Author's Profile Photo

သံလွင် မြင့်

2/08/2024

အ​မှောင်အတိုင်း

9 mins read
Art
History
18 Again

အမှောင်အတိုင်း

ညနေစောင်း အပြင်ထွက်တော့မယ့် အချိန်ဆို ခုလိုပဲ မိုးတွေက ရွာပြီ။ သူတို့ဘက် ပင်လယ်ဒေသမှာ ရွာတဲ့ မိုးဆိုတာမျိုးက ခပ်စွေစွေနဲ့ ကြာကြာရွာတတ်တယ်။ ခုညနေ မိုးက ရေရော၊ လေရော ပါတယ်။ ဆောင်းနေကျ ထီးအပြင် မိုးကာအရှည်ကိုပါ ဝတ်ဆင်လိုက်ပါတယ်။ အပြင်မှာတော့ မဟော်ဂနီအပင်တွေ တယိမ်းယိမ်းခါရလောက်အောင် မိုးရော လေရော သည်းထန်နေတယ်။ တံခါးကို ဖွင့်လိုက်တာနဲ့ ဆောင့်ဝင်လာတဲ့ မိုးစက်တွေနဲ့ လေတွေကြောင့် မသွားတော့ဘူးလားလို့ တောင် သူစဉ်းစားလိုက်သေးရဲ့။ ဒါပေမဲ့ ဆက်ခွန် ကိုယ်တိုင် သူ့ဆီကို လာခေါ်တုန်းက ပုံကို မြင်ယောင်ရင်း ရောက်အောင်တော့ သွားမှပဲလို့ ပြန်ဆုံးဖြတ်လိုက်တယ်။

ထီးလွင့်ထွက်မသွားရအောင် ထီးခေါင်းကို လေတိုက်ရာဘက်ကို ထားဆောင်းလိုက်ပြီး ထီးခရိုင် ထိပ်နားကနေ ကိုင်လိုက်တယ်။ ပင်လယ်လေအေးတွေနဲ့ မိုးစက်တွေဟာ သူတို့ ကြီးစိုးတဲ့ ရာသီဆိုတာကို ခပ်ကြွားကြွား မောက်မာပြနေတဲ့ အလားပဲ။ ကျောက်တုံးကလေးတွေ ခင်းထားတဲ့ လမ်းအတိုင်း သူဟာ ဆက်ခွန် တို့ တိုက်အိမ်ကလေးရှိရာ ရွာဘက်အခြမ်းကို ခပ်သုတ်သုတ် လာခဲ့တယ်။ သူတို့ဘက်အခြမ်းက ကျွန်းရဲ့ ကမ်းခြေပိုင်းနဲ့ နီးတယ်။ လေဆန်အတိုင်း တောင်တက် တောင်ဆင်း ကုန်းကလေးတွေကို ဖြတ်သွားနေရတော့ မှန်းသလောက် မြန်အောင် မသွားနိုင်ဘူး။ ပင်လယ်ပြင် ထဲကို ငုပ်ပြီး ဝင်ဖို့ အားယူနေတဲ့ နေရောင်ဟာ မိုးသားတိမ်လိပ်တွေရဲ့ ဖိနှိပ်မှုကြောင့် လက်ကျန်အလင်းရောင် ကို တောင် မပြနိုင်ရှာတော့။

“ဆရာ အိမ်ကို လာပါဦး။ မာလာ့ကို နားချပေးပါဦး” လို့ မဆိုင်းမတွ ပြောလိုက်တဲ့ ဆက်ခွန် ရဲ့ စကားအဆုံးမှာ သူ့မျက်နှာကို အကဲခတ်ကြည့်တော့ စိတ်ဖိစီးမှုတွေရဲ့ ထုထောင်းမှုတွေကို မြင်နေရတယ်။
“ဘာကိစ္စလဲ ကိုဆက်ခွန်” မေးသာ မေးရတယ် သူ့ဆီက လာမယ့် အဖြေကို ကြိုသိနေသလိုပဲ။

ဆက်ခွန် က ကျွန်းပေါ်ရွာကလေးက အစွန်ဆုံး တိုက်အိမ်ကလေးမှာ သူ့ အမျိုးသမီး မာလာ နဲ့ အတူနေထိုင်သူပဲ။ သူတို့မှာ သားသမီးရယ်လို့ မရှိဘူး။ ကျွန်းနဲ့ မြို့ဘက်ကို ဖယ်ရီဆွဲတဲ့ အလုပ်က သူ့ရဲ့ ပင်မ အလုပ်ပါ။ ပြီးတော့ ကျွန်းရွာနောက်က တောထဲ တောင်ထဲ အပန်းဖြေစခန်းချ လာတတ်တဲ့ လူငယ်ကလေးတွေကို လမ်းပြလုပ်ပေး လေ့ရှိတယ်။ ဘုရားကျောင်းကို ပုံမှန်လောက် လာလေ့ရှိသူမို့ သူ နဲ့ ရင်းနှီးတာပဲ။ အားလပ်တဲ့အချိန်မှာ သူ့တိုက်ကလေး ဘေးနား စားပင်လေးတွေ စိုက်လိုက် မြေဆွလိုက်၊ သူ့စက်လှေဖယ်ရီကို ဆေးသုတ်လိုက် လုပ်လေ့ရှိတဲ့ သက်လတ်ပိုင်း ယောင်္ကျားတစ်ယောက် ဆိုတာထက် ဆက်ခွန်ဟာ သိပ်ထူးခြားတဲ့ သူတော့ မဟုတ်ပါဘူး။ သူ့ဇနီး မာလာ ကလည်း အစ ကတော့ သူ့လို ပဲ သိပ်ထူးထူးခြားခြားထဲက မဟုတ်ပါဘူး။ နောက်ပိုင်း ဆန်းပြားလာတယ်လို့ ကျွန်းရွာ ကျဉ်းကျဉ်းလေးမှာ သတင်းတွေ ကြားရတယ်။

ကျွန်းမြောက်ခြမ်းဘက်မှာ ပုလဲထုတ်လုပ်ရေး ကုမ္ပဏီရှိတယ်။ ပုလဲမွေးမြူရေးခြံတွေ ရှိတော့ အလုပ်သမားတွေ လည်း လာလာနေကြတယ်။ မာလာ က ပုလဲလုပ်ငန်းတွေမှာ အချိန်ပိုင်း အလုပ်တွေ သွားလုပ်ရင်း ဘားနက်ဒ် ဆိုတဲ့ မြို့သား ပုလဲငုပ်သမားကောင်ကလေး တစ်ယောက်နဲ့ ခင်လာတယ်။ သူတို့ကို မကြာခဏဆိုသလို ရွာထဲက အရက်ဘားမှာ တွေ့ရတတ်တယ်။ မာလာ နဲ့ ဘားနက်ဒ် ကို အရက်ဘား နဲ့ တောလမ်းမှာ စက်ဘီးကလေး တစ်စီး ထဲနဲ့ မကြာခဏ တွေ့နေတော့ ကျွန်းသားတွေက ဆက်ခွန် ကို သတိပေးကြတယ်တဲ့။ “ကုမ္ပဏီမှာ အလုပ်အတူ လုပ်ရင်း မောင်လို နှမလို ခင်ကြတာပါဗျာ။ အိမ်တောင် ထမင်းစား တခါဖိတ်လို့ လာသွားသေးတယ်။ ကျုပ်တို့ လင်မယားကလေးမွေးရင် ခုလောက်ဆို ကလေးတောင် ဘားနက်ဒ် လောက် ရှိရောပေါ့” လို့ ဆက်ခွန် က ပြန်ပြောလေ့ရှိတယ်။ နောက်ပိုင်းတော့ မာလာနဲ့ ဘားနက်ဒ် ရဲ့ သတင်းဟာ ကျွန်းကလေးမှာ လူတိုင်းသိတဲ့ လျို့ဝှက်ချက်လိုကို ဖြစ်လာပြီ။ ဆက်ခွန် က တော့ ဘာဆိုဘာမှ မသိသလို၊ အေးအေးဆေးဆေးပါပဲ။ မာလာ ကလည်း ဘုရားကျောင်းကို ပုံမှန်လာသူ မဟုတ်တော့ ဒီအကြောင်းတွေကို သူ့အနေနဲ့ ဂရုမထားမိသလိုတောင် ဖြစ်နေပြီ။

“ဆရာရေ ကျွန်တော့် အခြေအနေက တွေ့ရာလူကို အကူအညီလိုက်တောင်း နေမိသလို ဖြစ်နေပြီ။ ဒါပေမဲ့ ဒါမျိုး ကိစ္စဆိုတာက လူတိုင်းကို လိုက်ပြောလို့ ကောင်းတာလည်း မဟုတ်ဘူးလေ။ ဆရာကျတော့ ကိုယ်လေးစားရတဲ့ အသင်းတော် ခေါင်းဆောင်လည်းဖြစ်ပြန်၊ မာလာ့ အဖေရဲ့ သူငယ်ချင်းလည်း ဖြစ်ပြန်ဆိုတော့ အကူအညီ တောင်းရတာပါ”
“ဘာကူညီရမလဲ ကိုဆက်ခွန်။ ဘာအရေးကိစ္စလဲ”
“မာလာလေ သူ ကျွန်းကနေ ထွက်သွားတော့မယ်တဲ့။ ကျွန်တော် ဘယ်လို တားတား မရတော့ဘူး။ ကျွန်တော်တို့ အိမ်ထောင်ရေးကိုလည်း သူ အဆုံးသတ်ချင်နေသတဲ့”
“ဘုရားသခင်ရဲ့ အလိုတော်နဲ့ လူသားနှစ်ဦး ပေါင်းစည်းကြရာမှာ လူသားတွေကြောင့် ခွဲခွါရတာတော့ မဖြစ်သင့်စရာပဲ။ ဘာကြောင့်လို့ သူက ပြောသလဲ”
ဆက်ခွန် ခေါင်းကို ငုံ့ချလိုက်ရဲ့။ သူ မပြောချင်တဲ့ ပုံပဲ။ ဒါပေမဲ့ မပြောပြချင်ရင် သူတိုင်ပင်လို့ မရဘူးလေ။

“စိတ်ဆင်းရဲစရာပဲ ဆရာရေ။ ဟိုကောင်ကလေး ဘားနက်ဒ် ပြန်တော့မှာမို့ လိုက်သွားမလို့တဲ့။ သူ ဒီစကားကို ကျွန်တော့်မျက်နှာကို ကြည့်ပြီး ပြောရက်တယ်ဗျာ”

ဆက်ခွန် ဆီမှာ ကြေကွဲတာရော၊ နာကျည်းတာရော နှစ်ခုလုံးကို မြင်နေရတယ်။

“မနက်ဖြန်လောက် အိမ်မှာ ညစာ လာစားပါဦးဆရာ။ မာလာ့ကို နည်းနည်းလောက် ကူပြောပေးပါဦး။ သူထွက်မသွားရင် ရပါပြီ။ ဒီမှာလည်း သူ့ကို ကျွန်တော် လွှတ်ပေးထားတာပဲ”

လာခဲ့ပါ့မယ်လို့ ပြောလိုက်တော့ ဆက်ခွန် လည်း လေးတိလေးကန် နဲ့ ပြန်သွားတယ်။ အလုပ်တစ်ခုကို အမြဲတမ်း လက်နဲ့ မပြတ်တတ်တဲ့ ဆက်ခွန် ဟာ အရုပ်ကြီး လမ်းလျှောက်ထွက်နေသလို အသက်မဲ့စွာနဲ့ ကျောက်တုံးလမ်း ကလေးအတိုင်း ရွာစွန်ဘက်ကို ပြန်ထွက်သွားရဲ့။

မိုးဟာ အရှိန်မလျော့သွားဘူး။ တချက်တချက် ကောင်းကင်ပေါ်က လျှပ်စီးလက်တဲ့ အလင်းရောင်ကြောင့် ဝန်းကျင်ဟာ ဝင်းထိန် သွားပြန်တယ်။ ကျောက်တုံးလမ်းကလေးရဲ့ အဆုံး ဆက်ခွန်နဲ့ မာလာရဲ့ တိုက်အိမ်ကလေး ကို လှမ်းမြင်နေရပြီ။ မုန်တိုင်း ဒီရေကြောင့် ကမ်းစပ်က ရေတချို့ဟာ သူတို့ အိမ်ကလေးနားထိကို ရောက်နေပါ ပေါ့လား။ အိမ်က ထွန်းထားတဲ့ မီးရောင်ကလေးက အမှောင်ထဲမှာ အရောင်ကလေး ထွက်နေတယ်။ အုန်းရည် ဘရန်ဒီလေး တစ်ခွက်လောက်တော့ တောင်းသောက်ဦးမှပဲလို့ စဉ်းစားလိုက်တယ်။

မိုးသံတွေထဲမှာ လူခေါ်ခေါင်းလောင်းသံ ဟာ ထင်ထင်ရှားရှားကြီး ထွက်ပေါ်သွားတယ်။ အကြာကြီး စောင့်ရမယ် ၊ ခေါင်းလောင်းကို အကြိမ်ကြိမ် တီးရမယ် ထင်ပေမယ့် တံခါးချက်ခြင်း ပွင့်သွားတယ်လေ။ အုတ်တိုက်ရဲ့ သစ်သားတံခါးကို လာဖွင့်ပေးသူက မာလာ။ သူ့ကို မြင်တဲ့အခါ အံ့ဩသွားတာ ကို မာလာ ရဲ့ မျက်နှာပေါ်မှာ အထင်းသား မြင်နေရတယ်။

“ဟင်…ဆရာ”
“မတွေ့မိတာတောင် ကြာပေါ့ သမီးရေ”
“ဟုတ်ပါတယ် ဆရာ။ ဘာကိစ္စများရှိလို့ မိုးကြီးချုပ် ရောက်လာတာလဲဆရာ”

မာလာ့ကို ကြည့်ရတာ သူလာမယ်ဆိုတာ မသိသေးတဲ့ ပုံပါပဲလား။ မာလာ ဟာ အနွေးထည် ဆွယ်တာလေး နဲ့ ပင်လယ်လေ အအေးဒဏ်ကို ကာကွယ်ထားရင်း မျက်နှာပေါ်မှာ ဖွါလန်ကျလာတဲ့ ကျွန်းသူ ဆံနွယ်တွေကို လက်နဲ့ အသာသပ်ပြီး ရှင်းနေရဲ့။

“ကိုဆက်ခွန် က တို့လာမှာကို မပြောထားဘူး ထင်တယ်”
“ရှင်. ဟုတ်။ ဟုတ်”

မီးလုံးထွန်းထားတဲ့ သူတို့ တိုက်အိမ် ဧည့်ခန်းကလေးထဲကို တံခါးပေါက်ကနေ မာလာ့ ကို ကျော်ပြီး ကြည့်လိုက်တော့ ခုံကလေးပေါ်မှာ ငူငူကလေး ထိုင်နေတဲ့ ဆက်ခွန် ကိုလည်း လှမ်းတွေ့လိုက်တယ်။ မနက်ပိုင်းက တွေ့လိုက်သလို သူ့ပုံစံက ငေးငေးငိုင်ငိုင် ပါပဲလေ။

“ဟေး ကိုဆက်ခွန် ကျွန်တော်လာမှာကို မာလာ့ ကို မပြောထားဘူးလား”
ဆက်ခွန် က မော့ကြည့်ရင်း “ဝင်ခဲ့ပါဆရာ။ မာလာရေ ဆရာ့ကို လမ်းပေးလိုက်ဦးလေကွာ” လို့ ပြောတယ်။ ဆက်ခွန် ပုံစံကြည့်ရတာတော့ သူ့ကို မျှော်နေတဲ့ ပုံပါ။

“ဆရာ အိမ်ထဲ ဝင် ဝင် ပါဦး” လို့ မာလာ က ပြောရင်း တံခါးကို အဆုံးအထိ ဆွဲဖွင့်ပေးတယ်။ သူ့ရှေ့ကနေ အခန်းထဲကို ဝင်သွားရဲ့။

“ဆရာ ကော်ဖီသောက်မလားရှင်”
ဒီအတိုင်းဆိုရင်တော့ ညစာ စားဖို့ ပြင်မထားဘူးဆိုတာကို သိလိုက်ပါပြီ။ ညစာကျွေးခါနီး ဘယ်သူက ကော်ဖီ တိုက်ပါ့မလဲ။ ကြည့်ရတာ ဆက်ခွန် က သူ့ မိန်းမ မာလာကို မပြောဘဲ ဖိတ်ခေါ်လိုက်တာထင်တယ်။ သူ့ခမျာ မယားဇော ကပ်နေရှာမှာပေါ့လေ လို့ တွေးလိုက်မိတယ်။

“အုန်းရည်နဲ့ ဘရန်ဒီလေးပဲ စပ်ပေးပါလား သမီးရယ် နည်းနည်းအေးလို့ပါ။ ညဘက် ကော်ဖီ က အဆင်မပြေတော့ဘူး ကွယ်”

“ဟုတ် ဟုတ် ဆရာ”

ဧည့်ခန်းငယ်လေးထဲက ဆက်ခွန် ထိုင်နေတဲ့ ခုံဘေးမှာပဲ သူ ဝင်ထိုင်လိုက်တယ်။ အုတ်ကြွပ်ပေါ်ကို ရေကျသံက လွဲလို့ တခြားအသံတွေ မကြားရဘူး။ မာလာ က သူတို့ဧည့်ခန်းထဲမှာပဲ ရှိတဲ့ အရက်ဘီဒို တံခါးကို ဆွဲဖွင့်ပြီး ဘရန်ဒီ စပ်ပေးနေတယ်။

“မိုးကတော့ အတော်သည်းတာပဲနော် ကိုဆက်ခွန်”

ဆက်ခွန် က ယဲ့ယဲ့ ပြန်ပြုံးပြပြီး သူပြောတာကို ထောက်ခံတယ်။ ဘာသံမှ ထွက်မလာတော့ သူတို့ လင်မယား အရေး နားချဖြောင့်ဖျဖို့ ဘယ်က စ ရမယ်မှန်းတောင် မသိဘူး။

အရက်ခွက် ကလေး နဲ့ သူ့ဘက် ပြန်လှည့်လာတဲ့ မာလာ ဟာ တခါမှ မမြင်ဖူးသူလို ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေတယ်။ ဘယ်လိုမျိုး အပြစ်တွေကို ပြုမူမိလို့ သူ့ကို ဒီလိုကြည့်နေပါလိမ့်။ သနားစဖွယ် မိန်းမငယ်လေးကို ဘုရားသခင် ခွင့်လွှတ်စောင့်ရှောက်တော်မူပါလို့ စိတ်ကနေ မေတ္တာပို့လိုက်ပါသေး တယ်။

“ဆရာ့ကို ကိုဆက်ခွန် က ဖိတ်ထားတာလား” မာလာ က သူ့ကို အရက်ခွက် ကမ်းပေးရင်း မေးလိုက်တယ်။
“ဟုတ်တယ် ခုမနက်မှာပဲ လာဖိတ်သွားတာ”

သူက ပြန်ဖြေရင်း ဆက်ခွန် ကို တချက်စောင်းကြည့်တယ်။ ဆက်ခွန် ကတော့ ထိုင်ခုံမှာ ထိုင်လျက်နဲ့ပဲ ကြမ်းပြင် ကို ငုံ့ကြည့်နေလေရဲ့။

မာလာ ဟာ ကြိုမသိထားဘဲနဲ့ သူရောက်လာလို့လားမသိ မျက်စိပျက် မျက်နှာပျက်နဲ့ ဖြစ်နေတယ်။ ကျွန်းကနေ ထွက်သွားတော့မယ့် မာလာ့ အစီအစဉ်ကို တားမြစ်တော့မယ်ဆိုတာကိုလည်း သိနေပုံရပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို ပုံစံ တမျိုးစီနဲ့ မှားယွင်းနေကြသလိုပါပဲလား။ ဆက်ခွန် က လောကကြီး တခုလုံးကို အရှူံးပေးထားသူလို ငူငူကြီး ထိုင်နေပြီး၊ မာလာ က ပြာယာခတ်နေတယ်။

“သမီး ကို ဘုရားကျောင်းမှာ မတွေ့မိတာ ကြာပြီနော်။ ဆက်ခွန် ကလည်း ကိုယ့်မိန်းမ ကို တခေါက်လောက်တော့ ခေါ်ခဲ့ပါဦးကွ။ လာမယ့်အပတ် တွေ့ရအောင်လေ”
ဆက်ခွန် က အသာ ခေါင်းငြိမ့်ပြတယ်။ သူ့ဆီက ဘာသံမှ ထွက်မလာဘူး။
ဆက်ကနဲ မတ်တပ်ထရပ်လိုက်တဲ့ မာလာ ကြောင့် သူ မော့ကြည့်လိုက်တယ်။

“ဆရာ ဘာကိစ္စလာတာလဲ။ ပြောစရာရှိတာကို ပြောပါ။ ကျွန်မ လုပ်စရာလေးတွေ ရှိနေသေးလို့ပါ”

“သမီး ဘာတွေ အလျင်လိုနေတာလဲ။ တို့ကို တိုင်ပင်လို့ ရပါတယ်။ ကိုစိုးခင် နဲ့ ဆရာ ဟာ ငယ်ပေါင်း သူငယ်ချင်းတွေပါ”

မာလာ က ဘာပြောရမှန်း မသိသလို ခဏတွေဝေသွားပြီး ခုံမှာ ပြန်ထိုင်တယ်။

“ကိုဆက်ခွန် က ဘာပြောသွားလို့လဲဆရာ။ ဆရာဒီကို ရောက်လာတာ သူ တခုခု ပြောလို့ လာတာ မဟုတ်လား”
ဘေး က ဆက်ခွန် ကို ကြည့်လိုက်တော့ အောက်ကို ငုံ့နေရာကနေ မာလာ့ကို ငေးကြည့်နေတာ တွေ့လိုက်တယ်။
အနည်းငယ်ကျန်တဲ့ ဘရန်ဒီ ခွက်ကို ဆက်ကနဲ မော့လိုက်ပြီး သူတခုခုတော့ ဝင်ပြောမှ ဖြစ်တော့မယ် ဆိုတာ တွေးလိုက်မိပါတယ်။ ဆက်ခွန် ဆီကတော့ ဘာသံမှ ထပ်ထွက်မလာဘူးလေ။

“သမီး ကျွန်းကနေ ထွက်သွားတော့မယ်ဆို တဲ့ အကြောင်း ကိုဆက်ခွန် က ဆရာ့ကို လာတိုင်ပင်တယ်။ ဒါတကယ်လား သမီး။ တကယ်ဆိုရင်တော့ ဒါကို ပြန်စဉ်းစားဖို့ လာပြောရတာပဲ”

မာလာ့ဆီက ဘာသံမှ ထွက်မလာဘူး။ သူ မငြင်းဆန်ပုံကို ကြည့်ရင် ဆက်ခွန်ပြောတဲ့ တနေရာကို ထွက်သွားတော့မယ် ဆိုတဲ့ အစီအစဉ်က တကယ်ဖြစ်နေပြီပေါ့။ မိုးအေးအေးကြီးမှာ သူ စိတ်အိုက်လာပါတယ်။ ကိုယ့် အသင်းတော်ထဲက ရွာသူရွာသားတွေမို့ ခုလို လာရောက်ပေးရပေမယ့် ဒီလို ပြောရဆိုရတာမျိုးမှာ သူ့အနေနဲ့ မကျွမ်းကျင်တာ သူပဲ သိတယ်လေ။

“ကိုဆက်ခွန် က ဆရာ့ကို ဘာဆက်ပြောသွားသေးလဲ”
“ညစာပဲ ဖိတ်ပြီး သမီးနဲ့ စကားပြောပေးဖို့ အကူအညီတောင်းတာပါကွယ်။ သမီး တို့ ကြုံနေရတဲ့ အခက်အခဲတွေ ကို သမီးတို့ချင်းပဲ စကားပြောကြတာ ကောင်းမယ်ထင်တယ်။ ဆရာကတော့ အေးချမ်း တည်ငြိမ်တဲ့ ဒီအိမ်ထောင်ကို မပြိုကွဲစေချင်မိလို့ပါ”

“ဒါဆို ဆရာ ပြန်နားလို့ ရပါပြီ။ ကျွန်မ ဘယ်ကို မှ မသွားပါဘူးနော်။ ကိုဆက်ခွန် ကလည်း ဆရာ့ကို နားလည်မှု လွဲပြီး ပြောတာပါ။ ဆရာ ဘရန်ဒီ ထပ်ထည့်ဦးမလား”

အရက်ခွက်ကို မာလာ့ ဆီ ပြန်ကမ်းပေးလိုက်ရင်း ဆက်ခွန်ဘက်ကို ငဲ့ကြည့်မိတယ်။

ဆက်ခွန် က ခေါင်းကို ခါပြနေတယ်။

“ဒါဆို ကျွန်းကနေ ထွက်သွားမယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။ ဆက်ခွန် နဲ့ အိမ်ထောင်ကို ထားခဲ့တော့မယ် ဆိုတာ မဟုတ်ဘူးလို့ ဆရာမှတ်ယူလို့ ရမလား”

“မှတ်ယူလို့ ရပါတယ်ဆရာ။ ဆရာ အေးအေးဆေးဆေးသာ ပြန်နားပါတော့နော်။ ဒါလေး အချမ်းပြေ သောက်ပါဦး”

ဒုတိယမြောက် ဘရန်ဒီ ခွက်ကို သူလှမ်းယူနေချိန် ဆက်ခွန် ဆီက အသံထွက်လာတယ်။

“ဆရာ..သူညာပြောနေတာပါ။ သူ ထွက်သွားတော့မှာ ဆရာ။ ဆရာရယ် သူ့ကို ပြောပါဦး” ဆက်ခွန် ရဲ့ အသံက တိမ်ဝင်သွားတယ်။ သူငိုတော့မှာလား ငိုပဲ ငိုနေပြီလား။

“သူက မသွားပါဘူးလို့ ဆရာ့ကို ခုပဲ ကတိပေးနေပြီလေကွယ် ကိုဆက်ခွန်ရဲ့”

မာလာ့ကို ညွှန်းပြီး သူ ဖြောင့်ဖျကြည့်ပါတယ်။ ဆက်ခွန် က ခေါင်းကို တွင်တွင်ခါယမ်း နေပြီး “သူညာနေတာ သူညာနေတာ။ သူ နဲ့ ဘားနက်ဒ် နဲ့ ထွက်သွားကြတော့မယ်”

မာလာ အခြေအနေဆိုးနေပြီလို့ ထင်ခဲ့ပေမယ့် ခု သူနားမလည်နိုင်တာက ဆက်ခွန် ဖြစ်နေပါပေါ့လား။ ဆက်ခွန် ဟာ သူ့ကို မာလာ စွန့်ခွါသွားတော့မယ်ဆိုတဲ့ စိတ္တဇ ယုံကြည်မှုအမှားတွေနဲ့ စိတ်ဖိစီးနေတာများလား။
မာလာ့ အသံ ပြန်ထွက်လာတယ်။

“ဆရာအင်းဒရစ် ရှင့်။ အမြန် ပြန်လိုက်ပါတော့နော်။ ကျွန်မကို အေးအေးဆေးဆေး မထားခဲ့နိုင်ဘူးလား။ ပြန်လိုက်တော့နော်”

မာလာစိုးခင် ရဲ့ အသံတွေဟာ ဒေါသအလွန် ထွက်နေသလို တုန်ယင်နေတယ်။ ဘုရားသခင်ရေ သူဒေါသထွက်နေတာ ဆက်ခွန် ကိုမှ ဟုတ်ရဲ့လား။ သူများအိမ်တွင်းရေးကို ဝင်ပါမိတဲ့ သူ့ကို များလား။ နောက်ဆုံး လက်ကျန် ဘရန်ဒီ အနည်းငယ်ကို သူ မော့ချလိုက်တယ်။

“ကဲ ဒါဆို ဆရာ သွားမယ်ကွယ်။ မောင် နဲ့ မယ်ကို ဘုရားသခင် စောင့်ရှောက်ပါစေ”
ထလိုက်ပြီး ချွတ်ထားတဲ့ မိုးကာအင်္ကျီကို သူပြန်ဝတ်ဖို့ တိုင်ကနေ ရုတ်လိုက်တယ်။ အပြင်မှာ မိုးအနည်းငယ် စဲနေပေမယ့် ပိုမှောင် နေပြီပဲ။

“ဆရာ သူညာနေတာပါဗျာ။ ကျေးဇူးပြုပြီး သူ့ကို မသွားအောင် တားပေးပါနော်။ ကျွန်တော် ဘာမှ မတတ်နိုင်တော့လို့ပါ”
ဆက်ခွန် ကို ဘယ်လို ဖြေသိမ့်ရမလဲ။ သူ စကားပြောဖို့တော့ လိုနေတာအမှန်ပဲ။
“ဘုရားကျောင်းဝတ်ပြုတဲ့နေ့ လာခဲ့နော် ကိုဆက်ခွန်၊ မာလာနဲ့ အတူ လာခဲ့ပေါ့ကွယ်။ တို့တွေ နေ့လည်စာ တူတူစားရင်း စကားပြောလို့ရပါတယ်”
ပြောနေတဲ့ စကားတွေကိုလည်း ကြားမှကြားရဲ့လား၊ နားထောင်မှ နားထောင်နေရဲ့လား မသိဘူး။ ဆက်ခွန် ဟာ ခေါင်းကို ပဲ တွင်တွင် ခါရမ်းနေတယ်။

“သူညာတာ ဆရာရဲ့။ ကျေးဇူးပြု၍ နောက်ဖေး ခန်းကို ကြည့်ပေးပါဆရာရယ်။ သူ အကုန်လုံးကို သိမ်းနေပြီ။ မယုံရင် ဝင်ကြည့်ပေးပါနော်။ သူ သိမ်းနေပြီ။ ဆရာသွားတာနဲ့ သူသွားပါတော့မယ်”
“စိတ်ကို ထိန်းမှပေါ့ ကိုဆက်ခွန်။ ဒီမှာ သမီးကလည်း မသွားပါဘူးပြောနေပြီကွယ် တို့လည်း ပြန်သင့်ပြီ မဟုတ်လား”
“နောက်ဖေးမှာပါ ဆရာ။ နောက်ဖေးမှာ နောက်ဖေးမှာ။ ကျေးဇူးပြုပြီး ဝင်ကြည့်ပါဦး”
မာလာ့ကို သူတချက်ပြန်ကြည့်လိုက်တယ်။ ပြူးကျယ်နေတဲ့ မျက်ဝန်းအစုံနဲ့ မျက်တောင် မခတ်စတမ်း သူ့ကို ပြန်ကြည့်နေတယ်။ ဆက်ခွန် ကိုတော့ တချက်လေးတောင် စောင်းမကြည့်ဘူး။ ခက်တော့နေပါပြီ။
တိုက်အိမ်ကလေးရဲ့ နောက်ဖေးခန်းကို သူဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ နောက်ဖေး ထမင်းစားခန်းဆီ ခြေလှမ်းပြင်လိုက်တာပေါ့။

“ဆရာအင်းဒရစ် ဒါဘာလုပ်မလို့လဲ”
“ စိတ်ကျေနပ်အောင် ကြည့်ပေးမလို့ပါကွယ်”

သူနောက်ဖေးဘက်ကို လျှောက်သွားလိုက်တယ်။ နောက်တခါ ဒီကိစ္စထဲကို ဝင်မပါမိအောင် ရှောင်နေတော့ရင် ကောင်းမလားလို့ စဉ်းစားမိလိုက်သေးတယ်။ နောက်ဖေးမီးဖို ခန်းလေးကို ဝင်ကြည့်လိုက်တယ်။ မီးသီးဝါဝါကြောင့် အလင်းရောင် ဖျော့ဖျော့ပဲ ရှိတဲ့ အခန်းထဲကို သူ စောင်းကြည့်လိုက်လေရဲ့။

“ဘုရားကယ်တော်မူပါ”

ရှုပ်ပွနေတဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အထုပ်အပိုးတွေ။ ပြီးတော့ ထမင်းစားစားပွဲပေါ်မှာ လူတစ်ယောက် ခေါင်းစိုက်ပြီး မှောက်နေတယ်။ လည်ကုတ်ပေါ်မှာ ဓါးတစ်ချောင်းက စိုက်လျက်သား။ သွေးအိုင်ကြီးဟာ ထမင်းစားစားပွဲ တခုလုံးပေါ်မှာ ပြည့်နှက်နေတာပဲ။ သူရင်ထဲမှာ အော်ဂလီဆန်တက်လာတယ်။ ဆက်ခွန် နဲ့ မာလာ တို့ အိမ်က ထမင်းစားခန်းထဲမှာ ဘယ်သူက လည်ဂုတ်ကို ဓါးထိုးခံရပြီး လာမှောက်နေတာလဲ။ သေများသွားပြီလား မသိနိုင်။ သူအပြေးကလေး မှောက်နေသူကို သွားထူလိုက်တယ်။ အေးစက်နေတဲ့ ကိုယ်ခန္တာကို သူကိုင်မိတယ်။ သွေးစေးတွေဟာ ခြောက်ကပ်နေပြီ။ လူသေပဲ။ သူသေဆိုတာ သေချာတယ်။ ကမ်းခြေလုံခြုံရေးတပ်ကို ဖုန်းခေါ်ရတော့မယ်။ ဘုရားရေ ဒီကလေးတွေအိမ်မှာ ဘာတွေ ဖြစ်ခဲ့တာပါလိမ့်။ မျက်နှာကို သူမမြင်ရလို့ ဆွဲကြည့်လိုက်တယ်။

“ဟာ ဆက်ခွန်”

အေးစက်ပျော့ခွေနေတာ ဆက်ခွန် ရဲ့ အလောင်းပါလား။ ဒါဆို ခုနက ဧည့်ခန်းလေးထဲမှာ ထိုင်ပြီး စကားတွေ တတွတ်တွတ် ပြောနေခဲ့တာ ဘယ်သူလဲ။ ဘယ်သူလဲ။ မနက်ကမှ သူ့ဆီလာခဲ့တဲ့ ဆက်ခွန် ဟာ ဘာဖြစ်လို့ အေးစက်ပျော့ခွေနေတဲ့ ဓားတန်းလန်း အလောင်းကောင် ဖြစ်နေတာလဲ။

“ခွမ်း”

ခေါင်းမှာ ပူကနဲ မိုက်ကနဲ ဖြစ်သွားပြီး သူ ရှေ့ကို ငုံ့ကျသွားတယ်။ စားပွဲပေါ်ကို မှောက်အကျ အားယူပြီး ပြန်ထမှ စေးကပ်နေတဲ့ သွေးတွေကို နင်းမိရင်း ဟန်ချက်ပျက် ခြေချော်သွားရာက ထမင်းစားခန်း ကြမ်းပြင်ပေါ် ထိုင်လျက် သူ ပြန်ပြုတ်ကျတယ်။ ခေါင်းကို ပုလင်းနဲ့ အရိုက်ခံလိုက်ရတာပဲ။ မျက်မှန်ကျွတ်ကျသွားလို့ ဝေဝါးနေတဲ့ အမြင်အာရုံ ထဲမှာ နောက်ဆုံးတော့ ဘာနဲ့ ခေါင်းကို အရိုက်ခံရသလဲဆိုတာကို သူသိသွားပြီ။

ကွဲပြီး သွေးတွေ စက်လက်ဖြစ်နေတဲ့ ပုလင်းကို ကိုင်ထားတဲ့ မာလာ။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေတယ်။

“စောက်အဘိုးကြီး။ ရှင့် ဆက်ခွန် က မနေ့ကတည်းက သေနေပြီ။ ရူးကြောင်မူးကြောင်နဲ့ တစ်ယောက်တည်း စကားတွေ လာပြောနေတယ်။ စောက်ရူးထတဲ့ ကောင်းကျိုးကြောင့် ရှင့်ကိုပါ သတ်ရတော့မယ်”

“မာလာ မာလာ….မင်း…မင်း”
ဖင်ထိုင်လျက် ကြမ်းပြင်ပေါ်ကျနေတဲ့ သူ့ဆီကို မာလာက ပုလင်းကွဲနဲ့ ဆက်တိုက် လာထိုးတယ်။ ရူးသွပ်နေတဲ့ လူတစ်ယောက်ရဲ့ ခွန်အားနဲ့ တိုက်ခိုက်လာချက်တွေကို သူကြိုးစား ကာကွယ်ပါတယ်။ သူ့ရဲ့ လက်ဖျံတွေ လက်မောင်းတွေမှာ ပုလင်းကွဲ ထိုးမိလို့ ရှတဲ့ ဒဏ်ရာတွေကြောင့် သွေးချင်းချင်းရဲ ထွက်လာတယ်။ ခေါင်းကလည်း သွေးထွက်လွန် နေလို့ သူ မူးနောက်လာနေပြီ။ သူလူသတ်ထားတာကို မိသွားတာမို့ မာလာ က အလွတ်ပေးတော့မယ့် ပုံမပေါ်ဘူး။ ခုဆို လည်ပင်းအောက်နားကိုလည်း ဖန်ပုလင်းနဲ့ ထိုးမိထားသေးတယ်။

သူဟာ နောက်ဆုံးလက်ကျန်အားကို သုံးပြီး မာလာ့ရဲ့ ဖန်ပုလင်းကွဲကို ဆုပ်ကိုင် ဖမ်းလိုက်တယ်။ ဖန်စတွေဟာ သူ့လက်အစုံကို ထိုးစိုက် ရှဝင် လို့ပေါ့။ ခေါင်းမှာ ဒဏ်ရာရရထားတာရော၊ လည်ပင်းက သွေးတွေ ထွက်နေတာရောကြောင့် မူးနောက်နေတဲ့ ကြားက အသက်ဘေးကို ခုခံပေးဖို့ နောက်ဆုံးအားကို ထုတ်ပြီး သရဲသဘက်လို သူ့ကို တိုက်ခိုက်နေတဲ့ မာလာ့ကို ပြန်ဆောင့်တွန်းလိုက်တယ်။ ဖန်ပုလင်းကွဲကြီး အကြီးကြီး က သူ့လက်မှာ စိုက်လျက်သား ပါလာတယ်။ မာလာလည်း နောက်ကို ပြန်လဲကျသွားတယ်။ မာလာ ချက်ခြင်း ပြန်မထ နိုင်တာကို အခွင့်ကောင်းယူပြီး သူ့အနေနဲ့ ပြန်ထပြေးရတာပဲ။ သွေးတွေအများကြီးထွက်ထားတာရော၊ အသက်အရွယ်ကြောင့်ရော သူဟာ လိုအပ်သလောက် မြန်မြန် မပြေးနိုင်ပါဘူး။ ယိုင်ထိုးထိုး နဲ့ အိမ်ရှေ့ ဧည့်ခန်း ဆီကို ပြန်ရောက်လာခဲ့ပြီ။

ဧည့်ခန်းထဲမှာ မျက်နှာသေနဲ့ ထိုင်နေတဲ့ ဆက်ခွန် ကို တွေ့လိုက်ရတယ်။

“ တွေ့လား။ ညာနေတာပါ ဆရာ”

သူဟာ ဆက်ခွန် သရဲကို တချက်ကျိန်ဆဲလိုက်ပြီး ယိုင်ထိုးထိုးနဲ့ တံခါးဆီကို ရောက်အောင်ပြေးရတယ်။ လူသတ်သမား အရူးမနဲ့ လွတ်ရာကို ပြေးနိုင်မှ အသက်ရှင်ရမှာ မဟုတ်လား။ နောက်ဖေးခန်းထဲ က မာလာ တညည်းညည်းတညူညူ နဲ့ ပြန်ထလာသံကို ကြားလိုက်ရတယ်။ ဆက်ခွန် အလောင်းကောင်ဆီက ဓါးကို ဆွဲနူတ်လိုက်သံ ပေါ်လာတယ်။

“သေပေတော့ စောက်ရူး အဖိုးကြီး” ဆိုတဲ့ ကြိမ်းဝါးသံနဲ့အတူ မာလာ ရှေ့ကို လိုက်လာတယ်။

သူဟာ ဆက်ခွန် ရဲ့ တိုက်အိမ် ပင်မ သစ်သားတံခါးကို မင်းတုပ်ဖြုတ်ပြီး အပြင်ကို ထွက်ဖို့ ပြင်လိုက်တယ်။ တံခါးဖွင့် လိုက်ချိန်မှာ မိုးရေထဲက ပုံရိပ်တစ်ခုကို ဝိုးတဝါးမြင်လိုက်ရပေရဲ့။
တံခါး ဝမှာ အိမ်ဘက်ကို ဝင်ဖို့ လာနေတဲ့ ဘားနက်ဒ်။ လက်ထဲမှာ အထုပ်တွေ အပိုးတွေနဲ့ တနေရာရာကို ထွက်သွားတော့မယ့်ပုံနဲ့ပဲ။ သွေးအလိမ်းလိမ်းနဲ့ အိမ်ထဲကနေ ထွက်ပြေးလာတဲ့ တရားဟောဆရာ ကို ကြောင်ကြည့်နေတယ်။ နောက်မှာတော့ ဓါးကြီးကိုင်ပြီး လိုက်လာတဲ့ မာလာ။
ဂျိမ်းကနဲ အသံနဲ့အတူ လျှပ်စီးလက်လိုက်တာ အနီးဝန်းကျင် တစ်ချက် လင်းထိန်သွားတော့တယ်လေ။ ပြီးတော့ အမှောင်အတိုင်း ပြန်ဖြစ်သွားတာပဲ။

#သံလွင်မြင့်
#ဝတ်ထုတို

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့