မြသွန်း(တောင်ဒဂုံ)
?ဦးလာဘလို့ပြောလိုက်တာနဲ့ တစ်ချိန်တုန်းက လူသားစားခဲ့တာကြောင့် ထောင်နန်းစံခဲ့ရတဲ့ ဘုန်းကြီးတစ်ပါးကို အားလုံး ပြေးမြင်မိကြမယ်ထင်ပါတယ်။ သူက ဘုရားလမ်းစဉ်ကိုလျှောက်လှမ်းနေတဲ့ သံဃာတော်တစ်ပါးဖြစ်ပါလျက်နဲ့ ဝတ်နည်းသိက္ခာတွေအားလုံးကိုချိုးဖောက်ပြီး လူတွေရဲ့အသားကိုမှ ရက်ရက်စက်စက်သတ်ဖြတ်ပြီးစားခဲ့တာကြောင့် သမိုင်းမှာ နာမည်ဆိုးနဲ့ကျန်ရစ်ခဲ့ရပါတယ်။
?ဦးလာဘက အစပိုင်းကတော့ ဘုရား၊တရားလုပ်ပြီး အထက်လမ်းလိုက်ခဲ့ပေမယ့် နောက်ပိုင်းဘယ်လိုဖြစ်ပြီးတော့ လူတွေသတ်စားပြီး အောက်လမ်းဘက်ပြောင်းသွားလဲမသိပါဘူး။ သူနဲ့ပတ်သတ်ပြီး မတူညီတဲ့ဇာတ်လမ်းအမျိုးမျိုးတော့ ကြားခဲ့ရဖူးပါတယ်။ အဲ့ဒီဇာတ်လမ်းတွေထဲကမှ လူသိများထင်ရှားတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကို ဒီနေ့ဗီဒီယိုထဲမှာ ပြောပြပေးချင်ပါတယ်။
?၁၉၇၆ဝန်းကျင်လောက်က ရန်ကုန်မြို့မှာ နာမည်ကြီးဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးလာဘဆိုတာ ရှိခဲ့ဖူးပါတယ်။ ဦးလာဘကျောင်းရဲ့တည်နေရာကတော့ ယခုတောင်ဥက္ကလာပမြို့၊ ပါရမီလမ်းဘေးမှာ တည်ရှိပါတယ်။ အဲ့ဒီတုန်းကတော့ မြို့စွန်နေရာလေးသာဖြစ်ပြီး ဘုန်းကြီးကျောင်းတွေကလည်း ကြိုကြားကြိုကြားလေးပဲရှိတာပါ။
?အဲ့ဒီထဲမှာ ဦးလာဘရဲ့ကျောင်းကလည်း အပါအဝင်ပါပဲ။ ပါးစပ်ရာဇဝင်တွေအရတော့ ဦးလာဘက သူ့ရဲ့မိန်းမကိုရော၊ သားဖြစ်သူကိုပါ ကျောင်းမှာအတူခေါ်ထားတယ်လို့သိရပါတယ်။
? သူ့သားက ဦးလာဘအတွက် လူတွေဒိုင်ခံသတ်ပေးပြီးတော့ သူ့မိန်းမကတော့ ဦးလာဘစားဖို့ အဲ့ဒီအသားတွေကို ချက်ပေးရပါတယ်။ ကျောင်းဝန်းကျင်နားမှာ မြေကွက်လပ်လေးတွေရှိနေတတ်ပြီး အဲ့ဒီနေရာမှာ ဘုန်းကြီးကျောင်းသားတွေရော၊ ကိုရင်တွေပါ ညနေစောင်းရင် ခြင်းခတ်လေ့ရှိပါတယ်။
?တစ်ရက်မှာ ကိုရင်တစ်ပါးက ခြင်းခတ်နေရင်းနဲ့ ဦးလာဘဝန်းထဲကို ခြင်းလုံးကျသွားတာကြောင့် သွားကောက်ရာကနေ ပြန်မထွက်လာတော့ပါဘူး။ တကယ်တော့ အဲ့ဒီတုန်းကလည်း လူတွေခဏခဏပျောက်နေခဲ့တာပါ။ ပျောက်တဲ့သူတိုင်းကလည်း ဦးလာဘရဲ့ကျောင်းဝန်းကျင်နားမှာပဲ ပျောက်သွားကြတာပါ။
?ဒါ့ကြောင့် လူတွေက သံသယဝင်ခဲ့ကြပေမယ့် ဘုန်းကြီးဆိုတော့လည်း မဟုတ်လောက်ပါဘူးဆိုပြီး အားလုံးကထင်နေခဲ့ကြတာပါ။ ဒါမယ့် တစ်ရက်မှာ လူငယ်တစ်ယောက်က ဦးလာဘကျောင်းကိုရောက်လာခဲ့ပါတယ်။
? လူငယ်လေးက ဆွမ်းတွေဘာတွေကပ်ပြီး ပြန်မယ်လုပ်တော့ ဦးလာဘရဲ့သားက အနောက်ကနေ ဓားနဲ့လှမ်းခုတ်လိုက်ပါတော့တယ်။ ကံကောင်းချင်တော့ ကောင်လေးက ချက်ကောင်းမထိသွားတာကြောင့် အပြင်ကိုထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။
? အဲ့ဒီမှာပဲ လူတွေအားလုံးမြင်သွားကြပြီး နောက်ဆုံး ဦးလာဘလည်း လူဝတ်လဲပြီးအဖမ်းခံလိုက်ရပါတယ်။ ဘုန်းကြီးကျောင်းထဲကို ရဲတွေဝင်ပြီးစစ်ဆေးကြတဲ့အခါမှာ လူသားတွေကိုခုတ်ထစ်ပြီး အချဉ်စိမ်ထားတဲ့ စည်ပိုင်းကြီးတွေကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
?သူက ဘာ့ကြောင့်လူသားစားရသလဲဆိုတော့ ပေါရိသာရကျင့်စဉ်လို့ခေါ်တဲ့ လူသားစားပြီးမှကျင့်ရတဲ့ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေတာကြောင့်ပါ။
? အဲ့ဒီကျင့်စဉ်သာအောင်မြင်သွားရင် မြေလျှိုးမိုးပျံနိုင်လောက်တဲ့အထိ စွမ်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါမယ့် တစ်ချို့ကတော့ ဒီဇာတ်လမ်းတွေက ဗိုလ်ချုပ်ဟောင်းဦးနေဝင်းရဲ့လုပ်ကြံဇာတ်တွေလို့ပြောနေကြပါတယ်။
?အဲ့ဒီတုန်းက ဦးလာဘဟာ နိုင်ငံရေးလုပ်တာကြောင့် ဦးနေဝင်းက အမြင်မကြည်ဘဲ တမင်နာမည်ဖျက်၊ဝါဒဖြန့်ပြီး ထောင်ချခဲ့တာလို့လည်းသိရပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုထင်ကြပါသလဲ? ဦးလာဘက တကယ်ပဲလူသားစားခဲ့တာလား? ဒါမှမဟုတ် နိုင်ငံရေးလုပ်လို့ ချောက်ချခံရတာလား???
မြသွန်း(တောင်ဒဂုံ)
Keep Reading