Panora
ကျွန်တော်ဟာ ဘဝမှာ ခဏခဏအချိန်ဆွဲလေ့ရှိပါတယ်။ လုပ်စရာအလုပ်တွေ တစ်ပုံကြီးရှိနေလျက်နဲ့ ထမလုပ်ပဲ ဆိုရှယ်မီဒီယာကြည့်နေတာ။
လမ်းထလျှောက်မယ်လို့ ကတိပေးထားလျက်နဲ့ အိပ်ယာထဲလှဲနေမိတာ။
ဒီတစ်နှစ်တော့ ကိုယ်ပိုင်အလုပ်စမယ်လို့ တွေးထားခဲ့ပြီး ဘယ်လိုတစ်နှစ်ကုန်သွားမှန်းမသိပဲ နေ့စဉ်ကိစ္စတွေမှာနစ်နေတာ။ စသည်ဖြင့် ကိစ္စအစုံမှာ မတူညီတဲ့ ဆင်ခြေများပေးကာ အချိန်ဆွဲတတ်ပါတယ်။
အခုလည်း ကျွန်တော် ဆောင်းပါးတွေမျှဝေတဲ့အခါ သေချာမျှဝေမယ်လို့ စဉ်းစားထားတာကြောင့် ကျွန်တော် အချိန်မဆွဲပဲ ဆက်တိုက်မျှဝေနိုင်မယ့် နည်းလမ်းဘယ်လိုရှာရမလဲ သေချာစဉ်းစားမိပါတယ်။
ကျွန်တော်တို့ အချိန်ဆွဲရခြင်းရဲ့ အဓိကအချက်ကတော့ တကယ်ထလုပ်လိုက်ရမယ့်အချက်ကိုကြောက်ကြခြင်းဖြစ်တယ်လို့ဆိုရပါမယ်။
ခေါင်းထဲမှာ အစီအစဉ်တွေချထားလျက်နဲ့ ထမလုပ်ဖြစ်တာဟာ အချိန်ဆွဲနေခြင်းပါပဲ။
အဲ့ဒီအချက်ရဲ့နောက်မှာ အချိန်ဆွဲလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ကတိကိုဖျက်လိုက်သလိုဖြစ်မယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ကတိကိုပင်မတည်နိုင်တဲ့အခါ အဆိုပါလူက စိတ်ဓာတ်ခွန်အားလည်းကျလာပါတယ်။
ဒါကြောင့် ကျွန်တော်စဉ်းစားရင်းပြုပြင်နိုင်ခဲ့တဲ့ အထိရောက်ဆုံးနည်းလမ်းက “၅ မိနစ်” စည်းမျဉ်းပါပဲ။
ကျွန်တော်ဆောင်းပါးတွေ အဆက်မပြတ်မျှဝေနိုင်ပြီး အချိန်မဆွဲဖို့ တစ်ရက်ကို “၅ မိနစ်” အချိန်ပေးကာ ကြိုတင်ပြင်ဆင်ပါတယ်။
အခုဆို တစ်ပတ်ကို ဆောင်းပါး ၂ ပုဒ် အနည်းဆုံးမျှဝေဖြစ်တာကြောင့် “စာရှာဖတ်တာ၊ခေါင်းစဉ် စဉ်းစားတာ၊ရေးသားမျှဝေတာ” စတဲ့အချက်တွေကို တစ်နေ့ ၅ မိနစ်အချိန်ပေးလုပ်ဆောင်ရင်း အခု ဆက်တိုက်မျှဝေဖြစ်တဲ့ အလေ့အထတစ်ခုလိုဖြစ်လာပါပြီ။
ထိုနည်းတူ ကျွန်တော်အရင်က Gym ဆော့ဖို့ ဟိုရွေ့ဒီရွှေ့လုပ်တတ်ပါတယ်။ သို့ပေမယ့် “ငါ Gym မှာအကြာကြီးမဟုတ်တောင် “၅ မိနစ်” လောက်ပြေးလိုက်ပါမယ်” ဆိုပြီး အတွေးပြောင်းလိုက်ကတည်းက ဆက်တိုက်ဆော့ဖြစ်နေပါတယ်။
ကျွန်တော်တို့ အချိန်ဆွဲပြီး မလုပ်ချင်တဲ့ ကိစ္စရပ်တွေမှာ “၅ မိနစ်” လောက်တော့ လုပ်လိုက်မယ်လို့ စဉ်းစားပြီး တကယ်ထလုပ်လိုက်တဲ့အခါ အလုပ်ဖြစ်သွားတာကို အံ့ဩစရာကောင်းလောက်အောင် တွေ့ရပါလိမ့်မယ်။
အခုဆိုရင်တော့ ၅ မိနစ်စည်းကမ်းနဲ့အတူ အချိန်ဆွဲတာကို အတူလျော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်ဆောင်းပါးတွေမှာ ပြန်ဆုံကြပါမယ်ခင်ဗျာ။
Keep Reading