Author's Profile Photo

တင်ညွန့်

4/03/2024

ပညာရေး ဘာကြောင့်အရေးကြီးသလဲ

2 mins read
Education
ပညာရေး ဘာကြောင့်အရေးကြီးသလဲ's photo


ပျော်ရွှင်တဲ့ဘဝ၊ တည်ငြိမ်တဲ့ဘဝရှိဖို့အတွက်

ကမ္ဘာလောကကြီးက ပေးအပ်ထားသည့် သဘာဝတရားများကို ပျော်ရွှင်စွာ အပြည့်အဝခံစားနိုင်ရန်မှာ ပညာကို လိုအပ်သည်။ အောင်မြင်သူအများစုသည် ပညာတတ်များဖြစ်သည်။ ပညာဆိုသည်မှာ အတန်းပညာကို မဆိုလိုပါ။ ကောင်း ကျိုး ဆိုး ပြစ် ဝေဖန်ချင့်ချိန် ဆုံးဖြတ်နိုင်စွမ်းကိုလည်း ပညာဟုသိထားစေချင်ပါသည်။ ပညာရှိသူသည် အဆုံးအဖြတ်မှန်၊ အတွေးမှန်၊ အလုပ်မှန်တတ်သည်။ ထို့ကြောင့် တည်ငြိမ်သည့်ဘဝတစ်ခုကို လိုချင်လျှင် ပညာသင်ရမည်။

ငွေရှာဖို့အတွက်

ပညာတတ်ထားသူသည် မတတ်သူနှင့်ယှဉ်လျှင် လစာ၊ လုပ်ခငွေပိုများစွာ ရနိုင်သည် ဆိုခြင်းကို မငြင်းနိုင်ပါ။ လူတိုင်း ကောင်းမွန်သာယာပျော်ရွှင်သည့် ဘဝတစ်ခုကို ပိုင်ဆိုင်လိုကြသူချည်းဖြစ်သည်။ ငွေကို မည်သို့ အပြစ်တင်ဝေဖန်သည်ဖြစ်စေ၊ ငွေမရှိလည်း ဘာမှမဖြစ်နိုင်ပါ။ ငွေက လူ့ဘဝကို အသက်ဆက်ရန် များစွာ အထောက်အကူပြုနိုင်သည်။ အသိပညာ၊ အတတ်ပညာက ငွေရရန် အထောက်အပံ့ဖြစ်စေသည်။ ပညာ များများတတ်ထားလျှင် ငွေပိုရှာနိုင်မည်။

တန်းတူညီမျှ ဘဝအတွက်

လူတန်းစေ့ တန်းတူညီမျှ အခွင့်အရေးရရန် ပညာတတ်ထားဖို့လိုသည်။ ငွေမရှိသော်လည်း ပညာရှိလျှင် လူလေးစားသည်။ ပညာတတ်ထားလျှင် ဂုဏ်အဆင့်အတန်းဆိုသည်တို့ကိုလည်း ချေဖျက်သွားတတ်သည်။ လူ့ဘောင်က ပညာတတ်၊ ပညာရှိများကို ငွေချမ်းသာ ဂုဏ်ရှိသူများထက် လေးစားသည်။ အလုပ်အကိုင် အခွင့်အလမ်းကို ခေါ်ရာတွင် ငွေရှိတိုင်းမခေါ်။ ပညာဖြင့်သာ ပိုင်းဖြတ်ခေါ်ကြကြောင်း သတိပြုစေလိုသည်။

ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက်

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရန်နှင့် ကိုယ့်အားကိုယ်ကိုးလိုသူများသည် ပညာတတ်ထားရန်လိုသည်။ ငွေသည် အရေးကြီးသည်ဆိုသော်လည်း ငွေရှိပြီး ပညာမရှိလျှင် ကုဋေရှစ်ဆယ် သူဌေးသားလို ဖြစ်သွား နိုင်သည်။ ပညာတတ်ထားသူသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အမှားအမှန်ကို ခွဲခြားလုပ်ကိုင်နိုင်စွမ်း ရှိသောကြောင့် အဆုံးအရှုံးမဖြစ်နိုင်ပါ။

စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက်

လူတိုင်းစိတ်ကူးယဉ်တတ်ကြသည်။ ဖြစ်ချင်သည့် အိပ်မက်များရှိတတ်သည်။ ချမ်းသာချင်သည်။ အောင်မြင် ကျော်ကြားချင်သည်။ ထိုစိတ်ကူး အိပ်မက်များကို အကောင်းဆုံး၊ အမြန်ဆုံး၊ အသေချာဆုံး အကောင်အထည် ဖော်ပေးနိုင်သည်မှာ ပညာသာဖြစ်သည်။ ဘွဲ့တစ်ခုခု ပိုင်ဆိုင်ထားခြင်းက စိတ်ကူးအိပ်မက်တွေအတွက် တွန်းအားတစ်ခုခု ဖြစ်သွားစေနိုင်သည်။

ကမ္ဘာလောကကြီးကို လုံခြုံ ငြိမ်းချမ်းစေရန်အတွက်

ပညာတတ်သူသည် အကောင်းအဆိုး၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသည်။ ပညာတတ်လျှင် ဆင်ခြင်နိုင်စွမ်း ရှိသွားသည်။ ထို့ကြောင့် ဘာလုပ်လုပ် ဥပဒေဘောင်ထဲကလုပ်ရန် စဉ်းစားတော့မည်။ ပညာလည်းမတတ်၊ ဆင်းလည်း ဆင်းရဲလျှင် ဥပဒေကိုမသိသဖြင့် မဆင်ခြင် ထင်တိုင်းလုပ်လျှင် အမှားဖြစ်နိုင်သည်။ ပညာတတ် ထားလျှင် တစ်ဦးချင်းထိန်းသိမ်းနိုင်စွမ်းရှိသလို မိသားစုကိုလည်း ထိန်းသိမ်းနိုင်စွမ်းရှိသည်။ မိသားစုမှသည် ရပ်ရွာ၊ မြို့၊ နိုင်ငံအထိ အဆင့်ဆင့်ထိန်းသိမ်းနိုင်ရန် ဆိုသည်မှာ ပညာကိုယ်စီရှိရန်လိုသည်။ အားလုံး ထိန်းသိမ်း လျှင် ကမ္ဘာကြီးငြိမ်းချမ်းသွားမည်။

ယုံကြည်မှုရှိရန်အတွက်

ကိုယ့်တတ်ထားသည့်ပညာ၊ ရထားသည့်ဘွဲ့လေးတစ်ခုခုက ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု အပြည့်ရှိစေ သည်။ ပညာရှိထားသူသည် သူများထက် နားထောင်တတ်သည်။ သူများက တစ်ထွာပြလျှင် တစ်လံမြင်တတ် သည်။ ပညာတတ်သူနှင့် မတတ်သူယှဉ်လိုက်လျှင် ပညာရဲရင့်သူသာ ပွဲလယ်တွင်တင့်တယ်နိုင်သည်။ ကိုယ့် အမြင်၊ သူ့အမြင်ကို ချက်ကျလက်ကျ ပိုင်းဖြတ်ဝေဖန်နိုင်သည်။ ပြောနိုင်ဆိုနိုင်စွမ်းရှိသည်။ သိတိုင်း ထုတ်မပြနိုင်ပါ။ ပညာရှိမှ မည်သို့ထုတ်ဖော်ပြသနိုင်ကြောင်း ကောင်းကောင်းသိသည်။

လူအဖွဲ့အစည်းအတွက်

လူဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းအတွင်း နေထိုင်ရသူဖြစ်သည်။ ပြောအပ်၊ မပြောအပ်၊ လုပ်အပ်၊ မလုပ်အပ် စည်းကမ်းများရှိသည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ နေထိုင်သူအားလုံးကို အချိန်တန် အရွယ် ရောက်လာလျှင် ကျောင်းသွားရမည်။ စာသင်ရမည်၊ တက္ကသိုလ်အဆင့် တက်နိုင်ရမည်။ ဘွဲ့ရပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် လုပ်ရမည်ဟု လက်ခံထားကြသည်။ လူ့ဘောင်တွင် အကျိုးရှိသောကြောင့်သာ ပညာသင်ကြားခြင်းကို လက်ခံနေကြခြင်းဖြစ်သည်။ ပညာတတ်အောင်သင်ရမည်။ ပညာတတ်တွေကို နေရာ ပေးရမည်။ ပညာတတ်တွေကသာ လူ့ဘောင်အဖွဲ့အစည်းကြီးကို တိုးတက်ပြောင်းလဲအောင် လုပ်နိုင်သည်ဟု ခံယူထားသည်မှာ အကြောင်းမဲ့မဟုတ်ပါ။ ထို့ကြောင့် ကိုယ့်လူ့ဘောင်အဖွဲ့အစည်းအတွက် ပညာသင်ရမည်။

တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက်

တိုးတက်သည့်နိုင်ငံကြီးများတွင် စာတတ်နှုန်းမြင့်မားကြသည်။ ထိုနိုင်ငံကြီးများ၏ လူတစ်ဦးချင်းဝင်ငွေများ ကလည်း မြင့်မားသည်ကိုတွေ့ကြရမည်။ မဖွံ့ဖြိုး မတိုးတက်သည့် နိုင်ငံတွင် စာမတတ်နှုန်း မြင့်မားသလို၊ တစ်ဦးချင်းဝင်ငွေများကလည်း နိမ့်ကျသည်။ သခင်လုပ်သည့်နိုင်ငံနှင့် ကျွန်လုပ်မည့်နိုင်ငံတို့သည် စာတတ်နှုန်း ချမ်းသာနှုန်း ဖွံ့ဖြိုးတိုးတက်နှုန်းတို့အပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ကြောင်း လေ့လာသုံးသပ်ကြည့်နိုင်သည်။

အရူးလုပ်မခံရရန်အတွက်

ပညာရေးက ကိုယ့်ကိုသူများက လိမ်ညာခြင်း၊ အရူးလုပ်ခြင်းတို့ဘေးကလည်း ကင်းဝေးစေသည်။ လူတိုင်း လွတ်လပ်စွာဖြင့် လူ့အခွင့်အရေး အပြည့်အဝကို ရယူပိုင်ဆိုင်လိုကြသူများဖြစ်ကြသည်။ ပညာမတတ်သူများ သည် ယုံလွယ် အညာလွယ်ကြသည်။ သူတို့တွင် ဟိုလူပြောဟုတ်နိုးနိုး ဖြစ်ခြင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ပညာနည်းကြသည့်အတွက်ဖြစ်သည်။ ပညာဖြင့် စဉ်းစားဆင်ခြင်နိုင်သူကို အရူးလုပ်ရန် မလွယ်ပါ။

တင်ညွန့်

၁၉.၁.၂၀၂၄

Keep Reading

အပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့နဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါMy Life Notesဖန်ခွက်ဘယ်ရောက်နေပြီလဲ