လေပြေညင်း
လူသားတွေဟာ ဘဝကို ဖြတ်သန်းလာရင်း လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ တွေ့ဆုံရပါတယ်။ မိမိနဲ့ ပနံသင့်သူရှိသလို မသင့်သူလဲ ရှိကြတယ်။ တစ်ခါတစ်ရံ စိတ်အခန့်မသင့်လို့ ကတောက်ကဆ ဖြစ်ကြရာမှ ပြတ်စဲသွားကြတဲ့ ဆက်ဆံရေးတွေလဲရှိခဲ့ကြမယ်။ မိမိအပေါ် မနာလိုမုန်းတီး ချောက်တွန်းကြတဲ့သူတွေလဲရှိခဲ့ကြပါမယ်။ ဒီလို လူပုဂ္ဂိုလ်အမျိုးမျိုး အပေါ်မှာလဲ မိမိတို့ဟာ စိတ်သဘောထားတွေအမျိုးမျိုး သတ်မှတ်ထားမိတတ်ကြပါတယ်။ "ဒီလူကိုတော့ ငါအရမ်းခင်တာပဲ။ ဒီလူကိုတော့ ငါသိပ်သဘောမကျဘူး"စသဖြင့်ပေါ့လေ။ သို့ရာမှာ မိမိအပေါ် ဘေးဖြစ်စေနိုင်မဲ့၊ အကျိုးကို ထိခိုက်စေနိုင်မဲ့၊ စိတ်အေးချမ်းသာမှုကို အနှောက်အယှက်ဖြစ်စေနိုင်မဲ့ ပုံစံမျိုး မိမိသန္တာန်မှာ ပေါ်ပေါက်လာပြီဆိုရင်တော့ အထူးသတိထားသင့်ပါတယ်။ အမုန်းတရားတွေ၊ မနာလိုဝန်တိုမှုတွေ၊ အာဃာတအငြိုးအတေး တွေဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီ့ အမုန်းတရားတွေကိုဘယ်လိုချေဖျက်ပြီး မိမိရဲ့သန္တာန်မှာ တည်ငြိမ်အေးချမ်းမှုရရှိအောင် လုပ်ဆောင်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
မြတ်စွာဘုရားဟာ အာဃာတပဋိဝိနယသုတ် မှာ အငြိုးအတေးတွေကိုချေဖျက်နိုင်တဲ့ နည်းလမ်း ၅ သွယ်ကို ဟောကြားခဲ့ပါတယ်။ အဲ့တာတွေကတော့ -
၁။ မေတ္တာပွားခြင်း
ထိုပုဂ္ဂိုလ်ရဲ့ ကောင်းကွက်လေးတွေကိုရှာပါ။ ရှာပြီး ထိုသူရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်လေးကိုမွေးပါ။ မုန်းတဲ့ပုဂ္ဂိုလ်အပေါ်မှာ အာရုံပြုပြီး သူ့အပေါ်မုန်းတဲ့စိတ်ပျောက်သွားအောင် မိမိရင်ထဲမှာ မေတ္တာတည်ဆောက်ပါ။ စိတ်ထဲ မေတ္တာပျိုးပါ။
၂။ ဂရုဏာပွားခြင်း
မေတ္တာထားလို့မအောင်မြင်တဲ့ အခါ ဂရုဏာထားနိုင်ဖို့ကြိုးစားကြည့်ပါ။ "အော်...ဒီလူဟာ အခုချိန်မှာ လူ့ဘဝရောက်နေပေမဲ့ သူ့ရဲ့စိတ်နေသဘောထားတွေအရ သေသွားရင် အပယ်ကျမဲ့သူပဲ.... သနားစရာကောင်းတဲ့သတ္တဝါပဲ... ငါသူ့ကိုပြန်ပြီးဒေါသနဲ့ တုံ့ပြန်စရာမလိုဘူး" လို့ ဂရုဏာထားသနားလိုက်ပါ။
၃။ ဥပေက္ခာပွားခြင်း
မေတ္တာပွား၊ ဂရုဏာပွားတဲ့နည်းလမ်းတွေမအောင်မြင်ဘူးဆိုလို့ရှိရင် ဥပေက္ခာပွားတဲ့နည်းကိုအသုံးပြုပါ။ ချစ်ခြင်းမုန်းခြင်းတစ်ခုမှ မထားပဲ မသိတဲ့ပုဂ္ဂိုလ်တစ်ယောက်လိုပဲ သဘောထားလိုက်ပါ။
၄။ မေ့ပစ်လိုက်ပါ
အပေါ်မှာ ဖော်ပြတဲ့ အချက်တွေကိုကြိုးစားတာ မအောင်မြင်ဘူးဆိုရင်တော့ မေ့ပစ်ဖို့ပဲ ကြိုးစားကြည့်ပါ။ ဒေါသဟာ တွေးနေမှ ဖြစ်ပေါ်လာတာမို့ အတွေးတွေကိုခေါင်းထဲက ထုတ်လိုက်ပါ။ ထိုအဖြစ်အပျက်ကိုမေ့လိုက်ပါ။ စိတ်ထဲ ဒေါသမဖြစ်တော့ရင် ဒါဟာလဲ အမုန်းတရားကင်းနေခြင်းတစ်မျိုးပါပဲ။
၅။ ကံတရားကို ဆင်ခြင်ပါ
နောက်ဆုံးလက်နက်ကတော့ ကံတရားကိုဆင်ခြင်ဖို့ပါပဲ။ "သူလဲသူ့ကံနဲ့သူသွားမှာပဲ။ ငါလဲငါ့ကံနဲ့ငါသွားမှာပဲ။ သူလဲကောင်းတာလုပ်ရင် ကောင်းတဲ့ဘုံရောက်မှာ၊ ငါလဲမကောင်းတာလုပ်ရင် မကောင်းတဲ့ဘုံရောက်မှာ" စသဖြင့် ကံတရားကိုဆင်ခြင်လိုက်ပါ။ "သတ္တဝါတွေဆိုတာ သူ့ကံနဲ့သူဖြစ်ရတာ။ မုန်းနေလို့လဲအပိုပဲ၊ ရန်ဖြစ်နေလို့လဲ အပိုပဲ "လို့ဆင်ခြင်ရင်းနဲ့ပဲ မိမိရင်ထဲက အမုန်းတရားကိုချေဖျက်ပါ။
စာဖတ်သူတို့အနေနဲ့ အဓိကမှတ်ယူထားရမှာက မိမိရင်ထဲမှာ အမုန်းတရားမရှိခြင်းဟာ မိမိအတွက် အနိုင်ရခြင်း ပဲ လို့မှတ်ယူပြီး မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ အာဃာတပဋိဝိနယသုတ် နည်းလမ်း ၅ သွယ်အတိုင်း မိမိရင်ထဲက အမုန်းတရားများကို ချေဖျက်နိုင်ကြပါစေ။
တစ်ဦးနှင့်တစ်ဦး ဗြဟ္မာစိုရ်တရားလက်ကိုင်ထားပြီးပွားများနိုင်ပါစေ။
၈/၈/၂၀၂၄
၁:၄၇
Keep Reading