စာကြမ်းပိုး
စာမျက်နှာ ၇၉၀ ၊ ဒသမအကြိမ် ၊ ပိတောက်ရနံ့စာအုပ်တိုက် ၊ မျက်နှာဖုံးပန်းချီ -ပန်းချီမောင်ညို၀င်း
၂၀၂၄ မှာပထမဆုံးဖတ်ဖြစ်တဲ့ စာအုပ်တအုပ်ဖြစ်ပြီး ဖတ်မိလိုက်တဲ့အတွက်လည်း အထူးကျေနပ်အားရခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဘာတခုမှ ခက်ခက်ခဲခဲ မမှတ်လိုက်ရပဲ အဲ့ဒီခေတ်က တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀ကို ကွက်ကွက်ကွင်းကွင်းထင်မြင်ခဲ့မိရတဲ့ စာအုပ်တအုပ်လည်းဖြစ်ခဲ့ပါတယ်။
ကိုတင်ထွန်းရဲ့ ဒို့ဗမာ တရား၊ ကုလားဗမာ အဓိကရုဏ်းအကြောင်း ၊ သခင်သိန်းမောင် /သခင်ဗစိန်အကွဲအပြဲမှာ နှစ် ယောက်သား ထွေးလုံးရစ်ပတ်နပန်းသတ်နေကြပုံကို တွေးမြင်ထားတဲ့အရေးအသား ၊ ကိုဗဟိန်းအဖမ်းခံရစဥ်မြင်ကွင်း စတာတွေကို စိတ်ထဲမှတ်မှတ်ထင်ထင် ပြတ်ပြတ်သားသားမြင်ယောင်လာမိခဲ့ပါတယ်။ရေနံမြေသပိတ်အခြေနေကိုလိုက်ပြီး လူထုရဲ့ စိတ်ခံစားမှုပြောင်းလဲပုံကို "မြေပုံမှာ လက်ညှိုးထောက်၍ လိုက်ကြသလို " ဆိုပြီး ခိုင်းနှိုင်းရေးထားတာမျိုးလေးကိုလည်း တော်တော် သဘောကျပါတယ်။
သရုပ်ဖော်ပိုင်းနဲ့ပတ်သက်လို့ တော်တော်လေးကြိုက်မိတာတွေတော့ အများကြီးပါပဲ။ကိုတင်ထွန်း အပျိုကြီးတွေဆီ အလှူခံသွားတော့ အပျိုကြီးတွေရဲ့အမေနားထဲကို နားကြပ်ထည့်လိုက်တဲ့ ပုံတို့ ၊ ကိုတင်ထွန်းဘာမှမပြောနိုင်ပုံကို "ခွေးသေကောင်ပုပ်ကိုကျီးကန်းများဝိုင်းထိုး " လို့တင်စားပုံ ၊ ရွှေတိဂုံစေတီတော်ကြီးကို "ဂွမ်းနုလွှာကြားက ရွှေတောင်ကြီး" လို့ခိုင်းနှိုင်းပုံ ၊ စစ်ကြောင့်ပျက်စီးသွားတဲ့ မီးလောင်မြင်ကွင်းတခုကို "တမင်ဉာဏ်ဆင်၍ ဆွဲထားသောပန်းချီကား "ဆိုပြီးဖွဲ့ကာ ကိုတင်ထွန်းနဲ့ အတူနေတဲ့ မိတ်ဆွေတယောက်ရဲ့ နှုတ်ခမ်းလှပပုံကိုလည်း " အသားမည်းသည်ကို ထောက်ညှာသောအားဖြင့် နှုတ်ခမ်းလှအောင် ဖန်တီးပေးလိုက်သော သဘာ၀" ဆိုတဲ့ စကားလေးနဲ့ရေးထားပုံ စတာတွေကို တော်တော်လေးကြိုက်ခဲ့ပါတယ်။
အတွေးအမြင်ပိုင်းနဲ့ပတ်သက်လို့လည်း ၉၁ ဌာန အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်များ ၊ အိပ်ခ်ျဂျီဝဲလ် လာတုန်းက ကိုတင်ထွန်းနဲ့ ကိုသိန်းဖေဆွေးနွေးကြတဲ့ တိုးတက်သောစာပေအပေါ် ဆွေးနွေးချက်၊ သခင်စိုးရဲ့ သိပ္ပံနဲ့ဝိဇ္ဇာ အပေါ် ထားရှိတဲ့ တမူထူးခြားတဲ့ အမြင် ၊ မြင့်ကြီးနဲ့ ကိုတင်ထွန်းကြားက စာပေဆွေးနွေးချက်တခု စတာတွေဟာ တော်တော်လေးစိတ်၀င်စားဖို့ကောင်းခဲ့ပြီး တော်တော်လည်း တွေးစရာတွေရခဲ့ပါတယ်။ ကျွန်မ စိတ်ထဲရောထွေးနေတာတခုက အိတ်ခ်ျဂျီဝဲလ် မြန်မာပြည်လာတဲ့အကြောင်းကို သခင်တင်မြရဲ့ ဘုံဘ၀ကိုဖြင့် မျှော်တိုင်းဝေး စာအုပ်တုန်းကလည်း ဖတ်မိလိုက်သလိုပဲ။ အဲ့ဒီတုန်းကတော့ စာရေးဆရာကြီးနဲ့ မြန်မာပြည်ကအဖွဲ့တွေနဲ့ သိပ်ပြီး အဆင်ပြေမသွားသလို မှတ်မိနေတယ်။ သိပ်တော့ မသေချာဘူး။စာအုပ်တွေက များပြီးရောနေလို့ပါ :D
ဝေဖန်ရေးနဲ့ပတ်သက်ပြီးလည်း ကိုသိန်းဖေကို မြင်တဲ့ ကိုတင်ထွန်းရဲ့အမြင် ၊ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ကိုအောင်ကျော် ၊ ပြောက်ကျားစနစ်ကိုအားပေးတဲ့ မဟာဆွေရဲ့ အခြေခံအယူအဆများ စသဖြင့် ဖတ်ရတဲ့အတွက် စာရေးဆရာရဲ့ အဲ့ဒီခေတ်က လူအချို့အပေါ်မြင်တဲ့အမြင်တွေကိုလည်း ခံစားနိုင်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် စာအုပ်ထဲထည့်ပြီး ပြန်လည်ဝေဖန်ထားပြီး အဲ့ဒီခေတ်က တကယ်ရှိခဲ့တဲ့နိုင်ငံရေးသမားတွေထဲမှာ ပါ စာရေးသူ "ကိုသိန်းဖေ" က ပါ၀င်နေတာကိုတွေ့ရတာမို့ တော်တော်လေး ထူးခြားတဲ့ ထည့်သွင်းရေးသားမှုလို့ ထင်မိပါတယ်။ ပြောစရာတွေကတော့အများကြီးပဲ ။ကျွန်မ YouTube မှာလည်းပြောထားသေးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကပြောတာနဲ့ အခုရေးတာတူချင်မှတူမှာ။ အဲ့ဒီလိုပဲ ကြိုက်ပြီဆို ခေါင်းထဲအစီအရီပေါ်လာပြီးပြောချင်နေလို့ :D
လူ့သဘာ၀ နဲ့ ပတ်သက်ပြီးတော့လည်း ကိုတင်ထွန်းဆိုတဲ့ ကျောင်းသားလေးတယောက် အမျိုးသမီးတွေကြားမှာ ဗျာများနေပုံ ၊ စိတ်အလိုလိုက်မိပုံ ၊ နောင်တရပြီး ပြင်ဆင်ပုံ စတဲ့အကြောင်းအရာတွေဟာ ရှေ့ကရေးခဲ့သလို အဲ့ဒီခေတ်က ငယ်ရွယ်တဲ့ ကျောင်းသားလေးတယောက်ရဲ့ အကျင့်စရိုက်ဟာ ခေတ်နဲ့တော်တော်လေးထင်ဟပ်နေသလိုအမျိုးသမီးလေးယောက်ရဲ့ မတူညီတဲ့ စရိုက်သဘာ၀ဟာလည်း ကွဲကွဲပြားပြားနဲ့ ပေါ်လွင်နေတယ်လို့ခံစားမိခဲ့ပါတယ်။
ပြောစရာတွေထပ်ရှိသေးပေမယ့် စာလည်းအတော်ရှည်သွားပြီမို့ ဒီနှစ်ရဲ့ ပွဲဦးထွက်စာအုပ်ကတော့ စိတ်ကျေနပ်မှု အပြည့်အ၀ရရှိခဲ့တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ခဲ့တယ်လို့ပဲ ဆိုပါရစေတော့ရှင်။ ကြုံရင်တော့ အများကြီးထပ်ပြောပြချင်ပါသေးတယ်။
?????
၀တ်မှုံလေး (စာကြမ်းပိုး)
https://youtube.com/@wuthmonelay-sarjapoe
Keep Reading