Myaing Hay Won
လူတိုင်းကြိုးနှင့် ရင်းနှီးကြမည်ထင်သည်။ ကြိုးဆိုသည်ကလည်း ကျွန်မတို့နေ့စဉ်ဘဝမှာ တော်တော်များများကို နေရာယူထားတာကိုး။ သူမရှိရင် မဖြစ်သလောက်အရေးပါသည်။ ထို့ပြင် တော်တော်လည်း မျက်စိရှုပ်သည်။ အာရုံနောက်သည်။
အခုပဲ ကြည့်လေ ကျွန်မအခန်းထဲမှာ ကြိုးမရှိတဲ့ ဧရိယာဆိုတာ ခပ်ရှားရှားပဲ။ စာကြည့်စားပွဲပေါ်မှာလည်း ကြိုးတွေ။ ပလပ်ပေါက်မှာ ထိုးထားတဲ့ extension ကြိုးခွေက ကြိုးက တန်းလန်း။ Laptop အားသွင်းကြိုးကလည်း သေးသေးလုံးလုံးရှည်ရှည်မို့ အခွေလိုက်၊ မောက်( စ်) က ကြိုးမှာလည်း ခပ်ရှည်ရှည်၊ ဖုန်းအားသွင်းကြိုးကလည်း ထိုစားပွဲပေါ်မှာ။
အဲ့ဒီကြိုးတွေ ပြန့်ကျဲနေသည့် ကျွန်မစာကြည့်စားပွဲကိုသာ မြင်ယောင်ကြည့်ပါတော့။
ကျွန်မက ကျောင်းသူမို့ အဆောင်ငှားနေရသည်။ စတုတ္ထနှစ်ရောက်မှ တစ်ခန်းထဲ တစ်ယောက်နေဖြစ်တော့သည်။ ကျွန်မနေသည့်အခန်းလေးက ၉ပေ×၇ပေ ပတ်လည်လောက်တော့ ရှိမည်။ ခုတင်နှစ်လုံးကို ဟိုဘက်သည်ဘက် ကပ်ထားပြီး တစ်ဖက်မှာလူနေသည်။ တစ်ဖက်မှာ သေတ္တာ နဲ့ တိုလီမုတ်စ ပစ္စည်းတွေထားသည်။
ကျွန်မအိပ်တဲ့ဖက်ခြမ်းက အပေါ်ကို ကြည့်လိုက်လျှင် လေးဘက်လေးတန် ခြင်ထောင်ကြိုးတွေ၊ ဟိုဘက် ကုတင်အောက်ခြေကို ကန့်လန့်ဖြတ်သွယ်တန်းထားတဲ့ အဝတ်ကြိုးတန်းက တစ်ခု။ အိပ်တဲ့ကုတင်ပေါ်ကို ကြည့်လိုက်ပြန်ဦးမယ်ဆိုရင် earphoneကြိုးရယ်၊ သီချင်းနားထောင်တဲ့ Bluetoothမှာလည်း ကြိုးလေးတန်းလန်းလေးနဲ့။ သေတ္တာ ပေါ်က မီးပူလေးဟာလည်း ကြိုးလေးနဲ့။
ဘယ်သူက ကြိုးတွေကို တီထွင်ခဲ့ပါသလဲ။ ဒီကြိုးတွေကို ငါရှင်းမှ ဖြစ်တော့မယ်။ ဘယ်ကနေ ဘယ်လို စရှင်းရမလဲ မသိတော့။ အားလပ်ရက်မှာ အချိန်လေးရတုန်း အခန်းကို နေချင်စဖွယ် ဖြစ်အောင် ဖန်တီးသင့်တယ်လို့ တွေးနေတုန်း ဗိုက်ဆာလာသည်။ ဪ ထမင်းပေါင်းအိုးမှာလည်း ကြိုးနဲ့။
၁၈.၈.၂၀၁၉
မြိုင်ဟေဝန်
Photo credit to Pinterest
Keep Reading