျောက်ကာ
လင်ပန်းကြီးတချပ်နဲ့ ပလတ်စတစ်အိတ် အသစ်တွေ တင်ထားတယ်၊ တို့များ ရွာဦးကျောင်းက သံဃာကုန် လေးပါးရှိတာကလား၊ လေးပါးစာ လေးစုစီခွဲပြီး လေးအိတ်ထည့်ကြပေရော့"

တကယ်တော့ ကူညီဖို့လာတဲ့ ကျွန်တော်တို့တတွေ ကြောင်တောင်တောင် ဖြစ်မနေစေရအောင် အဘွားက သူစီစဉ်ပြီးသားတွေကို နငယ်အမြီးတပ်စေတာပါ။

ဘာပဲဖြစ်ဖြစ် အဘွားရဲ့ ထမင်းစားခန်းထဲ စရောက်ဖူးတဲ့ နေ့ပါပဲ။ ခြောက်ယောက်စာစားပွဲဝိုင်းနဲ့ နံရံကပ်ပန်းကန်စင်၊ ဗီရို၊ ရေခဲသေတ္တာ...။ မြင်ကွင်းက ရှင်းနေတယ်။ ဆက်နေတဲ့မီးဖိုဆောင်ကို လှမ်းကဲကြည့်လိုက်တော့ လျှပ်စစ်မီးဖိုတဖို၊ ဓာတ်ငွေ့မီးဖိုတဖို၊ ရိက္ခာသိုလှောင်ရာ သံဆန်ခါတပ်နံရံကပ် ဗီရိုပုလေးတွေ ပတ်ပတ်လည်။ အဘွားကြီးတယောက်ရဲ့မခမ်းနားလှသော်လည်း ကျေနပ်လောက်စဖွယ် ဘဝဆည်းဆာကို ခန့်မှန်းလို့ ရလိုက်ပါတယ်။

သင်္ကန်းလေးစုံပါတဲ့ အဘွားရဲ့ လှူဖွယ်ဝတ္ထုတွေကို အဘွား ခိုင်းသလို ပြင်ဆင်ပြီးအိမ်ရှေ့ကို သယ်ထုတ်မယ် လုပ်တော့မှ အိမ်ရှေ့မှာ နေရာရှင်းဖို့၊ ခင်းဖို့ ကျင်းဖို့ လိုသေးတာကိုသတိရကြတော့တယ်။

"အဘွား နေရာတွေ ခင်းကျင်းဖို့ လိုမလားလို့ပါ ခင်ဗျာ”ဒရင်းဘက်ပေါ်လျောင်းမှီနေတဲ့ အဘွားက ကိုယ်ကို မတ်ထိုင်လိုက်ပြီး ကျွန်တော်တို့ကို လည်ပြန်လှည့်ကြည့်ရင်း...

အေး... စောစောပြင်ဆင်တော့လည်း စောစော အသင့်ဖြစ်တာပေါ့ ကွယ်၊ ကဲ.လာကြ၊ ဆက်တီခုံတွေ ထမင်းစားခန်းထဲ သွင်းလိုက်ကြရအောင်”

ကျွန်တော်တို့ ခုံတွေ သယ်ရွှေ့နေတုန်း အဘွားက ကော်ဇောတွေ ထုတ်ယူလာတယ်။တခန်းလုံး ပလတ်စတစ်မြက်ဖျာတွေ အပြည့်ခင်းပြီးတော့ ခေါင်းရင်းဘက်မှာ ဘုန်းကြီးတွေအတွက် ကတ္တီပါကော်ဇောတွေ ထပ်လိုက်ကြတယ်။ တယောက်တလက်မို့ မြန်သလားမမေးနဲ့။ ကန်တော့ပွဲပါ နေရာချထားလိုက်ပြီးတော့ လုပ်စရာက တကယ်ကုန်သွားပြီလေ။

ကျွန်တော်တို့အားလုံး အခင်းတွေပေါ် ခြေဆန့်လက်ဆန့် ထိုင်ချရင်း ဖွင့်ထားတဲ့
တီဗွီကို လှမ်းရှိုး လိုက်တော့ -

“ဟာ.. ဘောလုံးပွဲ လာတော့မှာကွ
အင်ဒိုလိုင်းတလိုင်းမှာ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ စမတ်ကျကျ အရုပ်ခပ်ဆိုးဆိုး အစီအစဉ်မှူးနှစ်ယောက် ဘောလုံး ဒီဇိုင်းပုံ မိုက်ခွက်တွေ ရှေ့ချပြီး အပြန်အလှန်ဆွေးနွေး နေလေရဲ့။

ကိုငယ်လေးက လက်ပတ်နာရီကို မြှောက်ကြည့်ရင်း -

“တော်ကီပွားနေတာ ကြာပြီပဲကွ၊ ကိုးနာရီလေးဆယ့်ငါး စကန်မှာဆိုတော့ ငါးမိနစ်
တောင် မလိုတော့ဘူး“ဘောလုံးပွဲ ကြည့်ချင်ကြလို့လား ကြည့်လေအဲဒီမှာ”ထမင်းစားခန်းထဲကအဘွားရဲ့အသံထွက်လာတယ်။ အဘွားကနားတော်တော်ပါးတာပဲ။ပြောပြောဆိုဆိုနဲ့လိမ္မော်သီးတွေ ကြိမ်ခြင်းကလေးထဲ ထည့်ပြီးကျွန်တော်တို့နား လာထိုင်တယ်။

“ဘောလုံးပွဲကြည့်ရင်း စားကြတာပေါ့ကွာ၊ မင်းတို့ ကြည့်နိုင်လို့ကတော့ တညလုံး‘အမုန်း’ ပဲ၊ ခု... ပရီးမီးယားပွဲတွေလာပြီးရင် အီတလီ စီးရီးအေတွေ ဆက်တိုက်ကန်မယ်၊နှစ်ချက်ခွဲတိတိမှာ စပိန်ပွဲရှိတယ်၊ လာလီဂါတော့ မဟုတ်ဘူးထင်တယ်၊ စပိန်ဘုရင့်ဖလားပွဲ ဆီမီးဖိုင်နယ်လ်”
ကျွန်တော်တို့အားလုံး တယောက်မျက်နှာတယောက် အပြန်အလှန် ကြည့်နေမိကြတုန်း အင်မတန်နှုတ်သွက်တဲ့ ကိုကြီးကျော်က..
“ကျွန်တော်တို့ တီဗွီကြည့်နေရင် အဘွား အိပ်ရေးပျက်မှာပေါ့ ခင်ဗျာ၊ မနက်အရုဏ်ဆွမ်းအတွက် စောစောလည်း ထရဦးမှာဆိုတော့..."
“အိုး... အဘွားက ဘောလုံးပွဲတွေ မိုးအလင်း ကြည့်နေကျကွဲ့၊ စလောင်းတပ်ရခြင်း အကြောင်းရင်း နှစ်ခုပဲ ရှိတယ်၊ ဘောလုံးပွဲကြည့်ဖို့နဲ့ သတင်းသိဖို့၊ အဲဒီတော့မင်းတို့ အားမနာနဲ့၊ အဘွားကိုလည်း မအံ့ဩကြနဲ့၊ နောက်တော့ ရိုးသွားမယ်၊ အဘွားအသက်ခြောက်ဆယ်ကျော်ပြီ၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ကိုယ်မကြိုက်တာ မလုပ်ဖို့လည်း
ဆုံးဖြတ်ထားနိုင်ပြီ၊ ကြိုက်တာတွေအားလုံး မလုပ်ဖြစ်ပေမယ့် မကြိုက်တာတော့ တစုံတရာမှ မလုပ်ဘဲ နေလို့ရပြီ၊ လူဆိုတာ ဇရာထောက်လာရင်၊ ကိုယ့်ကိုယ်ကိုယ် အရိုအသေတန်လာရင် ဂိလာနဘဝနဲ့ အိုနာကျမှာ၊ အဘွားက အိုခြင်းနဲ့ သေခြင်းကို မရုန်းကန်ရဘဲအသာတကြည် လက်ခံချင်တာ”

ပါထွေးနဲ့ ပါတိုးတို့ ညီအစ်ကိုကလွဲရင် ကျွန်တော်တို့အားလုံး အဘွား ဆိုလိုချင်တဲ့အဓိပ္ပာယ်ကို နားလည်လိုက်ပါတယ်။အဲဒီညကို ကောင်းကောင်း မှတ်မိတာပေါ့။ မိုးဖွဲဖွဲရွာနေတာ တညလုံးပါပဲ။ ဘောလုံးပွဲ ပထမပိုင်း ၄၅ မိနစ် ပြီးတော့ အဘွားက ကျွန်တော်တို့ အိမ်တွေကို စိတ်ပူမှာစိုးလို့ပြန်သတင်းပို့ခိုင်းတယ်။ အဘွားအိမ်မှာ တညလုံးရှိမယ့် အကြောင်း။ ပြီးတော့ အပေါ်ဝတ်အနွေးထည်တွေ ယူလာခိုင်းတယ်။ အအေးမိကြမှာစိုးလို့။

ဘယ်ဗျာ…. ကြည့်ခဲ့တဲ့ ဘောလုံးပွဲက ကျွန်တော်တို့ ဖေးဘရိတ် ‘နဗီးလ်ညီနောင်နဲ့ ဘက်ခ်ဟမ်းရဲ့ ဖရီးကစ်ကန်ချက် ကောင်းတာတွေတောင် မပြောဖြစ်တော့တဲ့ ညပါ။ မိုးစက်မိုးပေါက် ဖြိုးဖြိုးဖြောက်ဖြောက်တွေထဲမှာ သူ့အိမိ ကိုယ့်အိမ် ပတ်ပြီး သတင်းပို့ကြရင်းဘောလုံးပွဲကြိုက်တဲ့ အဘွားအကြောင်း တယောက်တပေါက် ပြောလို့မကုန်နိုင် ဖြစ်ကြတာအဘွား အိမ်ရှေ့ ပြန်ရောက်လာတဲ့အထိ။

လိမ္မော်သီးတွေ စားရင်း၊ လက်ဖက်သုပ်တွေ ဝါးရင်း သန်းခေါင်ယံ စီးရီးအေပွဲစဉ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့မှန်းတောင် မသိတော့ပါဘူးဗျာ။ စပိန်ပွဲပြီးတော့ အရုဏ်လွန်း နိုးစပြုပြီ။ တယောက်မှ နားမူးနားထိုင်းမရှိ။ ပကတိ ကြည်ကြည်လင်လင်ရယ်။

ရောက်လာတဲ့ ဒံပေါက်အိုးတွေ သယ်ချကြ၊ ဘုန်းကြီးဆွမ်းပွဲ ပြင်ကြနဲ့ အဆင်ကိုလို့။ အဲဒီနေ့ကစပြီး ကျွန်တော်တို့မှာ နွေးထွေးတဲ့ အဘွားတယောက်၊ ဘာသာစကား“အဖော်တယောက်၊ ပျော်ရွှင်ကျေနပ်စွာ ခိုနားရတဲ့ အရိပ်တခု ရလိုက်တာပါပဲ။

တူတဲ့အာဆင်နယ် နိုင်တဲ့ပွဲများဆိုရင် ကျွမ်းလှိမ့်ထိုးပြီး အော်ကြ ပျော်ကြတာ။ မနှစ်က ရာသီလုံးအာဆင်နယ် နိုင်ပွဲတွေ ဆက်ခဲ့တော့ ပါညီနောင်နှစ်ယောက်သား မြောက်သလားမမေးနဲ့။မိုးပေါ်ကကို မဆင်းတော့တာ။

သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ ကြိုက်တဲ့ မန်ချက်စတာယူနိုက်တက်ကတော့အာဆင်နယ်ကို ရှုံးပြီးတဲ့နောက်မှာ တရာသီလုံး ပြဿနာတွေ ကောက်ရိုးပုံကို တစဆွဲထုတ်လို့မှ မဆုံးခင် နောက်နှစ်စက ထွက်လာနေပြီ။ နည်းပြကြီး ဖာဂူဆန်နဲ့ မန်ယူစတားဘက်ခ်ဟမ်းနဲ့ ငြိရာက စတယ် ထင်ပါတယ်။ တဖက်အသင်းက ကန်လိုက်တဲ့ ဘောလုံး
ဘက်ခ်ဟမ်း ခြေထောက်နဲ့ထိပြီး ကိုယ့်ဂိုးကိုယ် သွင်းသလို ဖြစ်ခဲ့လို့ ဖာဂူဆန် ပေါက်ကွဲခဲ့။အနီးမှာ တွေ့တဲ့ ဘောကန်ဖိနပ်ကို ဒေါနဲ့မောနဲ့ ကျုံးကန်ပစ်လိုက်တာ ဖိနပ်က ဘက်ခ်ဟမ်းရဲ့နဖူးကို ဒါရိုက်ဟစ်ထိပြီး မျက်ခုံးကွဲခဲ့။ ဘက်ခ်ဟမ်းလည်း အရန်ထိုင်ခုံမှာ နေ့ရက်ရှည်ကြာအရာ ကျခဲ့။ ဘက်ခ်ဟမ်းကို စပိန်ကလပ် ရီးယဲလ်မက်ဒရစ်ကို ယူရိုငွေ ၂၅ သန်းနဲ့ရောင်းထုတ်ခဲ့။

ရီးယဲလ်မက်ဒရစ် ရောက်စမှာ ဘက်ခ်ဟမ်း ခြေစွမ်းတွေ ပြနေတော့ မန်ယူအသင်းဖော် တချို့က လွမ်း။ လူငယ်လူသစ်တွေ ဝယ်ယူအားဖြည့်ပေမယ့် ထင်တိုင်းမပေါက်တဲ့ မန်ယူ။ အလယ်တန်းက အားနည်း၊ နောက်တန်းကပေါက်၊ ပြစ်ဒဏ် ပွဲပယ်တွေ၊ဒဏ်ရာပွဲနားတွေနဲ့ လုံးချာလိုက်ပြီး မန်ယူယိုင်ဆင်းသွား။ အားလုံး မှတ်မိနေကြမှာပါဗျာ။

ပရီးမီးယားလိဂ်မှာ မန်ယူ ကိုယ်ခံအားတွေ ကျဆင်း။ အာဆင်နယ်က ခွန်ပြည့်အားပြည့်နဲ့ အောင်ပွဲတွေ ခင်းကျင်း။ကျွန်တော်တို့ပရိသတ် ဖြတ်သန်းခဲ့ရတဲ့ အငြင်းအခုံ ဝိရောဓိအကြောင်းရင်းတွေကိုပြောပါတယ်။

အဘွားကတော့အငြင်းအခုံတွေ ကျယ်လောင်လာရင် တခွန်းစ နှစ်ခွန်းဝင်ထိန်းတာပဲ။ ကျွန်တော်တို့က ချီးမွမ်း၊ ကဲ့ရဲ့ လွယ်တယ်။ ဟစ်အော် ပေါက်ကွဲချင်တယ်အဘွားရှေ့မှာမို့ ချဲ့လုံး ဆဲလုံးတွေ ထိန်းထားကြတာ ရှိမယ်။အငြင်းအခုံတွေ ကျယ်လောင်ပြီး အကြောင်းအရာတွေ ထပ်လာရင်တော့ အဘွားက ဘယ်နေလိမ့်မလဲ။

“မင်းတို့ကွာ ရွယ်တူယောက်ျားချင်း ကိုယ်မလုပ်နိုင်တာတွေ သူတို့ လုပ်ပြနေတာကိုမင်းတို့ထိုင်စောင့်ကြည့်နေရတာ လွန်လှပြီ၊ သူတို့ မလုပ်နိုင်တာတွေကို ကိုယ်တို့ ဘာလုပ်ပြမလဲ စဉ်းစားမကြည့်ချင်ကြဘူးလား၊ သူတို့လိုပဲ ကမ္ဘာကြီးက အံ့ဩသွားရအောင်လေ၊ မင်းတို့အငယ်လေးတွေနော်၊ အနာဂတ်တွေ အများကြီး ရှိသေးတယ်”

အဘွားစကားက ကျွန်တော်တို့အားလုံးကို ဖြုံသွားစေတာ အမှန်ပါပဲ။ ပါတိုးတယောက်သာ သိပ်နားမလည်ချင်တဲ့ပုံနဲ့ -“

“အဘွားက ကိုရီးယားဇာတ်လိုက်တွေလိုပဲ၊ စကားကို အကုန်မပြောဘူး၊ တိုက်ရိုက်လည်း မပြောဘူး၊ စားတယ်ဗျာ” တခါတော့ အဘွား စကားပြော များသွားတယ်။

“ဘောလုံးကွင်းထဲမှာက လူ့စရိုက်စုံကို တပြိုင်တည်း တွေ့ရတာကွ၊ စရိုက် ပေါင်းစုံ၊ကိုယ်ရည်ကိုယ်သွေး ပေါင်းစုံနဲ့ ခင်းကျင်းနေတာ၊ ဘောလုံးပွဲ တပွဲနဲ့တပွဲ ရသချင်း မတူဘူး။ရလဒ်လွဲချော်မှုတွေလည်း ရှိတယ်၊ အချိုပွဲတွေက ပျော်ရွှင်အားတက်မှုကို ဝေမျှ ပေမယ့်တချို့ပွဲတွေကျတော့ ဒေါသ၊ မာန်မာန၊ အငြိုးအတေးတွေ ကျန်ရစ်တယ်။ ယောက်ျားစွမ်းရည်နဲ့ရဲရင့်ခြင်းကို မြင်ရသလို ကောက်ကျစ်ယုတ်မာမှုနဲ့ ရက်စက်ကြမ်းကြုတ်ခြင်းတွေကိုလည်းတွေ့နေရတယ်၊ အကောင်းနဲ့ အဆိုး၊ မျှတမှုနဲ့ မမျှတမှုတွေ အားပြိုင်နေကြတော့ ဘာကဘာကို ဘယ်ပုံဘယ်နည်း ကျော်ဖြတ် အနိုင်ယူသွားမလလို့ စောင့်ကြည့်နေသူတွေကပရိသတ်တွေပဲပေါ့”

မနှစ်က မန်ယူနဲ့ အာဆင်နယ် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ ပွဲအပြီးမှာပေါ့။ ပါတိုးဆိုတဲ့ကောင်လေးလေ၊အကွက်ဝင်ပြီဆိုတဲ့ မျက်နှာပေးနဲ့..
"ဟုတ်တယ် အဘွားရဲ့၊ ခုနက နစ္စတယ်ရွိုင်း ကလိန်ကကျစ်ကျတာ အဘွားတွေ့လိုက်တယ် မဟုတ်လား၊ ဗီအဲရာ ချတာ မထိရပါဘဲနဲ့လှဲချလိုက်တော့ ဟိုလူ အနီကတ်တိုက်ရိုက်ထိပြီး ထွက်ရရော၊ ပေါက်ကွဲသွားတဲ့ အက်ရှလေကိုးလ်တို့ ဝိုင်းလာတော့အပြစ်မဲ့တဲ့ ယုန်ကလေးလို ပိုပိုကဲကဲ အမူအရာနဲ့ရုပ်ရှင်ရိုက်ပြလိုက်တာ တပြုံလုံး'ဝါ'ကုန်ရော”

“ဟေ့ကောင်...ပါတိုးလေး၊ မင်းစကားကို ပြောင်းပြန်ပြင်ပြောလိုက်စမ်း ငါ့ညီ"ဟုတ်တယ်၊ မင်း ဂန်းနားတွေက ဘောလုံးသမားမှ မဟုတ်ဘဲ၊ မားဖီးယားဂိုဏ်းလိုအချိုးချိုးတာ မင်းမြင်တယ် မဟုတ်လား” "ရွိုင်းကိန်းတို့ စိတ်ထိန်းနိုင်လွန်းလို့ပေါ့ကွာ။ ငါသာ ကိန်းနေရာမှာဆို လက်သီးမသုံးဘူး။ အက်ရှလေကိုးလ်နဲ့ ဗီအဲရာကို ကျိုးအောင်ချိုးမှာ၊ လေမန်းတို့ စိတ်ဆတ်တယ်၊လက်မြန်တယ် ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်”

ပါတိုးလေးကို တယောက်တပေါက် ဝိုင်းတွယ်နေကြတော့ သူ့အစ်ကို ပါထွေးမျက်လုံးတွေ ဝင်းဝင်းတောက်လာတယ်။ သူ့ညီကို ထိလို့ မဟုတ်ဘူးဗျ။ အာဆင်နယ်ဂန်းနားတွေကို ထိလို့။

“လေးယောက်နဲ့ နှစ်ယောက်ဆိုပြီး စကားနိုင် မကျင့်ကြနဲ့လေဗျာ၊ မန်ယူစိတ်ဓာတ်ဆိုတာ ဒါမျိုးလား”အဲဒီညက အဘွားကတော့ ဘာတခွန်းမှ ဝင်မပြောတော့ဘဲ လွှတ်ပေးထားတယ်။စပိန် နွားရိုင်းသတ်ပွဲကို သူ့အတွေးနဲ့ သူ တိတ်ဆိတ်စွာ ကြည့်လို့။ ကိုကြီးကျော်က အဘွားကိုအရင်ဆုံး သဘောပေါက်သွားတယ်။ “အဘွားတော့ တို့ကို စိတ်ကုန်သွားပြီ ထင်တယ်”

ဟုတ်မှာပေါ့။ အဘွားပြောချင်တဲ့ လိုရင်းအကြောင်းက တခြား။အထအန ကောက်၊ငြင်းခုံ၊ ပတ်လည်ရိုက်သွားကြတဲ့ အကြောင်းတွေက တခြား။

အဲဒီအချိန်လောက်ကစပြီး ကျွန်တော် စကားသိပ်မပြောမိအောင် ထိန်းဖြစ်သွားတာထင်တယ်။ စိတ်လွတ်ကိုယ်လွတ် ငြင်းခုံဖို့ မပြောနဲ့၊ ခပ်လွယ်လွယ် ကောက်ချက်ဆွဲတာမျိုးတောင် မလုပ်ဖြစ်တော့ဘူး။ အစတော့ မနည်းချုပ်တည်းရတာပေါ့ဗျာ။ တဖြည်းဖြည်းချုပ်ထိန်းဖန် များလာတော့ သိပ်သတိထားဖို့ မလိုတော့ဘဲ အလိုလို ကျင့်သားရလာတယ်ဘာဖြစ်လို့လဲဆိုတော့ စကားမပြောရတဲ့ အရသာကို ကျွန်တော် သိသွားလို့ပါနှစ်ခြိုက်လာလို့ပါ။ ကိုယ်က မပြောမှ သူများက များများပြောတာ မဟုတ်လား။ များမျာသိရတာပေါ့။ ကိုယ်က နည်းနည်းပဲ ပြောဖြစ်တော့ အလွဲအချော် အမှားအယွင်းနောက်က လိုက်ပြီး ပြင်ပြောရတာတွေ မရှိတော့ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်ရလာတယ်။

တဖက်နဲ့တဖက်က အငြိုးအတေး၊ ရာဇဝင်ကြွေးရော၊ယှဉ်ပြိုင် အနိုင်ယူလိုစိတ်ပါ ထွေးရောယှက်တင် ဖြစ်နေကြတာ၊ဘယ်ဘက်ကမှ မှန်ပါတယ်ရပ်တည်ပေးလို့ မရပါဘူးကွယ်၊
နောက်ပြီး---


အပိုင်း(၂)ဆက်ရန်----




























Keep Reading

တိတ်ဆိတ်စွာပျော်ရွှင် ရိုးရာရေသဘင်ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )မိဘတို့ သိကြဖို့ --------------ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်စာအုပ်သမားတို့၏ စွမ်းအား (အပိုင်း ၂) ပရိတ်သတ်ကြားက အဘွားနဲ့ကျွန်တော် - အပိုင်း(၁)