Nicolette
အရုပ်တွေနဲ့ ပတ်သတ်တဲ့ သရဲပုံပြင်တွေကို သဘောကျပါသလား အရုပ်သရဲရုပ်ရှင်တွေကိုရော ကြိုက်ပါသလား။
ဒါဆိုရင်တော့ ဒီ Doll Bones ဆိုတဲ့ စာအုပ်လေးက သင့်အတွက်ပါပဲ။
Doll Bones စာအုပ်ကို ရေးသားခဲ့တဲ့ Holly Black ဟာ Tony DiTerlizzi နဲ့အတူ The Spiderwick Chronicles စာအုပ်တွဲတွေကို ဖန်တီးခဲ့သူပါ။
ဒီစာအုပ်လေးဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ကာ the Newbery Honor, the Mythopoeic Fantasy Award in Children's Literature ဆုတွေကို ရရှိခဲ့ပြီး The New York Times ကလဲ “ပြည့်စုံတဲ့ စာအုပ်တစ်အုပ်” လို့ ချီးကျုးတဲ့အထိ နာမည်ရခဲ့ပါတယ်။
ဒီစာအုပ်ထဲမှာတော့ ၁၂ နှစ်အရွယ် ဆယ်ကျော်သက် သူငယ်ချင်း သုံးဦး ဖြစ်ကြတဲ့ ကောင်လေး ဇာဒ် နဲ့ ကောင်မလေး နှစ်ယောက် ပေါ်ပီ နဲ့ အဲလစ်တို့က အရုပ်တွေနဲ့ ကစားရတာကို အရူးအမူးဖြစ်ကြသူတွေပါ။
အရုပ်တွေနဲ့ အမြဲကစားပြီး ကောင်မလေး နှစ်ယောက်နဲ့ အပေါင်းအသင်းလုပ်နေတဲ့ ဇာဒ်ကို သူ့ဖခင်က သဘောမကျတာကြောင့် ဇာဒ်ရဲ့ အရုပ်တွေ အကုန်လုံးကို တစ်နေ့မှာ လွင့်ပစ်လိုက်ပါတော့တယ်။
ကောင်မလေးတွေနဲ့ မပေါင်းဘဲ ဘတ်စကစ်ဘောကိုပဲ အာရုံစိုက်ဖို့လဲ ပြောထားပါတယ်။
ဒါကြောင့် ဇာဒ်ဟာ ကောင်မလေးနှစ်ယောက်ကို ရှောင်ပြီး သူတို့နဲ့ကစားဖို့ မသွားတော့ပါဘူး။
ဒါပေမယ့် တစ်ညမှာတော့ ပေါ်ပီနဲ့ အဲလစ်တို့ ဇာဒ်ရဲ့ အိမ်ရှေ့ကို ခိုးကြောင် ခိုးဝှက် ရောက်လာကြပါတယ်။
ရောက်လာကြတဲ့ အကြောင်းအရင်းကတော့ အရုပ်သရဲကြောင့်တဲ့။
ပေါ်ပီရဲ့ အိမ်က မှန်ဗီဒိုထဲမှာပဲ အမြဲတမ်းသိမ်းထားတဲ့ အရုပ်က (သူတို့သုံးယောက်ကတော့ အဲ့အရုပ်ကို ဘုရင်မကြီးလို့ ခေါ်ကြတယ်၊ ကစားတဲ့အခါမှာ အဲ့အရုပ်ကို အရုပ်တွေအားလုံးရဲ့ ဘုရင်မကြီး အဖြစ် သတ်မှတ်ထားကြတယ်) ရိုးရိုး အရုပ်မဟုတ်ဘဲ သေသွားတဲ့ကောင်မလေးရဲ့ အရိုးပြာတွေနဲ့ လုပ်ထားတာ ဖြစ်ပြီး မှန်ဗီဒိုထဲကနေ ထုတ်မိတာကြောင့် ပေါ်ပီကို ခြောက်လှန့်နေတယ်လို့ ပေါ်ပီက ပြောတယ်။
အရုပ်သရဲကောင်မလေးက အရုပ်ကို နဂိုမြှုပ်ထားတဲ့နေရာမှာ ပြန်သွားထားရမယ် မဟုတ်ရင် သူတို့ သုံးယောက်စလုံးကို အမြဲတမ်း ခြောက်လှန့်နေမယ်လို့ ပေါ်ပီရဲ့ အိပ်မက်ထဲမှာ ညတိုင်း လာပြောနေတယ်တဲ့။
ဇာဒ်လဲ အစကတော့ သူလာပြီး မကစားတော့လို့ ပေါ်ပီနဲ့ အဲလစ်က လိမ်ပြောနေတယ်လို့ ထင်ခဲ့ပေမယ့် ကောင်မလေး နှစ်ယောက်က အရမ်းကို စိတ်အားထက်သန်နေတာကြောင့် တခြားမြို့မှာရှိတဲ့ အရုပ်ရဲ့ နဂိုမြှုပ်ထားတဲ့နေရာအထိ လိုက်သွားပေးဖို့ သဘောတူလိုက်ပါတယ်။
ဒီလိုနဲ့ လူကြီးတွေ မသိအောင်လို့ ကလေးသုံးယောက် တခြားမြို့အထိ စွန့်စားခန်းသွားကြပုံကို ရေးသားထားပြီး ၊ အရုပ်သရဲဆိုတာ တကယ်ရော ဟုတ်လား ပေါ်ပီက လိမ်ပြောနေတာလား ၊ သူတို့သုံးယောက် အိမ်ကိုရော ပြန်ရောက်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
ဒီစာအုပ်လေးကို English စာ Level A2 နဲ့ အထက်ရှိသူတွေအတွက် ဖတ်ရှုဖို့ recommend ပေးချင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် English စာအုပ်တွေ ကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူတွေအတွက် အောက်ပါ telegram channel လေးမှာ စာအုပ်ကို အခမဲ့ download လုပ်လို့ရပါတယ်။
https://t.me/+fDx3Hhe9OWoyZmY1
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading