SarPhat Author
ကျွန်မတို့ ဝိတ်ချတဲ့အခါ ကိုယ်စားချင်တဲ့အရာတွေမစားပဲ အောင့်အီးသည်းခံရမယ်။ အစားရှောင်ရမယ်။ အသီးအရွက်များများစားရမယ်။ စသည်ဖြင့် ပြောကြလေ့ရှိတယ်။ ဒီအချက်တွေက တကယ်ဝိတ်ကျဖို့ အထောက်အကူဖြစ်ရဲ့လား?
ကိုယ်စားချင်တဲ့အစားအသောက်တွေစားရင်းရော ဝိတ်ချလို့ရနိုင်ရဲ့လား။
အထက်ပါမေးခွန်းလေးတွေပြန်မဖြေခင် ကျွန်မတို့ အစားလျှော့တဲ့အခါ၊ ဝိတ်ချတဲ့အခါ Yo-Yo Effect ဆိုတဲ့အရာအကြောင်းအရင်ပြောချင်ပါတယ်။ Yo Yo ဆိုတာ ကျွန်မတို့ ငယ်ငယ်ကဆော့တဲ့ လက်ကနေဆွဲချလိုက်ရင် ကိုယ့်ဆီပဲပြန်ပြန်လာတဲ့ ကစားစရာလေးပေါ့။
ကျွန်မတို့ ဝိတ်ချတဲ့အခါမှာလည်း အဲ့ကစားစရာလေးလိုပဲ ဝိတ်ချနည်းမျိုးစုံနဲ့ ချ၊ ပြီးရင် အများကြီးစားပြီး ပြန်ဝ၊ ဒီသံသရာထဲမှာတစ်ဝဲလည်လည်နဲ့ Yo-Yo ဖြစ်သွားကြတာတွေအများကြီးရှိပါတယ်။
ဒါကြောင့် ကျွန်မ ဒီနေ့ပြောပြမယ့် “ကိုယ်စားချင်တာစားရင်း ဝိတ်ချနည်း” ဆိုတာလေးကို ရေးဖြစ်ခဲ့ပါတယ်။ မျက်လုံးထဲမြင်ရအောင်ပြောမယ်ဆိုရင် ဥပမာက ကျွန်မကိုယ်တိုင်ပါပဲ။
ကျွန်မက အသီးအရွက်ထက် အသားကိုပိုကြိုက်တဲ့သူပါ။ ဒါပေမယ့် ကျွန်မရဲ့ သွေးအမျိူးအစားအရ အသီးအရွက်များများစားပြီး ဝိတ်ချရမှာဖြစ်လို့ အသားလုံးဝဖြတ်ပြီး အသီးအရွက်ပဲ တစ်ပတ်လောက်စားခဲ့ပါတယ်။
အဲ့လိုစားပြီးတဲ့နောက် လူကအားနည်းလာသလိုဖြစ်တယ်။ စိတ်မကြည်ဘူး။ ဘာမြင်မြင်စားချင်နေတယ်။ အဲ့လိုဖြစ်လာတယ်။ အသားပဲမက အချိုတွေလည်း အများကြီးစားချင်လာတယ်။ အဲ့ဒီနောက် တစ်ရက်မှာတော့ ဇွတ်မြင်မြင်သမျှစားပါတယ်။
အဲ့ဒီနောက် တစ်ပတ်တာအသီးအရွက်စားလို့ ကျတဲ့ဝိတ်ထက် နောက်ရက်တွေမြင်မြင်သမျှရပ်မရအောင်စားလို့ ဝိတ်ပြန်တက်တာကပိုများသွားပါတယ်။
အဲ့ဒီနောက် အစားလျှော့နည်းတော်တော်များများသုံးပြီးတဲ့နောက် တကယ်ကျန်းကျန်းမာမာဝိတ်ကျလာတဲ့အခါမှ သေချာသိခဲ့ရတဲ့ ကိုယ်စားချင်တာကို စားရင်းဝိတ်ချနည်းကို အခုမျှဝေပေးသွားမှာဖြစ်ပါတယ်။
စားချင်တာစားတယ်ဆိုပေမယ့် ဒန်ပေါက် ၂ ပွဲတစ်ထိုင်တည်း၊ မာလာရှမ်းကောတစ်ပွဲနဲ့ ထမင်း ၃ လုံးတို့ကို ဆိုလိုခြင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အစားကိုအရမ်းရှောင်စရာမလိုပဲ ဝိတ်ချဖို့ ဆက်ဖတ်ကြည့်လိုက်ကြရအောင်။
၁။ ပမာဏကို သတိထားပါ။
ကျွန်မတို့ ဝိတ်ချတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့အစားအသောက်မြင်ရင် ထိန်းမရအောင်စားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒါကြောင့် Portion Control လို့ခေါ်တဲ့ ပမာဏကို ထိန်းပြီးစားတာမျိုးလုပ်နိုင်ပါတယ်။ ဥပမာ - ကျွန်မ Cheese Cake စားချင်လာတယ်။ တစ်တုံးလုံးတစ်ယောက်တည်းစားလိုက်တာထက် ညီမလေးနဲ့ တစ်ယောက်တစ်ဝက်မျှစားလိုက်တာ၊ မနက်တစ်ဝက်ညတစ်ဝက်စားတာမျိုးပြုလုပ်ပါတယ်။ တစ်ထိုင်တည်းနဲ့ ဗိုက်တအားပြည့်အောင် စားတာမျိုးရှောင်ပါတယ်။
၂။ အရသာခံပြီးစားပါ။
ကျွန်မ ကိုရီးယားခေါက်ဆွဲအစပ်ထုပ်ကို စားရတာအင်မတန်နှစ်သက်ပါတယ်။ အရင်က တစ်လုပ်စားပြီးဆက်တိုက်ဆက်တိုက် တစ်ပွဲလုံးစားပစ်လေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်း အစားစားတဲ့အခါ ချက်ချင်းကုန်အောင်စားပစ်တာထက် အရသာခံပြီးစားခြင်းက ပမာဏထိန်းချုပ်ရာမှာလည်း အထောက်အကူဖြစ်သလို ကိုယ်စားချင်တဲ့အရသာကိုပြည့်ပြည့်ဝဝရတဲ့အတွက် စိတ်ကျေနပ်မှုဖြစ်စေလို့ ဗိုက်ခဏခဏဆာတာမဖြစ်တော့ပါဘူး။
၃။ ကိုယ်လက်လှုပ်ရှားလုပ်ပါ။
ကိုယ်လက်လှုပ်ရှားခြင်းက ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ကိုယ်ကအစားကို မရှောင်နိုင်ဘူးဆိုရင် ကိုယ်လက်လှုပ်ရှားများများပိုလုပ်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်စားမယ့်အရာတွေရဲ့ ကယ်လိုရီကိုတွက်ပြီး ပိုသာတဲ့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးတာမျိုးလည်း လိုအပ်ပါတယ်။
၄။ အသီးအရွက်နဲ့ အရင်ဗိုက်ဖြည့်ပါ။
ကျွန်မကိုယ်တိုင်လည်း တခြားမစားခင် ကိုယ်ကြိုက်တဲ့အရည်ရွမ်းတဲ့အသီးတွေဗိုက်ပြည့်အောင်အရင်စားပြီးမှ အခြားအရာတွေဆက်စားတဲ့အလေ့အထကို ကျင့်ထားပါတယ်။ ဒီတော့ နောက်အရာကို အများကြီးမစားနိုင်တော့ပဲ ဝိတ်ကျတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။
၅။ ကိုယ်သဘောကျတဲ့အစားအသောက်တွေကို ပိုကျန်းမာတဲ့ပုံစံနဲ့ချက်ပြုတ်ပါ။
ကျွန်မ မာလာရှမ်းကောအရမ်းကြိုက်တဲ့အတွက် စားဖြစ်ပါတယ်။ သို့ပေမယ့် နောက်ပိုင်းဆိုင်မှာစားခြင်းထက် အိမ်မှာ ကိုယ်တိုင်ဆီလျှော့၊အငန်လျှော့ထားတဲ့ပုံစံလေးချက်စားဖြစ်ပါတယ်။ ထိုနည်းတူပဲ အပြင်မှာ သကြားအများကြီးပါတဲ့ဖျော်ရည်ထက် အိမ်မှာကိုယ်နှစ်သက်သလို သကြားလျော့ပြီးပြန်ဖျော်သောက်ပါတယ်။
ကဲဒါဆိုရင်နှစ်သက်တဲ့အရာလေးတွေကိုလည်းစားရင်း တစ်ဖက်တစ်လမ်းကနေ ကျန်းကျန်းမာမာနဲ့ဝိတ်ချနိုင်မယ့် နည်းလမ်းလေးတွေကို သိသွားကြမယ်လို့မျှော်လင့်ပါတယ်။ ဝိတ်ချတဲ့နေရာမှာ စိတ်ကအင်မတန်အရေးပါတာမို့ ကိုယ့်စိတ်ကို ကျန်းကျန်းမာမာနဲ့ အနားပေးရင်းလိုချင်တဲ့ပန်းတိုင်ကို သွားကြမယ်နော်။ နောက်ထပ်ဆောင်းပါးတွေမှာပြန်တွေ့ပါမယ်။
Keep Reading