တင်ညွန့်
မိမိ၏ တွေးခေါ်နိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းများကို မြင့်မားလာစေလိုလျှင် တစ်ယောက်တည်းနေချိန်၊ တစ်ယောက်တည်းတွေးချိန်တို့ကို ဦးစားပေးသင့်သည်။ တစ်ယောက်တည်းနေခြင်းက အသက်အရွယ်အပိုင်း အခြား မြင့်မားလာသူများအတွက် ပိုပြီး စွမ်းအားကို ဖြစ်စေနိုင်သည်။ ကိုယ့်အနီးတွင် ငြင်းရ၊ ရန်ဖြစ်ရ၊ ဒေါသထွက်ရမည့်သူများ မရှိခြင်းကပင် အလိုလို စိတ်စွမ်းအားတွေကို တိုးတက်မြင့်မားလာစေနိုင်သည်။
ကိုယ့်အကြောင်းကို ကိုယ်သိအောင် ကြိုးစားသင့်ပါသည်။ ကိုယ့်အကြောင်း ကိုယ်သိလေ လူအများ၏ ကဲ့ရဲ့ခြင်း၊ ပြစ်တင်ရှုံ့ချခြင်းတို့အပေါ် လျစ်လျူရှုနိုင်လေဖြစ်သည်။
တစ်ယောက်တည်း နေထိုင်ခြင်းနှင့် အသားကျလာသည့် အခါတွင် လူအများ၏ ချစ်ခြင်း၊ မုန်းခြင်းဆိုသည်မှာ ကိုယ့်အတွက် ဘာမျှအရေးမပါတော့ကြောင်း သိလာတော့သည်။
စိတ်ထဲတွင် ဝေခွဲမရ၊ တစ်ခုခု မတင်မကျဖြစ်ကာနေလျှင် ငုတ်တုတ်ထိုင်ပြီး မှိုင်နေမည့်အစား၊ တစ်ခုခုလုပ်နေပြီး အဖြေရှာနိုင်ရန် ကြိုးစားသင့်သည်။
ဘယ်တော့မှ နောက်ကို ပြန်မကြည့်ပါနှင့်။ ကျန်ခဲ့သော၊ ချန်ခဲ့သောလမ်းသည် ကိုယ်ပြန်လျှောက်ရမည့် လမ်းမဟုတ်။
ကြောက်သလား၊ ရင်ဆိုင်လိုက်ပါ။ ရဲရဲ ရင်ဆိုင်လိုက်ပါ။ အကြောက်တရားကို ရင်ဆိုင်လိုက်သည်နှင့် သင့်ကို ဖြဲချောက်နေသည့်အရာမှာ တုန်လှုပ်သွားပြီ။ ရှေ့တစ်လှမ်း ထပ်တိုးနိုင်အောင် ကြိုးစားကြည့်ပါ။ သင်နိုင်ပြီ။
ဆုံးဖြတ်ချက်အမှားတွေကို ချလိုသလား၊ လူတိုင်းနှင့် လိုက်ပြီး တိုင်ပင်ကြည့်ပါ။ သူတို့ပြောသမျှ လိုက်လုပ်နေခြင်းက မှားပြီးရင်းမှားနေလိမ့်မည်။
ကိုယ့်ကိုယ်ကိုယ် ပြောကြည့်လိုက်ပါ။ ငါပြောတာကို ငါကလွဲပြီး ဘယ်သူမျှ မကြားမီ ငါ့ကိုငါ ပြန်ပြောကြည့်ပါ။ ကိုယ့်စကားကို နားထောင်နိုင်သူမှာ မိမိကိုယ်တိုင်သာဖြစ်သည်။ သူလက်ခံနိုင်သလား ဆက်လုပ်ပါ။ သူလက်မခံဘူးလား။ ရပ်လိုက်ပါ။
နှုတ်ကို စောင့်စည်းရန် အကောင်းဆုံးနည်းမှာ နားထဲဝင်လာသမျှကို ကိုယ့်ပါးစပ်က ပြန်မထွက်စေရန် ကြိုးပမ်း အားထုတ်ခြင်းဖြစ်သည်။
သူများပြောတာကို အလေးထားကာ ခံစားနေသမျှ သင့်ထံက ခွန်အားတွေ တဖြည်းဖြည်း ယုတ်လျှော့နေမည်သာ။
ကိုယ့်ကို ချီးကျူးမှု မခံရမချင်း၊ ဘဝက သင့်ကို အမျိုးမျိုး လှည့်ပတ်ပြီး စမ်းသပ်နေပေလိမ့်မည်။
နောင်တဆိုသည်မှာ နောင်မှရသည်ဆိုသောစကား မှန်ပါသည်။ နောင်တရလိုက်ချိန်တွင် သင့်အတွက် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီးပြီ။
နာကျင်တာကို အာရုံစိုက်နေလျှင် ဆက်ပြီး နာကျင်နေလိမ့်မည်။ နာကျင်မှုကို သင်ခန်းစာ ယူနိုင်လျှင် ရှေ့ဆက်ပြီး ဘာလုပ်ရမည်ဆိုခြင်းကို အလိုလိုမြင်လာလိမ့်မည်။
လူတွေက ရှာဖွေတတ်ကြသည်။ ဘာကိုရှာဖွေမှန်းမသိ ရှာဖွေနေတတ်ကြသည်။ မရှာဘဲတွေ့နေတာတွေ အနားမှာ ရှိနေတာကို သတိမမူဘဲ ရှာနေသည်။ ကိုယ်ရှာနေသည်အရာမှာ ကိုယ်မရှာတာတွေဖြစ်နေတတ်သည်။
လှေကားကို တက်မည်ဆိုလျှင်ကိုယ်ရှေ့ဆက်တက်ရမည့်နောက်တစ်ဆင့်ကိုသာ ဂရုစိုက်သင့်သည်။ လှေကားကြီး တစ်ခုလုံးကို မော့ကြည့်ရန်မဟုတ်။ နောက်ပြန်လှည့်ကာ ငါဘယ်လောက်ရောက်ပြီလဲဟုလည်း နောက်ပြန်ကြည့်ရန်မဟုတ်။
ရှေ့တစ်လှမ်းတိုးရန်အတွက် နောက်တစ်လှမ်း ပြန်ဆုတ်ရန်မဟုတ်။ ကိုယ့်ရှေ့တိုးမည့် နောက်တစ်လှမ်းတွင် ကားဆီးထားသည့် အရာမှန်သမျှကို ရှင်းထုတ်ရန်သာဖြစ်သည်။
အတွေးထက် အလုပ်က အရေးကြီးသည်။ ထို့ကြောင့် လုပ်သင့်လုပ်ထိုက်တာမှန်သမျှ လုပ်ကို လုပ်ရမည်။ ကိုယ်လုပ်သမျှသည် ကိုယ်ဆုံးဖြတ်ထားတာတွေ ဖြစ်နေရမည်။
အောင်မြင်ချင်လိုက်တာဟု ပါးစပ်ကပြောနေ၍မရ။ အကောင်အထည်ဖော်နိုင်စေရန် ယခုပဲ ခြေတစ်လှမ်းကို စတင်လှမ်းလိုက်ပါ။
မှန်သလား ... မှားသလား ဝေခွဲမရဖြစ်နေလျှင် ထိုသံသယက သင့်ကို ပြန်ပေးမည့် အဖြေမှာ အမှားသာ ဖြစ်လိမ့်မည်။
နေရာတိုင်း သူ့အကန့်နှင့်သူရှိသည်။ အကန့်ကျော်လျှင် လေးစားမှုတွေ အရည်ပျော်သွားတတ်သည်။
(Ref: Life Lessons)
(Photo Credit: YourBasic)
တင်ညွန့်
၃.၈.၂၀၂၄
Keep Reading