Thatoe
ဘ၀မှာ ခခယယတောင်းဆိုခဲ့ရတဲ့ မိန်းကလေးတွေထဲမှာ
ဒီနေ့တစ်ယောက်ကိုတော့အမှတ်ရမိလောက်တယ်။
အချိန်ကနေ့ဘက် ၁၁နာရီဆိုတော့ မနက်မရောက်နေ့လည်မကျအခြေအနေ။ ရန်ကုန်မိုးလေးကတော့ဖွဲနေတာပေါ့။
ကိုယ်ကထမင်းဆိုင်လေးရဲ့အလယ်နား လူတွေသိပ်မရှိတဲ့နားလေးမှာထိုင်ပြီးထမင်းစားနေတာပေါ့။
တခြားနေရာတွေမှာသာ Extrovert ဆန်ချင်ဆန်မယ်။ အပြင်မှာအစားစားနေပြီဆိုရင် ကိုယ့်ဘာသာကိုယ်နေပြီး စားရတာကိုပဲသဘောကျတယ်။ ဒါကြောင့်လည်း လိုတာရှိလို့လက်လှမ်းပြရင် Waiter တွေကအလွယ်တကူလှမ်းမြင်လောက်မယ့် နေရာကိုရွေးထိုင်စားနေတာပေါ့။ အော်ခေါ်ရမှာကို အရမ်းရှက်။
စာမေးပွဲဖြေပြီးအမှတ်ကောင်းတော့ လူကလည်း၀မ်းသာပီတိဂွမ်းဆီထိနေချိန်။
ဟင်းလေးကလည်းဆိတ်သားဟင်းအပြင်ကို ပြောင်းဖူးကြော်၊ ပဲပြုတ်ကြော်၊ ချဉ်ပေါင်ဟင်းချိုလိုအရံလေးတွေကို ငါးပိရည်နဲ့ မတည်ထားတော့ မြိန်ချက်ကလန်ပြန်ကိုထွက်နေရောပဲ။ ရေနွေးလေးများသောက်လိုက်ရင် လည်ချောင်းလေးထဲရှင်းသွားပြီး မိုးနံ့ပါတဲ့လေလေးတိုက်ထားသမျှအအေးဓာတ်လေးတွေပါလောင်မြိုက်သွားတာကိုခံစားရတယ်။
အဲ့ဒီအချိန်မှာ သူ့ကိုလည်းသတိထားမိနေပြန်ရောပါပဲ။
သူ့ကို ထမင်းဆိုင်ထဲ၀င်ကတည်းက သတိထားမိတယ်ပဲဆိုကြပါစို့။
ကောင်တာကနေမောင်လေးဘာစားမလဲဆိုတဲ့ အသံချိုချိုလေးနောက်မှာ အပြုံးပန်းလေးက မဟော်ဂနီရောင်ဆံနွယ်လေးတွေကြားထဲကနေတိုးထွက်လာကာ နွေးထွေးစေပါတယ်။ မှာစရာရှိတာမှာပြီးတာနဲ့ ကိုယ့်ဝိုင်းမှာထိုင်ပြီးတော့ ၀မ်းတိုက်က တံခါးခေါက်နေပြီမို့ ဘာစိတ်မှမရှိ ဆာစိတ်သာရှိပြီး လူက စားဖို့သာစိတ်စောနေတော့ အ၀င်၀ကအတွေးတွေက ခဏတာလက်ပြသွားပါတယ်။ ထမင်းလေးကုန်ကာနီး Waiter လေးကိုလိုက်ပွဲတောင်းပြီး စားလက်စအရှိန်လေးလျှော့ပြီး လိုက်ပွဲအခြေအနေစောင့်ရင်း မျက်စိကစားမိတယ်ပေါ့။
တိုက်ဆိုင်စွာပဲ သူနဲ့နှစ်ဦးသားအကြည့်ချင်းဆုံမိပါလေရော။
ရှက်ပြုံးလေးကတစ်မျိုးတစ်မည်လေပါပဲ။
မိုးစက်တွေရဲ့တေးသွားထက်မှာ ဟန်ကြွကာ လိုက်ဖက်ညီနေတဲ့အလုပ်လုပ်ဟန်တွေက ရှေ့နောက်ညီလှပါတယ်။
ထမင်းဆိုင်လေးကလည်းရောင်းကောင်းရှာပါတယ်။
သူ့ခမျာလက်မလည်ဖြစ်နေသလို တစ်ဆိုင်လုံးလည်း အပြေးပြေးအလွှားလွှားပါပဲ။
ဒါပေမဲ့လေ
သူကတချက်တချက်တော့ ကျွန်တော့်ကိုခိုးကြည့်သားဗျ။
မပွင့်တပွင့်လုပ်တာယောကျာ်းတွေအလုပ်မဟုတ်ဘူးဆိုတော့ ကျွန်တော်လည်းဒဲ့ဒိုးပဲ အကြည့်မလွှဲကြည့်နေမိလိုက်တယ်။
အကြည့်တွေကလည်းစူးရှလျက်ပေါ့။
သူကလည်းရှက်ရှာတယ်ထင်ပါရဲ့။ ဘေးကအဖော်တွေကိုတော့ စကားစမြည်လှမ်းပြောသယောင်နဲ့ ကျွန်တော့်အကြောင်းကိုပြောတယ်ထင်ပါတယ်။ တစ်ဆိုင်လုံးကယောကျာ်းသားအလုပ်သမားတွေရဲ့ အငွေ့အသက်ကအပြင်ကရာသီဥတုလို အေးစက်လာတာကိုခံစားမိလိုက်တယ်လေ။ ဒါပေမဲ့မမှုပါဘူး။
ကျွန်တော်လည်းဝေခွဲမရဖြစ်နေပြီလေ။
ဒီလောက်အဆင့်ထိရောက်ပြီးမှတော့ ငါ့အနေနဲ့ဆက်လျှောက်မှဖြစ်တော့မယ်ဆိုတာ ယောကျာ်းတို့ရဲ့နှိုးဆော်စိတ်နဲ့ချက်ချင်းကိုသိလိုက်တယ်။ ကိုယ့်ရဲ့ Extrovert အပိုင်းလေးကလည်း ဒီအချိန်မှ ခေါ်မရပြုမရဖြစ်နေပြီး ဘ၀က
“ ကိုယ်စွမ်းသလောက်တော့ကိုယ်ကြိုးစားခဲ့ပါတယ် ” ဆိုတဲ့သီချင်းစာသားနဲ့အညီတပ်ခေါက်ရလုနီးနီးဖြစ်လာတယ်။ အဲ့မှာရုတ်တရက်ဘေးကယောကျာ်းသားတွေကခြေလှမ်းတွေစပြင်နေကြတာကိုသတိထားမိလိုက်တယ်။
သူတို့က ကိုယ်နဲ့စာမေးပွဲအတူတူဖြေခဲ့တဲ့သူတွေဆိုတော့ ရင်းနှီးနေပြီလေ။
ညီလေးမင်းမသွားရင်အကိုသွားတော့မယ်နော် တဲ့။
ဘ၀မှာအခက်ခဲဆုံးတွေကိုတော့ မတွေ့ရသေးပေမဲ့ ခက်ခဲတာတွေတော့ ကျော်ဖြတ်လာတဲ့ဒီကောင်က ဒီတောင်မှာ ကျရှုံးရတော့မှာလား။
ချက်ချင်းထရပ်လိုက်တယ်။ အင်္ကျီကို အနည်းငယ်ခါကာ
ကျွန်တော်သွားလိုက်မယ်အကို ဆိုပြီးတည်ကြည်တဲ့အသံနဲ့လေးနက်စွာတစ်လုံးချင်းပြောပြီးနောက် တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ သူရှိရာကိုတစ်လှမ်းချင်းလှမ်းသွားလိုက်တော့တယ်။
အားလုံးရဲ့အကြည့်တွေက နောက်ကျောမှာမျက်လုံးသာပါခဲ့မယ်ဆိုရင် ပေါက်ထွက်သွားတော့မလားလို့ထင်ရလောက်အောင် စူးရှအေးစက်လှတယ်။ မျှော်လင့်ခြင်း၊ အားကျခြင်း၊ အားပေးခြင်းတွေ စုံလင်လှတဲ့မျက်၀န်းအစုံတွေရဲ့အကြည့်တွေနဲ့အတူ ဒီလူက သူ့ရှေ့ကိုစိုက်စိုက်မြိုက်မြိုက်ရောက်သွားတယ်။
သူကလည်း မိန်းမမာယာသဲကိုးဖြာကိုလက်ကိုင်ထားပြီး
ဘာကူညီပေးရမလဲအကို တဲ့။
လေသံကိုအတတ်နိုင်ဆုံးတင်လိုက်ပြီး အေးဆေးစွာပဲပြောလိုက်ဖို့အားထုတ်ကြိုးစားခဲ့ပေမဲ့ ထွက်သွားတဲ့စကားလုံးတွေရဲ့နောက်ကွယ် သူလေးကအားနာတဲ့အကြည့်တွေနဲ့အတူ ပြာပြာသလဲဖြစ်သွားရှာတယ်။
“ အစ်မ ဟိုလေ အနောက်ကအကိုတွေရော ကျွန်တော်ရော လိုက်ပွဲစောင့်နေတာ နာရီ၀က်လောက်ရှိနေပြီရယ်။ Waiter လေးတွေကရမယ်ရမယ်ဆိုပြီးပြန်မလာတော့အစ်မကိုပဲ ခုနတည်းကလှမ်းကြည့်ပြီးအခြေအနေလှမ်းကြည့်နေတာ။ အစ်မကပြုံးပြတော့မရသေးဘူးထင်လို့လေ။ အလယ်မှာလေခိုသွားလို့ အခုမစားနိုင်တော့ရင် ပြန်ရင်ဗိုက်ဆာမှာစိုးလို့ ရှက်ရှက်နဲ့ထလာတောင်းရတာပါအစ်မ "
ပြထားတဲ့ပုံက အကြည့်က သူ့ကိုယောကျာ်းပီသစွာနဲ့
အစ်မရေလိုက်ပွဲဘယ်တော့ရမလဲဟင်ဆိုတဲ့စကားကို သိန်းသန်းချီပြီး စိတ်ထဲမှာပြောနေရင်း ကြည့်နေတဲ့အကြည့်ပါ။
#သတိုး
#Thatoe
#စကားတွေအများကြီးပါ၀င်တဲ့အကြည့်
Keep Reading