လေပြေညင်း
ကျွန်မက အရိုး ရဲ့ ပရိသတ်တစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ တနေ့ ကျွန်မ ကားစီးရင်း ပျင်းလို့ သီချင်းနားထောင် ဖြစ်တယ်။ ဘာသီချင်းရွေးရမလဲမသိ။ ခုခေတ် သီချင်းတွေကလည်း အချစ်သီချင်းတွေကခပ်များများနဲ့။ သိပ်တော့ နားမထောင်ချင်။ အဲ့တာနဲ့ အရိုး ဆိုတဲ့ အဆိုတော်နာမည် တွေ့တော့ ကျွန်မစိတ်ဝင်စားမိတယ်။ သူ့ ရဲ့ "ဥ" ဆိုတဲ့ သီချင်းကို ကျွန်မသိတယ်လေ။ အရမ်းလဲသဘောကျတယ်။ အဲ့တာနဲ့ သူ့သီချင်းတွေနားထောင်မိတယ်ဆိုပါတော့။ "လူလည်အာရှသား" ဆိုတဲ့ album တစ်ခုလုံးနီးနီးပဲ နားထောင်ဖြစ်တယ်။ သီချင်းနားထောင်တယ်သာ ဆိုတာပါ။ သူ့သီချင်းတွေက စာတစ်ပုဒ်ကို ဖတ်နေရသလို၊ ရုပ်ရှင်တစ်ကားကိုကြည့်နေရသလို ခံစားရပါတယ်။ "ကံ ဆိုသည်မှာ" ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်မ ထူးထူးခြားခြား ရင်ထဲစွဲမိနေတယ်။ သီချင်းတစ်ပုဒ်ထက် အဖြစ်အပျက်တစ်ခုကို သံစဉ်ပေါ်တင်ထားလိုက်သလိုပါပဲ။ သီချင်းလေးရဲ့ ဇာတ်လမ်းကို ပြောပြပါမယ်။
ဇာတ်ကောင် အလုပ်ပြုတ်လာတဲ့တနေ့က စတာပေါ့။ သူစိတ်တွေအရမ်းညစ်နေခဲ့တယ်။ ဒါပေမဲ့ သိပ်တော့မကြာပါဘူး။ သူအမွေတွေ အများကြီးရလိုက်တယ်။ အဲ့အမွေတွေရဲ့ တဝက်ကို ဘုရားကိုလှူ၊ တစ်ဝက်ကိုတော့ သူငယ်ချင်းကို အတိုးနဲ့ ချေးလိုက်တာပေါ့။ ကံကကောင်းနေတုန်းမှာပဲ သူငယ်ချင်းက ငွေတွေလိမ်ပြေးသွားသတဲ့။ အဲ့တော့ ဒုတိယအခါမြောက် သူ ကံပိပြန်ပြီပေါ့။ လကုန်မှာ ချစ်သူလေးနဲ့ မင်္ဂလာဆောင်ကျင်းပဖို့ လုပ်ထားရာက ချစ်သူလေးကထားသွားပြန်တယ်။ သူ့အသည်းတွေကွဲနေချိန်မှာပဲ သူ့ကိုလာအားပေးတဲ့ကောင်မလေးတစ်ယောက်က ချောချောလေး။ အဲ့ကောင်မလေးနဲ့ ချစ်သူတွေဖြစ်သွားကြတယ်။ ဒါပေမဲ့လဲ ခုနကပြောသလိုပါပဲ။ ကံအကောင်းဆုံးပြန်တော့ ကံအဆိုးလာတော့တာပေါ့။ သူ့ချစ်သူကောင်မလေးမှာ အကိုတွေမောင်တွေ အများကြီးရှိနေရော။ မကြာခင် သူတို့နှစ်ယောက်ကိုမိသွားတော့ သဘောတူလို့ လက်ထပ်လိုက်ကြတာပေါ့။ လက်ထပ်တာကြာတော့ မိန်းမက ကိုယ်ဝန်ရှိတယ်။ ဇာတ်ကောင်ကတော့အင်မတန်ပျော်တာပေါ့။ သမီးလေးရဖို့ကို စိတ်ကူးနဲ့ ရူးနေခဲ့တာပေါ့။ မကြာလိုက်ပါဘူး။ မွေးလာတော့ သားလေးဖြစ်နေရော။ ဒါပေမဲ့ ကိုယ့်သားသမီးဆိုတော့ ချစ်ရှာတာပါပဲ။ ဒီလိုနဲ့ ဇာတ်ကောင်အသက် ငါးဆယ့်ငါးနှစ် သားအသက် နှစ်ဆယ့် ငါးနှစ်ရောက်လာတော့ သူ့သားဟာ အခြောက်ကလေးဖြစ်နေတာကို သိလိုက်သတဲ့။ ဇာတ်ကောင်ဟာ စိတ်တွေတိုတော့တာပေါ့။ ဒေါသနဲ့ဆူပူကြိမ်းမောင်းပြီး မိဘတို့ဝတ္တရားအတိုင်း သားကိုအိမ်ထောင်ချပေးလိုက်တယ်။ ချွေးမလောင်းလေးကတော့ Tomboy ပေါ့။ အဲ့ဒီ့လိုနဲ့ ကံတကွေ့ ပြန်လာပါသတဲ့။ သုံးလ အကြာမှာ လူမှန် နေရာမှန်ဆီကို သူတို့နှစ်ယောက် ပြန်ရောက်ပါသတဲ့။ မွေးလာမဲ့ သူ့ရဲ့မြေးလေးကျ ဘာလေးဖြစ်မလဲဆိုပြီး တွေးရင်းအဆုံးသတ်ထားခဲ့တယ်။
ဒီသီချင်းထဲမှာ ပေးချင်တဲ့ message တွေ၊ မြုပ်ထားတဲ့ ရတနာတွေအများကြီးပါပါတယ်။ လုပ်ရပ်တွေတိုင်း၊ ရွေးချယ်မှုတွေတိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတဲ့ အကျိုးနှစ်ရပ်တော့ အမြဲရှိနေတယ်။ ဘယ်လမ်းကိုရွေးရွေး side effect အနည်းနဲ့အများတော့ရှိကြတာပါပဲ။ အမှားနည်းတဲ့လမ်းကိုရွေးဖို့တော့ ဉာဏ်ပညာအလင်းနဲ့ ကျွန်မတို့ ဆုံးဖြတ်ကြရမှာပေါ့။ ဒါပေမဲ့ မမြင်ရတဲ့ ကံဆိုတာ သူ့ ယန္တရားအတိုင်း သူလည်ပတ်နေတာပါ။ ကျွန်မတို့ဟာ ကံဆိုတဲ့ ယန္တရားကြီးမှာ ပြေးလွှားရင်း ကိုယ့်အပေါ် ကျရောက်လာတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို သည်းခံပြီး ဖြတ်သန်းကြရတာပါပဲ။ စိတ်ဓာတ်ကျစရာရှိလာတိုင်းလဲ အရမ်းကာရော စိတ်ဓာတ်မကျစေနဲ့။ ပျော်ရွင်စရာတွေရှိလာတိုင်းလဲ အရမ်းကာရော ပျော်မမိစေနဲ့။ မြတ်စွာဘုရားဟောပြောချက်နဲ့ အညီ မဇ္ဈိမပဋိပဒါ လမ်းစဉ်အတိုင်း ကိုယ့်ကိုကိုယ်ထိန်းမတ် သတိပြုရင်း လျှောက်လမ်းသွားကြရမယ်။ ဒီသီချင်းလေးဟာ လူ့ဘဝကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ မေ့လျော့နေတဲ့ သတိတွေကို ပြန်မောင်းတင်နိုင်အောင် လုပ်ပေးခဲ့တယ်။ အဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ်။
ကဲ... စာဖတ်သူတို့လဲ ဒီဇာတ်လမ်းလေးကို နားထောင်ပြီး ကံပိတဲ့အခါ ကံကို အရှုံးမပေးလိုက်ပါနဲ့။ ကံမ တဲ့အခါလဲ အောက်ခြေမလွတ် လိုက်ပါနဲ့။ ကံက အဆိုးတွေပေးရင် စိတ်ရှည်သည်းခံ ရင်ဆိုင်လိုက်ပါ။ ကံက အကောင်းတွေပေးရင်လဲ ဘဝင်လေမဟပ် မိပါစေနဲ့။ အမြဲ သတိ၊ဝီရိယ၊ပညာတို့နှင့် ကိုယ်၊စိတ် နှစ်ပါး စလုံးကို စောင့်စည်းနိုင်ကြပါစေ။
၂၄/၇/၂၀၂၄
ည ၁၀:၄၅
Keep Reading