SarPhat Author
ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ထမင်းစားချိန်တိုင်း စူးစူးစိုက်စိုက်လိုက် ကြည့်တာကို တာဝန်ရှိသူကို တိုင်ကြားတော့ ကောင်လေး မမှားဘူး ၊ ကောင်မလေးပဲ မှားတာပါတဲ့ သူပြန်ကြည့်လို့ ဟိုကောင် ကြည့်နေတာကို သိတာတဲ့၊ ကောင်မလေးကသာ ပြန်မကြည့်ရင် ဒီကောင်က ဘာအကြောင်းနဲ့ ကြည့်မလဲ တဲ့။
အဲ့စကားကိုကြားတော့ အဲ့လိုပြောတဲ့ဆရာမကို အတော်ချဥ်သွားတာပဲ။ ဆရာမက မိန်းကလေး မလို့ မိန်းကလေးဘက်ကို ဘက်လိုက်ရမယ် ဦးစားပေးရမယ်လို့လည်း
မဆိုလိုပါဘူး။ သူက တာဝန်ရှိသူမလို့ သူ့ကို တိုင်ရပြောရတာပါ ၊
ဖြေရှင်းပေးရမယ့်သူ ကိုယ်တိုင်က ပြသာနာကို သေသေချာချာ သိပါရဲ့နဲ့ ထမင်းစားမရအောင် စူးစိုက်ကြည့်နေတဲ့ကောင်က မမှားဘူး ညည်းမှားတာ ဆိုတော့ ဟိုအကောင်ကတော့
ကြည့်မြဲကြည့်ဆဲပေါ့ ။
ဟိုအကောင်က သူကြိုက်လို့ပဲကြည့်ကြည့် အမြင်ကတ်လို့ပဲ ကြည့်ကြည့် သူကြည့်တာ သူ့လွတ်လပ်ခွင့်လို့ ထင်နေတာကို တစ်ဖက်သား အိန္ဒြေပျက်ရလောက်အောင် ကြည့်တာ ပြောတာ ဆိုတာ ရိုင်းစိုင်းကြောင်းကို မြန်မာနိုင်ငံမှာ ဘယ်ဥပဒေမှာမှ
မသတ်မှတ်ထားတောင်
လူ့ယဥ်ကျေးမှုဥပဒေ နဲ့တော့ ညှိတာပါပဲ။
ကိုယ့်အမေ နှမ တွေနဲ့ မနှိုင်းယှဥ်ပါနဲ့အုံး၊ မိန်းကလေးတစ်ယောက်က
ယောကျ်ားလေးတစ်ယောက်ကို ထမင်းစားနေတုန်း စူးစိုက်ကြည့်နေရင်ကော ကြည့်ခံရသူ ယောကျ်ားလေး ဘယ်လောက် မလုံမလဲဖြစ်မလဲ ၊ ကိုယ်နဲ့ယှဥ်ပြီးပဲ စာနာကြည့်ပါအုံး။
ပြီးတော့ ဆရာမ ကိုယ်တိုင်က ငါ့ကိုသာ လာကြည့် ငါပြန်မကြည့်ရင် ဘာမှမဖြစ်ဘူး၊ ငါကတော့ ဂရုမစိုက်ဘူးလို့ ကြံဖန်ဂုဏ်ယူနေတာဟာလည်း ရှက်စရာပဲ။ သူက
ဘာမှမဖြစ်ပေမယ့် ဖြစ်တဲ့သူကပဲ အကဲပိုသယောင် မှားသယောင်တော့
မပြောသင့်ဘူး။
ဆိုဒ်အင်ဂျင်နီယာ ဘဝတုန်းက ယောကျ်ားလေး အများကြီးကြား မိန်းကလေးဆိုလို့ ကိုယ်နဲ့ ကိုယ့်စီနီယာ နှစ်ယောက်တည်း ၊တစ်ခါတလေ
ကိုယ်တစ်ယောက်တည်း၊ တစ်ခါတလေ စီနီယာတစ်ယောက်တည်း ။ အဲ့တုန်းကလည်း ကြိုက်မရှက်လို့ ပြောကြပေမယ့် တစ်ဖက်သားမိန်းကလေး
မနေတတ်အောင် ဓာတ်ပုံပေါ်တင်ရိုက်လိုက် ခိုးရိုက်လိုက် နဲ့ လူကြားသူကြားထဲ ရှက်စရာကောင်းလောက်အောင် အလိုက်ကမ်းဆိုးမသိတဲ့
လူမူရေးခေါင်းပါးတဲ့ကောင်တွေနဲ့ ကြုံခဲ့ဖူးတာပဲ။
ယောကျ်ားလေးတွေကိုလည်း အုပ်ထိန်းသူတွေကိုယ်တိုင်က ငယ်ကတည်းက တစ်ဖက်သားကိုလေးစားဖို့ မရိုင်းစိုင်းဖို့ အငမ်းမရ
မဖြစ်ဖို့ကို သင်ကြားသင့်တာပဲ။ ဘာလာလာ ဘာဖြစ်ဖြစ် ညည်းတို့ မိန်းကလေးတွေ အပြစ် ၊ ညည်းတို့မှ အနေအထိုင် မတတ်တာ ၊ ညည်းတို့မှ ဘာတွေဘယ်လိုလုပ်နေမှန်းမှ
မသိတာလို့ အပြစ်ဖို့ချည်းနေရင် အသက်ရူတာတောင် အပြစ်ဖို့နေတာက မိန်းကလေးတွေကိုယ်တိုင်
ဖြစ်နေတာ မခက်ဘူးလား။
သာမာန်ပုံပဲ ဓာတ်ပုံရိုက်ခံရစေအုံး
ကိုယ့်ခွင့်ပြုချက်မပါဘဲ ဓာတ်ပုံရိုက်တာ ၊ ခိုးရိုက်တာ၊ မျက်လုံးနဲ့ပဲ ကြည့်တာ ပဲ့ပါသွားလို့လားလို့ ပြောရင်တော့ ဖာခ့်ပါပဲ။
ငါက မိန်းကလေးပေမယ့် ယောကျ်ားစိတ်ဓာတ်ရှိတယ်ဆိုတာမျိုး (Tomboy တွေကို ပြောချင်တာမဟုတ်ပါ)၊ ငါက ယောကျ်ားလေးတွေလိုပဲ စိတ်ရှင်းပြတ်တယ်ဆိုတာမျိုး၊ ငါကတော့ ယောကျ်ားလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်တတ်တာမျိုး ဆိုတဲ့ စကားတွေများကြားရင် သူတို့ကတော့ သူတို့ဘာသာ ဂုဏ်ယူလို့ပြောတာလား ဘာလားတော့ သေချာမသိပေမယ့် အဲ့လို ပြောတဲ့သူတွေက ပိုစာနာစိတ်ကင်းမဲ့တာ ကိုယ်ချင်းစာတရားခေါင်းပါးတော့ အမှန်ပဲ။
ငါကတော့ ယောကျ်ားလေးတွေကို ယောကျ်ားလေးတွေလို့ကို မထင်ဘူး ဒီလိုပဲ ပြောဆိုနေတာပဲလို့ ပြောကြတာတွေလည်း ရှိတာပဲ။ ကိုယ်ဆိုရင်တော့ ယောကျ်ားလေးအများကြီးနဲ့ အလုပ် တွဲလုပ်ဖူးတော့
ယောကျ်ားလေးတွေရဲ စိတ်ဓာတ်တွေ ပိုဆိုးတာမျိုး မြင်တွေ့နေရတာတော့ အမှန်ပဲ။ မိန်းကလေးများတဲ့ နေရာမျိုးမှာ လုပ်ရကိုင်ရရင် ပါးစပ်ပေါက်လေးပဲ ထိန်းလိုက်ရင် ကိစ္စပြီးတယ်။ ယောကျ်ားလေးတွေများတဲ့နေရာမျိုးမှာ လုပ်ရကိုင်ရရင် ပါးစပ်ပေါက်လေးပဲ ထိန်းနေလို့ မရပါဘူး။
ယောကျ်ားလေးတွေနဲ့ပဲ ပေါင်းသင်းတတ်သူလို့ ပြောသူတွေကို တကယ်ရယ်ချင်တယ်။
ယောကျ်ားလေးနဲ့ပဲ ပေါင်းပေါင်း ၊ မိန်းကလေးနဲ့ပဲ အလုပ်တွဲလုပ်လုပ် ယောကျ်ားစိတ်နဲ့ မိန်းမပုံစံ၊ မိန်းမစိတ်နဲ့ ယောကျ်ားပုံစံမျိုး ပြောရ ဆိုရ လုပ်ရ ကိုင်ရ ကာမှ တော်ကာကြတာပဲ။
အဲ့ဒါကြောင့်ပဲ ထင်ပါရဲ့ ယောကျ်ားလေးများတဲ့နေရာမျိုးမှာ နေရထိုင်ရ ပြောရဆိုရ တော့မယ်ဆို စည်း တားမိမှန်း မသိ တားမိတော့တာပဲ။ ဘယ်လိုပြောရမလဲ ကိုယ့်ကိုယ်မိန်းကလေးလို ရွေးချယ်စရာလိုလူမျိုး မဖြစ်အောင်တော့ တားလို့မရပေမယ့် ကိုယ့်ကိုယ် ပါးစပ်စည်းကမ်းမရှိ ပေါက်ကရ မပြောလာအောင် ဆင်ခြင်အောင်လို့တော့ အစကတည်းက ခပ်တင်းတင်းနေလို့ရတဲ့နေရာကိုနေပြီး အလုပ်ဆိုလည်း အလုပ်ကိစ္စ ပွင့်ပွင့်လင်းလင်း ၊ တစ်ခုခုဆိုလည်း ရှက်သလိုကြောက်သလိုလုပ်မနေဘဲ ပြောစရာရှိတာပြောတာမျိုး လုပ်စရာရှိတာ လုပ်တာမျိုး ၊ ကိုယ်ကို အစ်မလို ညီမလို မောင်နှမလို ရဲဖော်ရဲဖက်လို လုပ်ဖော်ကိုင်ဖက်ကောင်းလို မြင်အောင် တွေးအောင် တမင်တကာ လုပ်ယူတာ မဟုတ်ဘဲ အလုပ်ကိစ္စကလွဲ ကျန်တာဆို တော်ရုံ မစပ်စုရဲအောင် နေရတာပါပဲ။(ဘယ်လိုနေနေ လက်တည့်စမ်းချင်သူကတော့ ရှိနိုင်တာပါပဲ)
အစ်မ တစ်ယောက်ရေးထားတဲ့ပိုစ့်မှာ မိန်းကလေးတွေဟာ ယောကျ်ားလေးတွေများတဲ့နေရာကို ဖြတ်သွားရမယ့်အခြေအနေဆို သိစိတ်ကော မသိစိတ်ကရော ရှေ့မှာ ယောကျ်ားလေးတွေ ရှိနေတာနဲ့ လမ်းကို မြန်မြန်လျှောက်တာမျိုး ၊ တစ်ဖက်လမ်းကို ကူးပြီး ဝေးအောင်လျှောက်တာမျိုးတွေနဲ့ ကြိုတင်ကာကွယ်တတ်ကြပုံကို ရေးထားတော့ အမှန်ပဲလို့ ထောက်ခံမိတယ်။
မိန်းကလေးတော်တော်များများလည်း ယောကျ်ားလေးတွေ ပါးစပ်သရမ်း တာကို ခံရဖူးသူများမလို့ ဒီလိုကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားကြတာပဲလေ။
ဘယ်လိုနေနေ အပြစ်ကတော့ မလွတ်ကျပါဘူး ။ ကိုယ်က Blame ခံရတာဖြစ်ဖြစ် ၊ Victiom ပဲ ဖြစ်ဖြစ် ပြောပြစရာမရှိ ၊ တိုင်ပင်စရာမရှိ ၊ ဖေးမမယ့်သူ မရှိသူတွေ ထွက်ပေါက်မဲ့အောင် လုပ်တာလည်း ကိုယ်နဲ့အနီးဆုံးလူတွေပဲ။ ပညာဘယ်လောက်တတ်တတ် ဘယ်လောက်သန်မာပါတယ်ပြောပြော စာနာဖို့ဝေးဖို့ အပြစ်ဖို့ချည်း မနေအောင် ကိုယ်ကစလို့ ပြင်ကြရအောင်လားနော်။
ကိုယ် မခံရတိုင်း ၊ ကိုယ်မကြုံဖူးတိုင်း ပို ပိုလွန်းတယ် သဲ သဲလွန်းတယ်လို့ ကိုယ်ကစပြီးအပြစ်မဖို့ကြရအောင်လား ၊ ငါဆိုရင်တော့ ဘယ်လိုလုပ်ပစ်မှာလို့ ကြိမ်းဝါးနေမိလည်း သူများခံစားနေရတာကို ဘာမှမဟုတ်သလို မပြောမိအောင် ကိုယ်က စကြရအောင်လား။ကိုယ်မကြုံဖူးလို့ဖြစ်စေ ကိုယ်မခံစားဖူးလို့ဖြစ်စေ သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုပြီး ဂျင်းတွေဆက်မထည့်ရအောင် ကိုယ်ကအရင် စကြမယ်လေနော်။
#WaiZin
18-Sep-2022
Keep Reading