သံလွင် မြင့်
ဂျိုဆောင်ပြည် ဒဏ္ဍာရီ
(ကိုရီးယားရိုးရာပုံပြင်)
အာရှတိုက်က နှင်းတွေနဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ တောင်ကြီးတွေကို တချိန်တုန်းက အင်အားကြီးမားတဲ့ ဘုရင်ကြီး တစ်ဦးက အုပ်စိုးသတဲ့။ သူ့မှာ လှလွန်းတဲ့ နန်းတော်တစ်ဆောင်ရှိတယ်။ သူစေလိုရာကိုစေပေးကြမယ့် နန်းတွင်းသူ နန်းတွင်းသားတွေ ရှိကြတယ်။
သူတို့ထဲက နန်းတွင်းသူ မိန်းမပျိုလေးတစ်ဦးဟာ ဆိုရင် တောင်ပိုင်းသူပေါ့။ သူဟာ နန်းတော်ကြမ်းပြင်ကို ပြောင်လက်နေအောင် နေ့တိုင်း ကြမ်းတိုက်တယ်။ မင်းကြီးရဲ့ စားတော်ပွဲအတွက် ဟင်းသီးဟင်းရွက်တွေ လှီးချွတ်ပေးရတယ်။
ဒါပေမဲ့လေ ညနေစောင်းပြီဆိုရင် နန်းတွင်းသူ မိန်းမပျိုဟာ မွေးရပ်ဌာနေရှိရာဘက်က နှင်းတောင်ကြီးတွေဆီကို ထိုင်ငေးမောနေတတ်တယ်။
“မြစ်ကြီး မြစ်ဖျားခံရာ တောင်စောင်းဆီက နဂါးရေထွက်ကန်တွေကို လွမ်းလိုက်တာလေ” သူက နေဝင်တာကို ကြည့်ပြီး သက်ပြင်းချတယ်။
“သားကလေးတစ်ယောက်လိုချင်လိုက်တာ။ သားကလေးများ ရခဲ့ရင် ငါ့သားဟာ တစ်နေ့မှာ မြစ်ရေ ရောက်ရှိသမျှ နယ်မြေ အားလုံး ကို အုပ်စိုးနိုင်သူ ဖြစ်ပါစေ” သူမ က ဒီလိုပဲ ဆုတောင်းလိုက်ပါတယ်။ သူ့ရဲ့ ဆုတောင်းသံကို မိုးကောင်းကင်က ကြားသွားတယ် ထင်ပါရဲ့။ တောင်တန်းတွေဘက်ကနေ မိုးတိမ်တစ်ခု တက်လာတာကို တွေ့လိုက်ရတယ်။
တိမ်တိုက်ဟာ ကောင်းကင်ကို ဖြတ်ပြီး လွင့်မျော လာခဲ့တယ်။ တဖြည်းဖြည်း သူ့ဆီကို နီးသည်ထက် နီးလာရဲ့။ နန်းတွင်းသူ မိန်းကလေးရဲ့ မျက်နှာကို တိမ်ခိုးတွေက ထိလုလု ရယ်လေ။ ပြီးတော့ အဲဒီ တိမ်တွေ ပျောက်ကွယ် သွားတာပဲ။
“ ထူးဆန်းလှချေလားကွယ်” လို့ သူက တွေးလိုက်ပါတယ်။ ဆုတောင်းလိုက်ပြီးတဲ့ နောက်မှာ နန်းတွင်းသူဟာ သားကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ရတယ်တဲ့။ ကိုယ်ဝန်ဆောင် မိန်းကလေးကို နန်းတွင်း အလုပ်သမားအဖြစ် မကြည်ဖြူကြဘူးတဲ့လေ။ ၉ လ လောက်ကြာမြင့်တဲ့အခါ နန်းတွင်းသူ အမျိုးသမီး ဟာ သားကလေးတစ်ယောက် ရလေရဲ့။ နန်းတွင်းက အလုပ်သမား တွေ ခုလို ကလေးရတာကို ဘုရင်ကြီးက မကြိုက်ဘူးတဲ့။
“ငါ့နန်းတော်ထဲမှာ ကလေးတွေအတွက် နေရာမရှိဘူးကွ” လို့ ပြောလိုက်တယ်။
“နင်တို့သားအမိဟာ နန်းတော် မြင်းဇောင်းရဲ့ အပေါ်မှာ သွားနေရမယ်” လို့ အမိန့်ပေးလိုက်တယ်။
မြင်းတွေထားတဲ့နေရာ အပေါ်က အခန်းတွေ က အတော်လေး နံပါတယ်။ မြင်းတွေရဲ့ ဟီသံကြောင့် မိခင် နဲ့ ကလေးဟာ ညဘက်တွေဆို မအိပ်ရဘူး။ ဒါပေမဲ့ ကောင်ကလေးဟာ ကြင်နာသဘောကောင်းပြီး ပျော်ရွှင်စွာ နေတတ်ပါတယ်။ သူအရွယ်ရောက်တဲ့အခါ မြင်းတွေကို ကူညီစောင့်ရှောက်ပေးတယ်။
မြင်းတွေကို သန့်ရှင်းရေးလုပ်ပေးတယ်။ အစာကျွေးတယ်။ ငယ်ရွယ်တဲ့ မြင်းပေါက်ကလေးတွေကို ကူညီ လေ့ကျင့်ပေးတယ်။ ဘုရင်ကြီးက ဒါမျိုးကြတော့ သိပ်ကို ကျေနပ်နေသတဲ့။
“သင့်ရဲ့သားက မြင်းတွေကို သေသေချာချာလေး ပြုစုတတ်တယ်” လို့ ဘုရင်ကြီးက မိခင်ဖြစ်သူကို ပြောသတဲ့။
“သူ့ကို မြင်းစောင်းရဲ့ မြင်းထိန်းတော်အဖြစ် ငါကိုယ်တော် ခန့်အပ်တယ်။ ငါ့ရဲ့သား မင်းသားတွေနဲ့အတူ ပညာသင်ခွင့်ပြုတယ်” လို့လည်း အခွင့်အရေး ပေးလိုက်သတဲ့။
ခုဆိုရင် နန်းတွင်းသူ အစေခံရဲ့ သားဟာ စာရေးနည်းသင်ရတယ်။ ပန်းချီဆွဲတာ သင်ရတယ်။ ကဗျာစာပေ သင်ရတယ်။ မြားပစ်သင်ရတယ်။ ဒီပညာရပ်တွေထဲကမှ ကောင်ကလေးဟာ လေးမြှားအတတ်ပညာမှာ ထူးချွန် သတဲ့။ ဒါပေမဲ့သူဟာ သက်ရှိ သတ္တဝါကို လုံးဝမပစ်ဘူးတဲ့။ ပစ်မှတ်တွေကိုပဲ ချိန်ပစ်တတ်တာပေါ့။
ဒီလိုနဲ့ ကောင်ကလေးဟာ ကြီးပြင်းလာခဲ့ပါတယ်။ နန်းတွင်းမှာလည်း လူချစ်လူခင်များလာတယ်။ သူ့ရဲ့နွေးထွေး ပျူငှာမှုကြောင့် နန်းတွင်းမှာ “အရှေ့အရပ်ကအလင်းရောင်” လို့ ခေါ်ကြတယ်။ တခါတလေဆိုရင် ဘုရင်နဲ့ မူးမတ်တွေ မြင်းစီးထွက်ရင် သူလည်း လိုက်ရတယ်။ ဘုရင်က သူ့ရဲ့ မြင်းထိန်းဖြစ်သူရဲ့ မြင်းရေးနဲ့ မြှားရေး ကျွမ်းကျင်ပုံကို ချီးကျူးတာပေါ့။
ဒီလိုဆိုတော့ ဘုရင့်သား မင်းညီမင်းသားတွေက အရှေ့အရပ်ကအလင်းရောင်အပေါ် မနာလို ဖြစ်ကြတာပေါ့။
“တို့ရဲ့ အဖေက ဟိုအကောင့်ကို ငါတို့ထက် ပိုပြီး သဘောကျနေတယ်” လို့ တီးတိုးပြောကြတာပဲ။ အဆိုးဆုံးကတော့ ဘုရင့်သား အကြီးဆုံး အိမ်ရှေ့မင်းသားပါ။ မြင်းထိန်းစစ်သည်တော်ရဲ့ လေးမြှားနဲ့ လူထု ချစ်ခင်မှုကို သူဟာ အမြဲတမ်း မနာလို ဖြစ်နေတယ်။
နှစ်တွေ အများကြီး ကြာမြင့်လာတဲ့အခါ ဘုရင်ကြီးလည်း အိုမင်းလာပြီး ထီးနန်းကို သူ့ရဲ့ သားအကြီးဆုံးဆီကို လွှဲအပ်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ မြင်းသည်တော် “အရှေ့အရပ်ကအလင်းရောင်” ဆီကို မိခင်ဖြစ်သူ ရောက်လာရဲ့။
“မင်းကြီး အသစ်က ငါ့သားကို မနာလိုနေတာကွယ်။ သူက မင်းကို ဖမ်းဆီးရှင်းလင်းလိမ့်မယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်နေတယ်” လို့ စိတ်ပူနေတဲ့ မအေကြီး က တီးတိုး ပြောရှာရဲ့။ “ထွက်သာပြေးတော့ ငါ့သားရယ်” လို့လည်း ဆက်ပြောတယ်။ “အရှေ့အရပ်က အလင်းရောင်” ဟာ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သုံးဦးကို လှမ်းခေါ်လိုက်တယ်။
သူတို့ဟာ မြင်းတွေကို ပြင်လိုက်ပြီး နန်းတော်ထဲကနေ ခပ်မြန်မြန်လေး ဒုန်းစိုင်းထွက်သွားကြပါရောတဲ့လေ။
“တို့ဘယ်ကို သွားကြမလဲ” သူ့ အဖော်တစ်ယောက်က မေးတယ်။
“တောင်အရပ်ကို သွားကြမယ်ကွာ” အရှေ့အရပ်ကအလင်းရောင် ဟာ ပြတ်သားစွာ ပြောလိုက်တယ်။
“ငါ့အမေရဲ့ မွေးရပ်ဇာတိကို မြင်ချင်တယ်”
သူတို့ဟာ တောအရပ်ကို ဖြတ်သန်း မြင်းစီးလာကြရင်းနဲ့ သူတို့အနောက် အဝေးမှာ ဖုန်လုံးတွေ တက်လာတာကို မြင်လိုက်ကြတယ်။
နေရောင်ကြောင့် သံခမောက်တွေကနေ အရောင်တွေလက်နေပြီး ချွန်ထက်နေတဲ့ လှံဖျားတွေကိုလည်း တွေ့လိုက် ရတယ်။
“ဘုရင့်စစ်သားတွေ တို့နောက်ကို လိုက်နေပါလား” အရှေ့အရပ်ကအလင်းရောင် ရဲ့ မိတ်ဆွေတစ်ဦးက ရေရွတ်လိုက်တယ်။ သူတို့ဟာ ရှေ့ကို ဆက်ပြီး မြင်းဒုန်းစိုင်း သွားကြရာက တဖြည်းဖြည်းနဲ့ မြစ်ဆီကို ရောက်သွားပြီး ရှေ့ဆက်သွားမရ ဖြစ်တော့တယ်။
“တံတားလည်း မရှိပါလားကွာ” လို့ တစ်ယောက်က ပြောတယ်။ “မြစ်ကိုဖြတ်သွားဖို့ကလည်း ရေက အတော်နက်မယ်”
အရှေ့အရပ်က အလင်းရောင် ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူ့မျက်နှာပေါ်ကျရောက်လာတဲ့ နေရောင်ရဲ့ နွေးထွေးမှုကို ခံစားမိလိုက်တယ်။ သူဘာလုပ်ရမယ်ဆိုတာကို ပြောနေတဲ့ အသံတစ်ခုကိုလည်း ခေါင်းထဲမှာ သူကြားနေရတယ်။ သူဟာ မြားကျည်တောက် ထဲက မြားတံတွေ တစ်ချောင်းပြီး တစ်ချောင်းယူပြီး မြစ်ထဲကို ပစ်ထည့်တော့တာပဲ။ မြားတံတွေဟာ မြစ်ထဲကို ဆင်းသက်သွားလိုက်တာ ရေဂယက်လေးတောင် မထဘူးတဲ့။
“မင်း ဘာလုပ်တာလဲကွာ” လို့ မိတ်ဆွေ တစ်ဦးက မေးလိုက်တယ်။
“ငါတို့ကို ဘုရင့်စစ်သားတွေက တိုက်ခိုက်တော့မယ်လေကွာ။ မင်းက မြားတံတွေကို အလကား လွှင့်ပစ်လိုက်ရသလား” နောက်တစ်ဦးက မေးသေးတယ်။
အရှေ့အရပ်က အလင်းရောင် ဟာ ဘာမှ ပြန်မဖြေပါဘူး။ ချက်ခြင်းဆိုသလိုပဲ မြစ်ရေဟာ ထကြွလှုပ်ရှား လာပါတယ်။ မြစ်ထဲက ရေသတ္တဝါမျိုးစုံဟာ ရေမျက်နှာပြင်ပေါ်မှာ ပေါ်လာပါတယ်။ သူတို့ရဲ့ ကိုယ်ခန္တာတွေ စုပေါင်းပြီး တံတားတစ်စင်း ဖွဲ့စည်းတည်ဆောက်လိုက်ရဲ့။ ငါးတွေ ခင်းထားတဲ့ တံတားပေါ်ကနေ အရှေ့အလင်းရောင် ဟာ ဖြတ်သန်းမြင်းစီးသွားသတဲ့။ သူ့မိတ်ဆွေတွေဟာ ဘာဖြစ်လို့ ဖြစ်နေမှန်း စဉ်းစားလို့ မရဘူးလေ။ သူတို့လည်း ငါးတံတားပေါ်ကနေ လိုက်ပြီး ဖြတ်ရတာပဲ။
မြင်းစီးသမားလေးယောက်သား တစ်ဖက်ကမ်းကို ရောက်သွားတဲ့အခါ ဘုရင့်စစ်သားတွေ ဟိုဘက်ကမ်းကို ရောက်လာတာကို လှမ်းမြင်လိုက်ရတယ်။ စစ်သားတွေဟာ ရေနက်ပိုင်းကို ငါးတွေ ပြန်ကူးပြီး ပျောက်ကွယ်သွား တဲ့ သက်ရှိ တံတားကြီးကို မြင်လိုက်ရတာမို့ အံ့ဩနေကြတာပေါ့။ စစ်သားတွေဟာ နန်းတော်ကနေ ထွက်ပြေး သွားကြတဲ့ မြင်းစီးသမားလေးဦးကို မြားတွေနဲ့ လှမ်းပစ်ကြပါတယ်။ ဒါပေမဲ့ အဲဒီ မြားတွေဟာ လမ်းမှာ ပြုတ်ကျ ပြီး ရေထဲကို ရောက်သွားတာပါပဲ။
လူငယ်မြင်းသည်တော်နဲ့ သူ့ မိတ်ဆွေတွေဟာ တောင်ဘက်ကို မြင်းစီးသွားနေရင်း လမ်းဘေးမှာ ထူးဆန်းတဲ့ ပုံသဏ္ဍန်တွေ မြင်လိုက်ရပါတယ်။ လူ သုံးဦးဖြစ်ပါတယ်။
တစ်ဦးကတော့ ပင်လယ်ရေမှော်တွေကနေ ရတဲ့ ချည်သားတွေကို ယက်လုပ်ပြီးရတဲ့ အထည်ကို ဝတ်ဆင်ထားသူပါ။ သူကတော့ အဲဒီဒေသမှာ နေထိုင်တဲ့ မုဆိုးတွေ၊ ငါးဖမ်းသမားတံငါ တွေကို ဦးဆောင်သူပါ။
နောက်တစ်ဦးက ချည်ထည်တွေ ဝတ်ဆင်ထားတယ်။ သူက လယ်သမားတွေကို ကိုယ်စားပြုတဲ့သူပေါ့။ တတိယ တစ်ယောက်က ပိုးထည်တွေကို ဝတ်ထားတယ်။ သူကတော့ မူးမတ်တစ်ယောက်ပါတယ်။
“အရှေ့ဘက်ကအလင်းရောင်ကို ဦးညွတ်နူတ်ဆက်ပါတယ်” လို့ သူတို့က ပြောကြတယ်။
“ကျွန်တော်တို့ဟာ သင့်ကို စောင့်နေကြတာပါ။ ဒီနယ်မြေရဲ့ ဘုရင်အဖြစ် ဦးဆောင်ပေးနိုင်မလား”
ထိုသုံးဦးက အရှေ့ဘက်ကလာတဲ့အလင်းရောင် နဲ့ မိတ်ဆွေတွေကို နယ်မြေအနှံ့လိုက်ပြကြတယ်။ ဂျုံပင်၊ စပါးပင်၊ ပဲပင် နဲ့ ကြံပင်တွေဟာ မျက်စိတဆုံး ပေါကြွယ်ဝတယ်။ သူတို့ ဆုံဆည်းခဲ့ကြသူတွေဟာ သတ္တိလည်းကောင်း၊ ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ မြင်းသည်တော် မြားသည်တော်တွေပဲလေ။
လမ်းမှာ ကြုံဆုံခဲ့ကြသူတွေဟာ ဧည့်သည် မြင်းသည်တော်တွေကို သူတို့ အသိုက်အမြုံဆီကို ခေါ်သွားကြတယ်။ လှပတဲ့ ပန်းကန်ပြားတွေထဲမှာ အစားအစာတွေ ထည့်ပေးပြီး ကျွေးမွေးဧည့်ခံတယ်။ အရှေ့အရပ်က အလင်းရောင် ဟာ အဲဒီနယ်မြေကို အလွန် သဘောကျသွားတယ်။
“သင်တို့ဟာ နှစ်လိုဖွယ်ရာ အသိုက်အဝန်းပါလား။ သင်တို့ကို ဦးဆောင်ပေးရမယ်ဆိုတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ” လို့ သူက ဆိုတယ်။ ဒီလိုလည်း ဆိုလိုက်ရော နယ်မြေသား တွေ ဟာ ပျော်ရွှင်စွာနဲ့ “အရှေ့အရပ်က အလင်းရောင်” ကို ဘုရင်အဖြစ် တင်မြှောက်လိုက်ကြတယ်။ သူ့အမေ ရဲ့ ဆုတောင်း ပြည့်ပြီပေါ့။
ဘုရင်ကြီးဖြစ်သွားတဲ့ မြင်းသည်တော်ဟာ မျှတတဲ့ ဥပဒေတွေ ချမှတ်ပေးတယ်။ ချက်ပြုတ်ခြင်း နဲ့ အိမ်ဆောက်ခြင်း နည်းလမ်းသစ်တွေကို ပြသပေးတယ်။ ဦးခေါင်းထိပ်မှာ ဆံထုံးကို သပ်သပ်ရပ်ရပ်လေး ထုံးတဲ့ နည်းကိုလည်း သင်ပေးတယ်။
ဒီလိုနဲ့ အင်အားကြီးတဲ့ တိုင်းပြည်ကြီး ဖြစ်လာတော့တာပဲ။ ဂျိုဆောင် ပြည်ကြီး လို့ နာမည်ကြီးလာတယ်။ နာမည်ရဲ့ အဓိပ္ပါယ်ကတော့ အေးချမ်းတည်ငြိမ်တဲ့ နံနက်ခင်းရှိသော တိုင်းပြည်တဲ့။ တချိန်မှာ ကိုရီးယားပြည်ကြီး ဖြစ်လာမယ့် နယ်မြေရဲ့ တစိတ်တပိုင်းပေါ့လေ။
#ရိုးရာပုံပြင် #ပုံပြင် #သံလွင်မြင့် #folktale
Keep Reading