Chitsu
ဖုန်ကပ်နေသော၊ မှိုတက်နေသော ၊ခြကိုက်နေသော၊ ဖွာလန်ကြဲပြီး အဝါရောင်သမ်းနေသော စာအုပ်တွေကို ဘုမသိဘမသိ လှန်ပြန်ကြည့်ရတဲ့အရသာကို ကျွန်မကလေးဘဝကတည်းက ကြိုက်လာအောင် ပျိုးထောင်ပေးခဲ့တာ အဖေ ပါ။
အဖေ့ရဲ့ ဆယ်စောင်တွဲစာအုပ်ကို ပုံတွေလျှောက်ဆွဲမိလို့လည်း အရိုက်ခံရပေါင်းလည်းမနည်းပြီ။မကြီး၊မလတ်တို့ငှားလာသော တာရာပွကြီး၊ ရှင်နှောင်း၊ မူပိုင်နှင်းဆီ၊ လွန်းထားထား ၊ဂျူးတို့ကတော့ မဖတ်တတ်ခင်ကတည်းက ကျွန်မနဲ့သိကျွမ်းလာခဲ့တယ်။
မူလတန်းအရွယ်ကျွန်မအကြိုက်က မသေးမျှင်ပေါ့။ကာတွန်းဘိုဘိုလား၊ရွှေသွေးလား၊ တခါတခါဒီရဲဂျာတောင်ဖတ်လိုက်သေး။
ရယ်ရတာက ကျွန်မကစာတွေ ဖတ်ပြီး စိတ်ကူးယဥ်တာကိုး...ဆရာတစ်ယောက်ပြောဖူးတယ်
အလယ်တန်းလောက်မှာ အပြင်စာနဲ့ကျွန်မအလှမ်းဝေးသွားပြန်တယ်။မဂ္ဂဇင်းတွေ၊တချို့ဒိတ်လွန်သတင်းစာတွေကတော့ ဖတ်နေမြဲပဲ။၈ တန်းနှစ်မှာ ကျွန်မအသည်းလေးပြန်ရောက်လာတယ်။ကျွန်မရဲ့မရှိမဖြစ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။စာအုပ်တွေလေ။
ဒါတွေက ကျွန်မအချစ်တွေမဟုတ်ရင် ဘာတွေဖြစ်ဦး(အုံး) မလဲနော်။ကျွန်မရူးခဲ့ပါသည်။မိုက်မိုက်ကန်းကန်းမဟုတ်ခဲ့တောင် ကျွန်မယဥ်ယဥ်လေးရူးခဲ့တာတော့အမှန်။
ဆယ်တန်းကျောင်းသူတစ်ယောက်က ကျောင်းစာပဲလုပ်ရမယ်တဲ့။ကျွန်မသူတို့ပြောစကားတစ်သဝေမတိမ်းနားထောင်ကာဇွတ်တရွတ်နဲ့ အချစ်တွေရှိရာကိုလာပါသည်။မှန်မှန်သွားပါသည်။အချစ်တွေက ကျွန်မလွယ်အိတ်၊ကျွန်မသွားရာနေရာအမြဲပါတတ်သည်။
စိတ်ကူးယဥ်ပါသည်။ပျော်ပါသည်။သူတို့ကြောင့် ဝမ်းနည်းခြင်းဆိုသည်မရှိ၊အထီးကျန်ဆိုသည်လည်း လားလားမျှမရှိ။ချစ်၍ဖတ်သည်။အချစ်တွေနှင့်နေနေရလျှင် ကိုယ့်ကိုယ်ကိုယ် အမြဲဂုဏ်ယူနေတတ်သည်။
ဒါပေမဲ့ ကျွန်မအချစ်တွေကတစ်ယောက်တည်းတော့ဘယ်ဟုတ်မလဲလေ။ဂျူးကိုချစ်ပြီးလျှင် မဟာဆွေကိုချစ်ဖို့လည်းမရွံ့သလို တက္ကသိုလ်ဘုန်းနိုင်ကိုလည်း ချစ်လိုက်တာပဲ။အကြည်တော်က ကျွန်မရဲ့ရွှင်ဆေးဆိုပေမယ့် မသီတာ( စမ်းချောင်း) ကလည်းထူးခြားတဲ့အချစ်တွေပေးနေတာပါပဲ။
ဆရာမြသန်းတင့်တော့ ကျွန်မကြောက်ချစ်ရိုသေကြီးပေါ့။ကျွန်မက စန်းပွင့်တယ်လေ...ဒီတော့မဖော်ပြရသေးတဲ့အချစ်တွေလည်းအများကြီးပေါ့။
.....ဒါကြောင့် သက်ရှိအချစ်ကိုလည်းထိုနည်းတူသောအရာတွေပေးစွမ်းမည့်သူသာ ရှာဖွေပါမည်။
Happy international girlfriends day ပါကွယ်။
Keep Reading