ရွှေကူမေနှင်း
မောင်ဝဏ္ဏ
“လူ ဆိုတာ.. တစ်နေ့နေ့မှာ “ဒိုး” ရမှာပဲဗျ။ ဒီတော့ အခု ဒါနဲ့ ဒိုးလည်း ဒိုးပေါ့ဗျာ.. ”
ဒီစကားကို အလေးအနက် အတည်ပြောခဲ့သူကတော့ မောင်ဝဏ္ဏ ပါ။ သူ ကင်ဆာဆေး သောက်နေရတဲ့အချိန် ဆေးတွေကို လှမ်းကြည့်ရင်း ပြောတာ ဖြစ်ပါတယ်။ ပြီးတော့ သူက ထပ်ပြောတယ်။ “အဲဒီ ဆေးတွေဟာ တီဘီဆေး မဟုတ်မှန်း ကျုပ်သိတာပေါ့” တဲ့။ သူ့အိမ်သားတွေက ကင်ဆာ လို့ အသိမပေးချင်လို့ တီဘီ ဆိုပြီး ညာထားခဲ့တာ ထင်တယ်။ ဒါပေမဲ့ သူက လူပါးပဲဟာ။ သူသိတယ် တဲ့။ ကင်ဆာ နဲ့ သေရမှာ ကိုလည်း သူ မကြောက်ဘူး တဲ့။ “ဒါနဲ့ ဒိုးလည်း ဒိုးပေါ့ဗျာ.. “ တဲ့လေ။
ဆရာ သာဓု ရဲ့ သားတွေထဲမှာ သုမောင် ကို ခေတ်ဟောင်း သီချင်းတွေ ပြန်ဆိုတာ ကောင်းလွန်းလို့ ကြိုက်တယ်။ မင်းလူ ကို သရော်စာ အရေးကောင်းလို့ ကြိုက်တယ်။ မောင်ဝဏ္ဏ ကိုတော့ ရိုးလွန်းလို့ ခင်တာပါ။
သူ့ကို.. မြင်းခြံပွဲအပြန် ရထားပေါ် ရေအိမ်သုံးခဲ့တဲ့ ရေအိုးကို လှလို့ ယူသွားပါလား ပြောတာ၊ သူက အမြတ်တနိုး သယ်သွားခဲ့တယ်။ ကျွန်မတို့က ကျိတ်ပြီး ရယ်ကြတယ်။ သူက မသိရှာဘူး။ သူ ရိုးပုံရိုးနည်း က သိပ်ရိုးတယ် ဆိုတဲ့ ရွှေကူသူ ကျွန်မ ထက်တောင် ပိုရိုးသေးတယ် လို့ ဆိုနိုင်မယ် ထင်တယ်။
သူနဲ့ ကျွန်မ ၁၅-ရက်လုံးလုံး စာပေညီလာခံ ရန်ပုံငွေ အတွက် ဟောပြောပွဲ သွားခဲ့ရဖူးတယ်။ တခြားမြို့မှာ တခြားစာရေးဆရာတွေနဲ့ ဆုံပြီး ပေါင်းရတာလည်း ရှိတယ်။ သူနဲ့ ကျွန်မကတော့ အတူတူပဲ ။
အဲ့ဒီခေတ်က ဟောပြောပွဲစနစ်မှာ “ဉာဏ်ပူဇော်ခငွေ” မပေးပါ။ နယ်ခံကဖိတ်လို့ ဖြစ်ဖြစ်၊ ဗဟို က လွှတ်လို့ဖြစ်ဖြစ်၊ ကျွန်မတို့ ပျော်ပျော်ပါးပါး လိုက်ကြတယ်။ ခရီးကြိုတယ်။ ပြန်ပို့တယ်။ လက်ဆောင်ပေးတယ်။ ဒီမျှပဲ ။လက်ဆောင်က ဆိုရင် အများအားဖြင့် ဒေသထွက်ပေါ့။ ဖျာပုံဆို ပုစွန်ခြောက်၊ မကွေးဆို ကတ်ကြေး။ အများအားဖြင့်က.. ဆရာမတွေဆိုရင် ထဘီ(ရခိုင်ချိတ်။ ဒါမှမဟုတ် ပါတိတ်။) ဆရာတွေကိုတော့ ပုဆိုးပဲ။ ဒီတော့ ဆရာ ဆရာမတွေ.. ပုဆိုး၊ထဘီ မဝယ်ရပါ။ ပိုလို့ ပေးပစ်ရသေးတယ်။
မောင်ဝဏ္ဏ နဲ့ ၁၅-ရက်သွားတော့၊ မြို့တိုင်းက သူ့ကို ပုဆိုးပေး၊ ကျွန်မကို ထဘီပေးပေါ့လေ။ ဒီနေရာမှာ သူရော ကျွန်မပါ အိမ်ထောင်ရှင်တွေ ဆိုတော့ အိမ်ပြန်တဲ့အခါ ကိုယ့်အိမ်သားကို မျက်နှာလုပ်ဖို့ သူက သူ့ဇနီး အတွက် ထဘီ လိုချင်သလို ၊ ကျွန်မကလဲ ခင်ပွန်းနဲ့သားတွက် “ပုဆိုး” လိုချင်တယ်လေ။ ဒီတော့ တစ်ပွဲပြီး တိုင်း သူနဲ့ ကျွန်မတို့ ပုဆိုး နဲ့ ထဘီ “လဲ” ပြပါတယ်။ ပျော်လို့ပါပဲ။
အဲဒီခရီးမှာ.. မြင်းခြံ ရောက်တဲ့အခါ၊ ဆရာတည်ကြည် နဲ့ ကိုမြတ်ဆွေ ရောက်လာပြီး ပေါင်းတယ်။ ဟောကြတယ်။ မြင်းခြံက ဆင်ခြောက်ကောင် ဖိနပ် နာမယ်ကြီးတယ်လေ။ ကျွန်မတို့ကို ဒေသထွက် “ဖိနပ်” တွေ လက်ဆောင်ပေးတာပေါ့။ ဒီအခါ.. တည်းခိုဆောင် ရောက်တယ်ဆိုရင်ပဲ မောင်ဝဏ္ဏ နဲ့ ကျွန်မက.. “ဖိနပ်” လဲကြတာ ပေါ့။ သူက ကျားစီး ကျွန်မက “မ စီး” ရထားတာ ကိုး။
အဲ့သလို “လဲ” ကြတာကို မြတ်ဆွေက မြင်လည်း မြင်ရော.. “ဟာ.. ကိုဝဏ္ဏ ယောက်ျားစီးက ဈေးကြီးတယ် ဗျ။ မိန်းမစီးက ဈေးနည်းတယ် ခင်ဗျား နာတာပေါ့ “ လို့ ရန်တိုက်တော့တာပါ။ ( ကိုမြတ်ဆွေက.. ရန်ကုန်မှာ ဖိနပ်ဆိုင် ဖွင့်ထားတာကိုး)။ အဲ့သလိုလည်း ပြောရော.. ကိုဝဏ္ဏ တစ်ယောက် မျက်လုံးကြီးပြူး ပြီး .. “ဟာ.. ဟုတ်လား။ ဒါဆို.. မနှင်း.. ခင်ဗျား ကျုပ်ကို “အလိုက်” ထပ်ပေးရမယ်” လို့ လုပ်ပါလေရော..။ (သူက .. ဟာသ လုပ်တာ။)
ကျွန်မလည်း ဒီအတိုင်း ဘယ်နေမလဲ။ စိတ်ဆိုးချင်ယောင်ဆောင်ပြီး.. “ဟင်.. မြတ်ဆွေ.. ငါတို့ တစ်လမ်းလုံး ပစ္စည်းချင်း လဲခဲ့ကြတာ အဆင်ပြေလို့၊ နင် ရောက်လာမှ.. အလိုက် တောင်းနေပြီ၊ နင်.. သေပေတော့.. “ ဆိုပြီး မြတ်ဆွေကို လိုက်ရိုက်တာ။ မြတ်ဆွေက ပြေး။ ကိုဝဏ္ဏ က ရယ်လိုက်တာ..။
ကဲ.. ကျွန်မတို့ သူငယ်ချင်းတွေ.. ချစ်ကြပုံလေ..။ မောင်ဝဏ္ဏ ဟာ.. နားလေးရှာပါတယ်။ တော်ရုံ ပြောရင် မကြားရှာပါဘူး။ နားလေး သလောက် မျက်စိ လျင်ပြီး၊ လူပုံ ရိုးသလောက် ဟာသ ကျ သန်ပါတယ်။ အတည်ပေါက် နဲ့ နောက်တတ်တယ်။
တစ်ခါမှာ.. ကျွန်မက ကားလမ်း (မဟာဗန္ဓုလလမ်း) ထဲ ဝင်လာတယ်။ ကျွန်မ နေ့ခင်းဘက် စာရေးတဲ့ စီးတီးစတား ဟိုတယ် ဆီ သွားတာပါ။ လမ်းဘေး မှာက ကားလေးတွေ ရပ်ထားကြတာမှာ၊ ကားတစ်စီးရဲ့ ရှေ့ခန်းတံခါး ဖွင့်ထားတာ မြင်ရတယ်။ ဒရိုင်ဘာခုံ မှာက မောင်ဝဏ္ဏ။ ကျွန်မက အဝေးကနေ လှမ်းမြင်လိုက်တာမို့၊ သူ့ကို နှုတ်ဆက်ဖို့ သူ့ကားဆီ သွားလိုက်တယ်။ သူက ကားတံခါး ဖွင့်ပြီး ရှေ့က မြေကြီးကို ငုံ့ ကြည့်နေတယ်။ တစ်ခုခုကို ရှာနေတဲ့ပုံပါ။ ကျွန်မ သူ့အနား ရောက်သွားတော့ ကျွန်မကို မော့ကြည့်တယ်။ တပြိုင်နက်တည်းမှာပဲ သူ့လက်ထဲက ဖလက်ရှ် ကင်မရာ ကို ပြရင်း.. “မနှင်း.. ခင်ဗျားကို လှမ်းမြင်လို့ ကျုပ်က ဓါတ်ပုံ လှမ်းရိုက်တာ။ အဲ့ဒါ ခင်ဗျားရဲ့ အလှ ကြောင့်.. ကျုပ် ကင်မရာ မှန်ဘီလူး မခံနိုင်ဘဲ လွင့်ကျသွားတယ်။ လျော်ပေး.. “ တဲ့ ။
ကျွန်မက အဟုတ်မှတ်ပြီး သူကြည့်ခဲ့တဲ့ မြေပြင်ပေါ်ကို ငုံ့ ကြည့်ပြီး ရှာပါတယ်။ နောက်တော့ သူ့မျက်နှာ ခပ်ဖြီးဖြီးကြီး ကို မြင်ရမှ.. သူ နောက်နေမှန်း သိရပါတော့တယ်။ မောင်ဝဏ္ဏ ဆိုတာ အဲ့သလို.. ခပ်တည်တည် ဟာသ လုပ်တတ်သူပါ။ သူ ရိုးတယ် ဆိုပေမဲ့.. ဒီနေရာမှာတော့ ကျွန်မက သူ့ထက် “အ”သွားပြန်ရော။
ခုလို မောင်ဝဏ္ဏ ထက် ကျွန်မက ပိုပြီး အ,တယ် ဆိုပေမဲ့ သူ့ကို လူလည်ကျ ခဲ့ရတဲ့ အခါလည်း ရှိခဲ့တယ်။ သူ့ ခမျာ.. သူ့ကို ကျွန်မ လူလည်ကျ ခဲ့တာကို မသိလေခြင်း ဆိုပြီး သနားလည်း သနားမိပါရဲ့။ သူ ဆုံးသွားတဲ့အထိ သူ သိမသွားခဲ့ဘူး။ ကျွန်မလည်း ဖွင့်မပြောခဲ့ မိဘူး။ ကျိုင်းတုံ ပွဲမှာ တုန်းကပါ။ ကျိုင်းတုံ ဆိုတာ ရှမ်းအရှေ့၊ တာချီလိတ် နဲ့ လမ်းသာ လို့ ထိုင်းပစ္စည်း ပေါပါတယ်။ တရားဝင် ပစ္စည်းသွင်းခွင့် မရှိတာတွေ၊ ထိုင်း မှောင်ခိုပစ္စည်းတွေ ကျိုင်းတုံမှာ ပေါတယ်။ ကျိုင်းတုံ ကနေ ရန်ကုန်ကို လေယာဉ် ရှိပေမဲ့၊ ပစ္စည်း သယ်ဖို့ မလွယ်ပါ။ ကျွန်မ တို့လည်း ရောက်တုန်း ရောက်ခိုက် မှောင်ခိုပစ္စည်းတွေ သယ်ကြမယ်ပေါ့။
ကျွန်မ လူလည်ကျပုံက.. ဟောပြောပွဲ စားရိတ်နဲ့ ကျိုင်းတုံ ရောက်တုန်း၊ ဘာပစ္စည်း သယ်ရောင်းရင် မြတ်မလဲ. လို့ ကြံစည်ရတယ်။ အဲဒီတုန်းက ရန်ကုန် မှောင်ခိုဈေးက “စိန်ဂျွန်းဈေး”ပါ။ (အခု.. စီးတီးမောလ်..)။
ဈေးမှာ ဈေးသည် အသိကို စုံစမ်းရတယ်။ ဒါမှ ပြန်လာရင် တန်းပြီး “သွင်း”ရ လွယ်အောင် ဆိုပါတော့။ ဒီအခါ.. ဈေးသည်က “ချိုမှုန့် သယ်လာဖို့ ပြောတယ်။ ပါလာသမျှ ယူမယ်တဲ့။ သူ ယူမယ့် ဈေးပါ ပြောလိုက်တယ်။
ဟုတ်ပြီ။ ကျိုင်းတုံဈေး မှာ ချိုမှုန့်ဈေး မေးတော့၊ အားပါးပါး တအားကြီး မြတ်မယ်လေ။ ဒီတော့ ကျွန်မလည်း ချိုမှုန့် အထုပ်ကြီးတွေ အများကြီး ဝယ်ဖြစ်တယ်။ ဆာလာအိတ် နဲ့ ထည့်ယူရရော။ တခြား အဝတ်အထည် တွေလည်း ဈေးတော်လွန်းလို့ ပိုက်ဆံပါသမျှ အကုန် ဝယ်လိုက်တယ်။ ကိုက်ပြီပေါ့။
ကျွန်မ အထုပ်အပိုးတွေ များလို့ အဖွဲ့ခေါင်းဆောင် စာပေလုပ်သား ဥက္ကဌ ဦးခင်မောင်အေး (မန္တလေး) လာတောင် “စမာတွေ..” လို့ နောက်နေတယ်။ စမာ.. ဆိုတာ “စမာဂလာ” မှောင်ခိုရောင်းသမား ကို ပြောတာ။ (သူက နောက်ပေမဲ့၊ ကိုယ်က တကယ်ဖြစ်နေတာ.. သူ မသိ။) အဲ့ဒီလိုနဲ့ ပြန်မယ့်နေ့ လေယာဉ်ကွင်း ဆင်းကြရော။ လေယာဉ်ကွင်းကျတော့ မြို့ခံ ဆရာမက.. တိုးတိုး ပြောလာတယ်။ “ဟောဟိုက .. လူတွေဆီမှာ ကျွတ်ကျွတ်အိတ် အထုပ်တွေ မြင်လား၊ အဲဒီ အိတ်ကလေးတွေ.. ဆရာမ ကိုင်သွားပြီး လေယာဉ် အရှေ့ပေါက်ကို ပေးလိုက်ရုံပဲ။ တစ်ထုပ်ကို ၁၀၀ ရမယ် “ တဲ့။ ( အဲ့ဒီခေတ်က ၁၀၀ဟာ.. ခုကာလ ၁-သိန်း )
ကျွန်မလည်း လောဘ တက်ပြီး ကျွတ်ကျွတ်အိတ်တွေ မနိုင်မနင်း သယ်တယ်။ ဘာဖြစ်လဲ.. လေယာဉ်နားနီးရင် အရှေ့ပေါက် လက်ကမ်းလိုက်ရုံပဲလေ။ ပိုက်ဆံကိုလည်း ပစ္စည်းပေးသူက ချက်ခြင်းပေးတာ။
အဲ့သလို.. ကျွန်မတစ်ယောက် မနိုင်မနင်း၊ တိုးလို့တွဲလွဲ လျှောက်တော့၊ လူရိုးကြီး မောင်ဝဏ္ဏ က ဘာလုပ်လဲ။ “ခင်ဗျားကလဲဗျာ.. ပေး.. ကျုပ် ဝိုင်းသယ်မယ်.. “ တဲ့။ သူ့ကို ၂ထုပ် ပေးလိုက်ရော။ ( ပိုက်ဆံက ကိုယ် ယူပြီးပြီ )
သူ့ခမျာ.. ကျွန်မ “ကယ်ရီ” လုပ်တာ မသိရှာလေ။ နောက်ပိုင်းလည်း.. အဲ့ဒီ ကိစ္စ ပြောမပြဖြစ်ပါ။ သူ.. ဆုံးသွားတဲ့ အထိ မသိသွား ရှာဘူး။
ဆရာ သုမောင် ဆုံးတော့ သူတို့ခြံ သွားရတယ်။ သူ့အိမ် ကို အရင် ဝင်ရတယ်။ သူ့ဇနီး မချိုက မျက်ရိပ် ပြတယ်။ ကိုဝဏ္ဏကို အသိမပေးသေးဘူး တဲ့။ သူ ကင်ဆာ ဖြစ်နေတာ ကိုလည်း မသိစေဘူး တဲ့။ ကျွန်မလည်း သူ့ကို ကျွန်မ ထုတ်ဝေခါစ စာအုပ် “ငါတို့ခေတ်က တက္ကသိုလ်” ကို ရိုးရိုး မပေးဘဲ “ဟေ့.. ကိုဝဏ္ဏ တက္ကသိုလ် နောက်ခံ ဝတ္ထု ဆိုတာ ဒါမျိုးကွ“ လို့ သူ့ ပုခုံးကို စာအုပ်နဲ့ ရိုက်ပြီး ပြောလိုက်တယ်။ ဘာ မှမဖြစ်ဟန်ဆောင်လိုက်တာ။
အဲ့ဒီနေ့ဟာ.. နောက်ဆုံးပါ။
၂၄-၈-၂၀၂၄
#ရွှေကူမေနှင်း
Keep Reading