Author's Profile Photo

SarPhat Author

15/12/2023

ကျွန်မသာ ၁၈ နှစ်အရွယ်ကိုပြန်ရောက်ခဲ့မယ်ဆိုရင်...

2 mins read
18 Again
ကျွန်မသာ ၁၈ နှစ်အရွယ်ကိုပြန်ရောက်ခဲ့မယ်ဆိုရင်...'s photo


၁၈ ၊ ၁၉ ၊ ၂၀ ဆိုတဲ့ အသက်အရွယ် အပိုင်းအခြားတွေဟာ တကယ်ကို ခက်ခဲတယ်လို့ထင်ပါတယ်။ ကလေးလို့လည်း ခေါ်လို့မရတော့သလို လူကြီးတစ်ယောက်လည်း မဖြစ်သေးတဲ့အချိန်တွေမှာ လူငယ်တွေဟာ သူတို့ကိုယ်တိုင်တောင်မသိပဲ ကိုယ့်တာဝန်ကိုယ် ယူလာကြရတယ်။ အရာအားလုံးကို တဖြည်းဖြည်းနားလည်လာရင်း မျှော်လင့်ချက်တွေမဲ့လာကြတယ်။ဖြစ်ချင်တာ‌တွေဟာ ထင်သလောက်မလွယ်ကူမှန်းသိလာတော့ စိတ်ဓါတ်တွေကျလာကြတယ်။ အဲ့လို ဘာဆက်လုပ်ရမှန်းမသိတဲ့ အခြေအနေကို လူတွေက လမ်းပျောက်တယ်လို့ ခေါ်ကြပါတယ်။ ဒီဆောင်းပါးလေးက လမ်းပျောက်နေတဲ့ လူငယ်တွေအ‌တွက် မီးစသေးသေးလေး ဖြစ်ပေးနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်။

အရင်ဆုံး ကျွန်မသာ ၁၈ နှစ်အရွယ်ကို ပြန်ရောက်ခဲ့မယ်ဆိုရင် ကျွန်မစိတ်ဝင်စားတဲ့အရာ၊ကျွန်မသဘောကျတဲ့ အရာတစ်ခုခုကို တတ်မြောက်အောင် လေ့လာသင်ယူဖြစ်မယ်ထင်ပါတယ်။ ကိုယ်သဘောကျတဲ့ ဘာသာစကားတစ်ခုခု၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားတဲ့ IT နည်းပညာ ပညာရပ်တစ်ခုခု၊ကိုယ်ဝါသနာပါတဲ့ တူရိယာ အတတ်ပညာတစ်ခုခု၊ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်တစ်ခုခုကို လေ့လာသင်ယူချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဟာ အသက်တစ်နှစ်ပြီး တစ်နှစ်ကြီးလာတာနဲ့မျှ တစ်ခုခုကို လေ့လာသင်ယူဖို့ အချိန်လုံလုံလောက်လောက်မရှိကြတော့လို့ပါ။ ကျွန်မတို့ဟာ အရွယ်တစ်ခုကို ရောက်လာတာနဲ့ အလုပ်လုပ်ရတဲ့ အချိန်တွေ၊‌ ကျောင်းတတ်ရတဲ့ အချိန်တွေ၊ မိသားစု၊သူငယ်ချင်း၊ချစ်သူကို ခွဲဝေပေးရတဲ့ အချိန်တွေကြောင့် ကိုယ့်ကိုယ်ကို အာရုံစိုက်နိုင်ဖို့တောင်မှ ခဲယဉ်းလွန်းလှပါတယ်။

"ဘဝမှာ နောင်တရမယ့် အရာအများစုက
သင်မလုပ်ခဲ့တဲ့ အရာတွေပဲတဲ့"


Steve Job ပြောခဲ့တဲ့စကားလေးတစ်ခွန်းပါ။ ဒါကြောင့် လမ်းပျောက်ပြီး ဘာဆက်လုပ်ရမလဲ မသိရင် အချိန်ရှိတုန်းမှာ လုပ်ချင်တဲ့အရာတစ်ခုခုကို ဘာမှမတွေးပဲ လေ့လာသင်ယူကြည့်ပါလို့ ပထမဆုံး အကြံပေးချင်ပါတယ်။

ဒုတိယအချက်အနေနဲ့ ရည်မှန်းချက်၊ပန်းတိုင်တစ်ခုထားရှိပါ။ ကျွန်မသာ ၁၈ နှစ်အရွယ်ကို ပြန်ရောက်ခဲ့မယ်ဆိုရင် ကျွန်မဘာလိုချင်လဲ၊ဘာဖြစ်ချင်လဲ၊ ကျွန်မဘယ်လိုလူမျိုးအဖြစ် ဘယ်လိုပုံစံနဲ့ရှင်သန်သွားမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို လေးလေးနက်နက်ပြန်မေးမိမယ်ထင်ပါတယ်။ အခွင့်အရေးမရှိဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်မတို့ ဘဝမှာ ကျွန်မတို့လိုချင်တာ တော်တော်များများကို လက်လွှတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အခွင့်အ‌ရေးဆိုတာမျိုးဟာ သူ့ဘာသာသူ ကိုယ့်ရှေ့ရောက်လာတာမျိုးမဟုတ်ပဲ ကိုယ်တိုင်က လုပ်ယူဖန်တီးပြီး ရှာဖွေရတာမျိုးဆိုတာကို နားလည်လာတယ်။ ကျွန်မတို့ ဘဝရဲ့ အချိန်တစ်ဝက်လောက်က ကျွန်မတို့ အလုပ်မှာပဲ ကုန်ဆုံးရတယ်ဆိုတာကို သိလာပြီးတဲ့နောက် လူငယ်တွေကို အကြံပေးချင်တာက သေချာပေါက် ကိုယ်သဘောကျတဲ့အရာ၊ကိုယ်စိတ်ဝင်စားတဲ့အရာ၊ ကိုယ့်ကိုယ် ပျော်ရွှင်စေတယ်လို့ ခံစားရစေမယ့် အလုပ်မျိုးကိုပဲ ရွေးချယ်ပါ။ ပင်ပန်းမှုကတော့ ကိုယ်သဘောကျတဲ့ အလုပ်ပဲဖြစ်ဖြစ် ကိုယ်သဘောမကျတဲ့အလုပ်ပဲဖြစ်ဖြစ် သေချာပေါက် ခံစားကြရမှာပေါ့။ အဲ့ဒီမှာ ကိုယ့်ကိုယ်ကို မေးရမယ့် မေးခွန်းက ကိုယ်ဘယ်လိုပင်ပန်းမှုမျိုးကို လိုချင်လဲဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို မေးပါ။ ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးတတ်ဖို့က ဘဝမှာ သိပ်အရေးကြီးတယ်။ ငါဘယ်လိုအလုပ်မျိုးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်မှာလဲ၊ ငါနောက် ဆယ်နှစ်မှာ ဘယ်လိုလူမျိုးဖြစ်နေရမလဲ၊ ငါဒါကိုရွေးချယ်လိုက်ရင် နောင်တရ‌လောက်မလားဆိုတဲ့ မေးခွန်းတွေကို တိတိကျကျ ဖြေနိုင်တဲ့ထိ ကိုယ့်ကိုယ်ကို မေးနေပါ။လိုအပ်ရင် ချရေးပါ။

ကျွန်မကတော့ အသက် ၁၇၊၁၈ နှစ်နှစ်စလုံးမှာ ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်ရင်း အသက် ၁၉ နှစ်ရောက်မှ ကိုယ် တကယ် ဘာလိုချင်လဲဆိုတဲ့အဖြေကို ရှာ‌တွေ့ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးရမှာကို မကြောက်ပါနဲ့။ ကိုယ်ဘာလိုချင်လဲဆိုတာကို တိတိကျကျသိမှ ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာကို အဖြေရှာလို့ရမှာမဟုတ်လား။ ဒါမှလည်း နေ့ရက်တွေက စိတ်လှုပ်ရှားစရာတွေနဲ့ ဘဝက အဓိပ္ပါယ်ရှိနေမှာပေါ့။

နောက်ဆုံး လူငယ်တွေကို အရွယ်ရောက်လာရင် နောင်တမရအောင် မှာချင်တာကတော့ အမှတ်တရတွေကို ဖန်တီးနိုင်သလောက် ဖန်တီးခဲ့ကြပါ။ သူငယ်ချင်းတွေနဲ့ အချိန်ပြည့် ပျော်ပါးခိုင်း‌နေတာမျိုးမဟုတ်ပဲ မိသားစုနဲ့ အမှတ်တရလေးတွေ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရလေးတွေ၊ ကိုယ်တစ်ယောက်တည်း ကြိုးစားရုန်းကန်ခဲ့ရတဲ့အချိန်တွေ ကောင်းကောင်းဆိုးဆိုး အရာအားလုံးဟာ တစ်ချိန်မှာ ပြန်လှည့်ကြည့်ရမယ့် တန်ဖိုးထားစရာ အခိုက်အတန့်တွေကြီးပဲမို့ အရာအားလုံးကို လက်ခံပြီး ရင်ဆိုင်ဖြတ်သန်းကြည့်ပါ။

နိဂုံးချုပ်အနေနဲ့ လမ်းပျောက်နေတဲ့ လူငယ်‌‌တွေအတွက် အကြံပေးချင်တာ‌ကတော့ တစ်ခုခုကို ထလုပ်လိုက်ပါ။ လုပ်ချင်တယ်လို့ ခံစားရတဲ့အရာ၊လုပ်သင့်တယ်လို့ ခံစားရတဲ့အရာတစ်ခုခုကို ဘာကိုမှမတွေးပဲ၊ဘာကိုမှစဉ်းစားမနေပဲ လုပ်မှာသာ ထလုပ်လိုက်ပါ။ ဘဝရဲ့ အဓိပ္ပါယ်ကို တကူးတက လိုက်ရှာဖွေမနေပဲ ကိုယ်လိုချင်တွေအတွက် ကြိုးစားနေမယ်သာဆိုရင် ဘဝက အများကြီး အဓိပ္ပါယ်ရှိ‌နေမှာပါ။ အခိုက်အတန့်တစ်ခုစီတိုင်းကို တန်ဖိုးထားနိုင်ပြီး လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ အကျိုးရှိရှိဖြတ်သန်းကြပါ။ လမ်းပျောက်နေတဲ့ အချိန်မှာပဲ လမ်းကို ရှာဖွေခွင့်ရှိတာမို့လို့ အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

#ဘရီယန်?
15.12.2023 (8:30 pm)




Keep Reading

ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။