Myaing Hay Won
4BEနှစ် အောင်စာရင်းထွက်စဉ်က ကျွန်မနှင့်သူ ခုံနံပါတ် ကပ်လျက်ဖြင့် အောင်သောကြောင့် သူပြောခဲ့သော စကားတစ်ခွန်းရှိသည်။
ရေစက်တွေ။
ရေစက်တွေတဲ့လား။ အဲ့ဒီရေစက်ဆိုတာက လူတွေကို နီးစပ်စေဖို့ ဖြစ်တည်တယ် မှတ်တာ။ အမှန်တော့ တဖြည်းဖြည်းနဲ့ ဝေးကွာဖို့ အရင်ဆုံး နီးစပ်စေတဲ့ ရေစက်တွေကို ဖြစ်ပေါ်စေတာ။ အပေါ်ဆုံးကို ဆွဲတင်ပြီးမှ အောက်ဆုံးထိ ရိုက်ချတာ။ အနီးဆုံး နီးစေပြီးမှ အဝေးဆုံး ဝေးစေတာ။ ဝေးမှာများ သေချာနေရင် ဘာလို့ နီးစေခဲ့သေးသလဲ။
*
ငါးနှစ်မြောက် 5BE။ သူသည် ကျောင်းပုံမှန်မတက်ချင်တော့။ အင်္ဂလိပ်ချိန်များတွင် အတန်းပြေးတတ်လာသည်။ သူသာ မဟုတ်။ ယောက်ျားလေးအများစုသည် အင်္ဂလိပ်ချိန်ကို မတက်ချင်ကြ။ သူတို့၏ တစ်ခုတည်းသော အကြောင်းပြချက်သည် ယခုနှစ်တွင် သင်ရသော အင်္ဂလိပ်ဆရာမ၏ စာအလွန်မေးတတ်မှုကြောင့် ဖြစ်၏။ သူဆိုလျှင် ကျောင်းဖွင့်၍ တစ်လကျော်သည်အထိ ပုံနှိပ် မရှိသေး။
ယခုနှစ်အပိုင်းအခြားကာလတွင် ပန်းကလေးအပေါ် သူ၏ အရေးပေးမှု များလာသည်။ သူ၏ တစ်နေ့တာ အချိန်တော်တော်များများသည် ပန်းကလေးအနားတွင် ဝဲနေတတ်သည်။
ယခုနှစ်မှစ၍ တက္ကသိုလ်အများစုတွင် Mailboxဟူသော ပေ့ဂ်ျတစ်ခုစီ ရှိလာကြသည်။ မိမိကြိုက်နှစ်သက်သူကို ပေ့ဂ်ျမှ တစ်ဆင့် ရည်းစားစကား ပြောနည်းဖြစ်သည်။ ယောက်ျားလေးရော၊ မိန်းကလေးပါ ကိုယ်သဘောကျသည့်သူကို ပြောချင်သည့် စကားများပြောနိုင်ခွင့်ရှိလေသည်။
တစ်နေ့တစ်နေ့ ပီတီယူမေးလ်ဘောက်စ်(PTU Mailbox)မှ တင်သည့် မေးလ်များ စောင့်ဖတ်ရသည်မှာ အပြောခံရသူအစားရော၊ ရင်ဖွင့်သည့်သူအစားပါ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်သော်လည်း မလေးနက်ဟု ကျွန်မက ထင်သည်။ အပျော်ဆန်သည်ဟု ထင်သည်။ လေးနက်သည့် ချစ်ခြင်းမေတ္တာကို လူဘယ်နှစ်ယောက်ကများ မေးလ်ဘောက်စ်မှ တစ်ဆင့် ရရှိကြသလဲ ကျွန်မသိချင်လှသည်။
'ကိုယ်မင်းကို သဘောကျတယ်၊ နှစ်သက်မြတ်နိုးတယ်' ဆိုသည်ကို မျက်လုံးကနေ တစ်ဆင့် ခံစားသိရှိရသော အရသာကို သူတို့ရပါမည်လား။ မျက်လုံးတွေဆိုတာ စိတ်ရဲ့ ပြတင်းပေါက်တွေပဲတဲ့။ ထိုအဆိုကို ကျွန်မ လက်ခံပါသည်။ သို့သော် မျက်လုံးများက ဟန်ဆောင်တတ်လျှင်တော့ မပြောတတ်။
'ကိုကြီးသူရိန်လင်းသို့...
မိန်းကလေးတွေနဲ့ ရောရောနှောနှော မနေပါနဲ့ ကိုကြီး၊ ရွှေသမင်ကားပေါ်မှာ ဆုံရင် ပြုံးပြပါဦး
ပုံ/
အတန်းမတူ မေဂျာမတူ ညီမလေး'
ဪ...သူရိန်လင်း။ ညီမလေးများ၏ အချစ်တော် ကိုကြီးသူရိန်လင်း။ သူသည်
ထိုပို့စ်ကို လိုက်ခ်ပင် မပေးပါ။ ထိုမိန်းကလေး၏ ရင်ထဲ မည်သို့ခံစားရမည်ကို ကျွန်မ ကိုယ်ချင်းစာနိုင်ပါသည်။ သူ၏ သူငယ်ချင်းများကတော့ ထိုတစ်ပတ်လုံး သူ့ကို စ၍ မပြီးတော့ချေ။
'သို့...
တိတ်တခိုး ငေးကြည့်နေခဲ့တာ ကြာပါပြီ။
သူငယ်ချင်းအဆင့်ကနေ တက်ခွင့်ရှိမလား
ပန်းကလေးရေ...'
ပေးပို့သူ အမည်မပါ။ သို့သော် ထိုစာသည် သူရေးသောစာမှန်း ကျွန်မ တထစ်ချ သိလိုက်ပါသည်။ ခေါ်နေကျ နှင်းပန်းဖြူလွင် ဆိုသည့်နာမည်ကို မသုံးဘဲ ပန်းကလေးတဲ့လား။ ကြင်နာလိုက်တာ သူရယ်။ ဒါပေမဲ့ ရည်းစားစာက ဖတ်လို့ မကောင်းလိုက်တာဟာ။ အဲ့ဒီပန်းကလေးက နင့်ကို ပြန်ကြိုက်မှာ မဟုတ်မှန်း ငါသိနေတယ်။ ဒါကိုတော့ နင်မသိဘူး။ နင်မသိတာ ဒါပဲလားဆိုတော့ မဟုတ်ပြန်ဘူး။
သူ ပန်းကလေးကို စိတ်ဝင်စားနေသည်ကို ကျွန်မသတိထားမိသောနေ့မှစ၍ ပန်းကလေးအကြောင်း လျှို့ဝှက်စုံစမ်းခဲ့သည်။ သူ မဖြစ်မနေသိရမည့် အရာတစ်ခုကို ကျွန်မ သိခဲ့သည်။ ပန်းကလေးသည် ဆိုင်သူရှိနှင့်ပြီးသူ ဖြစ်သည်။ သူ မသိရသည်မှာ ပန်းကလေး၏ ကောင်လေးသည် တခြားမြို့တွင် ကျောင်းတက်နေ၍ ဖြစ်သည်။ သူ့ကို ကျွန်မ ပြောလည်းပြောချင်သည်။ ပြောလည်း မပြောရက်ခဲ့ပါ။ နောက်တော့လည်း သူ့ဘာသူ သိသွားပေလိမ့်မည်။
ဖတ်၍ မကောင်းသည့် စာကပင် ကျွန်မ ရင်ထဲသို့ လာထိခိုက်သေးသည်။ ထိုစာသည် ညမှ တက်လာခြင်းဖြစ်၍ တစ်ညလုံး ငိုရသေးသည်။ သူ့အတွက် အခွင့်အရေးမရှိမှန်း သိလျက်နှင့်ပင် တခြားမိန်းကလေးအပေါ် ထားရှိသော သူ့စိတ်ကို သေချာသိလိုက်ရ၍ ဝမ်းနည်းရသည်။
နောက်တစ်နေ့ မနက်တွင် ကျောင်းသွားရန် ဆုပိုင်က ဆော်ဩသည်။ ကျွန်မသည် အခန်းတံခါးပင် ဖွင့်၍ မပြောဘဲ 'ဒီနေ့တစ်နေလုံး မလိုက်တော့' ဟု ငြင်းသည်။ 'ခေါင်းကိုက်လို့' ဟု ညာသည်။
ဆုပိုင်က ဆက်၍ ပြောသည်။
'ဒီနေ့ selectedက နည်းနည်းရှုပ်တဲ့ အပိုင်းသင်မှာတဲ့လေ၊ လာနားမထောင်ပါဘူးလား'
'ကျောင်းမတက်ချင်တော့ဘူးဟာ'
'အယ် ဘာဖြစ်လို့လဲ၊ ကျောင်းတက်ရတာ ပျော်တယ်ဆို'
'ဟင့်အင်း၊ မပျော်တော့ဘူး၊ ဘဝမှာ အဓိပ္ပါယ်အမဲ့ဆုံးက ကျောင်းတက်ရတာပဲ' ဟု ခပ်ကျယ်ကျယ် အော်လိုက်မိသည်။
'ပြီးရော၊ မလိုက်လည်းနေ၊ ငါတို့တော့ သွားပြီဟေ့'
အဆောင်တွင်းမှ ခြေသံများ ဝေး၍ ဝေး၍ သွားကြသည်။
ယနေ့တစ်ရက် ကျောင်းမတက်ခြင်းသည် ကျွန်မအတွက် အကောင်းဆုံးဖြစ်လိမ့်မည် ထင်သည်။ သူ့မျက်နှာကို မမြင်ချင်။ သူ ပြုံးပြနှုတ်ဆက်လျှင် ကျွန်မ ပြန်ပြုံး နှုတ်ဆက်နိုင်လိမ့်မည် မဟုတ်ပါ။ သည်စိတ်အခြေအနေဖြင့် သူ့ကို တွေ့လိုက်ရလျှင် ကျွန်မမျက်ဝန်း၌ မျက်ရည်များ ပြည့်လျှံလာပေလိမ့်မည်။
ညပိုင်းတွင် ဆုပိုင်အခန်းသို့ ကူးပြီး စာအုပ်ငှားရသည်။
'အမယ်၊ အစကတည်းက နေကောင်းရဲ့သားနဲ့ မလိုက်တာမလား၊ အပျင်းမလေး'
'မဟုတ်ရပါဘူးဟာ၊ ဆုပိုင် ငါနင့်ကိုပြောစရာရှိတယ်'
ဆုပိုင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
'အဲဒါကြောင့်လား၊ နင်ကလည်း၊ ငါစိတ်မရှည်တော့ဘူး၊ သူရိန်လင်းက နင့်ကို စိတ်ထဲရှိပြီး သူ့စိတ်သူ မသိတာလို့ပဲ ငါထင်တာပဲ၊ နင်ဖွင့်ပြောလိုက်ဟာ'
'ဟင့်အင်း၊ မပြောရဲဘူး'
ဆုပိုင်သည် ကျွန်မကို ကရုဏာသက်သော မျက်လုံးများဖြင့် ကြည့်သည်။
နောက်တစ်နေ့တွင် သူ၏ စူးစမ်းသော မျက်လုံးများနှင့် ရင်ဆိုင်ရသည်။
'ကျောင်းပြေး၊ မနေ့က ဘာလို့ ကျောင်းမတက်တာလဲ' တဲ့။
ကျွန်မ ဘယ်လိုဖြေရမလဲ။ အသည်းတွေကွဲနေလို့ လို့ဖြေရမှာလား။
'မတက်ချင်လို့'
'ငါက နင့်ဆီက ပြန်ကူးရမှာ၊ ငါ့မှာက စာမစုံဘူး'
'မနေ့က နင့်ကို king selection ရွေးသွားတယ်ဆို'
'အင်း၊ ဓာတ်ပုံရိုက် ရှိရင် ကျောင်းကပျက်ဦးမှာ၊ မနက်ဖြန်ကျလည်း လူရွေးပွဲရှိသေးတယ်၊ သီချင်းဆိုမလို့၊ ငါဘာသီချင်းဆိုရမလဲ'
'နင်မအော်နိုင်ဘူးဆို'
'အင်း မအော်ရတာ လိုက်ရွေးနေတာ၊ ကိုယ့်အနားရှိစေချင် ဆိုရမလား'
'ခွင့်ပြုတယ် ခွင့်လွှတ်တယ်ဆိုရင်ရော၊ ဒါမှမဟုတ်လည်း ဒုတိယလူ'
'ဒုတိယလူအဖြစ်နဲ့ ပြီးဆုံးသွား ဆိုတာလား၊ မအော်ရတာ ပြောပါဆိုနေမှ'
'ဟားဟား၊ အဲ့ဒါဆို မမျှော်လင့်တော့ပါဘူးတို့ Crushတို့ ရော'
'အင်း အဲ့ဒါကောင်းမယ်ထင်တယ်
Unlock to read this premium article with 10 points.