Leo(Nann)❤️
မျက်ရည်တွေက ပါးပြင်ပေါ်တလိမ့်လိမ့်စီးကျလာနေတယ်။
ဘေးဘီဝဲယာကိုကြည့်လိုက်တော့ မီးညွန့်တွေဟာ မီးခိုးလုံးတွေနဲ့အတူ အထက်ကို တလှိမ့်လှိမ့်တက်လို့။
တစ်ချိန်တည်းမှာဘဲ မီးကျွမ်းထားတဲ့သစ်သားအနံ့တွေကရစ်ဝဲနေပြန်တယ်။ပြာပုံကြားက မီးကျီးခဲ တွေဟာဆိုရင်လည်း ဘာပြောကောင်းမလဲ။လေဝှေ့လိုက်တဲ့အခါတိုင်း ရဲခနဲ ရဲခနဲ။
ထိုစဥ် ရွာအရှေ့ပိုင်းဘက်ကလာတဲ့ သေနတ်သံတစ်ချက်ကြားလိုက်ရ၏။
ထို့နောက် နောက်တစ်ချက်။
အခြေအနေတွေက ရုတ်ရုတ်သဲသဲဖြစ်နေတာမို့ ပုံ့ပုံ့ကလေးတစ်ယောက် ဘာမှနားမလည်။ကလေးပီပီ ဘာမှမတွေးတတ်။မပြေးတတ်မရှောင်တတ်နှင့် ငိုချည်းသာငိုနေတော့၏။အစောက အတူဆော့နေကြသော မောင်ပုတို့အုပ်စုနှင့်လည်းလူချင်းကွဲသွားတာမို့ တစ်ယောက်တည်း ခြေဆင်းငိုနေရှာပါတယ်။
တကယ်တော့ပုံ့ပုံ့လေးက ရွာဦးဘုန်းကြီးကျောင်းထဲက ခရေပင်ကြီးအောက်မှာ သူငယ်ချင်းတွေနဲ့လာဆော့တာပါ။တူတူပုန်းတမ်းကစားရင်း ရုတ်တရက်ရွာမှာတိုက်ပွဲဖြစ်သွားတော့ကြောက်ကြောက်လန့်လန့်နဲ့ဘာလုပ်ရမှန်းမသိဖြစ်ကုန်တာပေါ့။
ရွာဦးကျောင်းက တစ်ရွာလုံးရဲ့ အမြင့်ဆုံးမှာရှိနေတာမို့ တစ်ရွာလုံးနီးပါးကို ခြုံပြီးမြင်နေရပါတယ်။လက်နက်ကြီးသံတစ်ချက်ကြားလိုက်
ပြီးတဲ့နောက် မီးတွေထလောင်ကတည်းက
ပုံ့ပုံ့လေးဟာ တဗြဲဗြဲငိုနေခဲ့တာပေါ့။
အတော်လေးကြာတော့မှ ကျောင်းဆောင်ဘက်က ကပ္ပိယလေးတစ်ယောက် ငိုသံကြားတဲ့ဆီကို ခပ်သုတ်သုတ်ပြေးလာတာတွေ့လိုက်ရတယ်။၅နှစ်ဘဲရှိတဲ့ပုံ့ပုံ့လေးကို ပွေ့ပြီး
ညီမလေး မငိုတော့နဲ့နော်ဆိုပြီး ကျောင်းဆောင်ဘက်က လူစုစုရှိရာဆီခေါ်သွား၏။ထိုအခါမှ ပုံ့ပုံ့ဟာ အစောက မိမိ၏ အပေါင်းအဖော်များဖြစ်ကြတဲ့မောင်ပုတို့ ၊မိစုတို့နှင့်တွေ့ကာ အငိုရပ်သွားသည်။
ဆရာတော်ကြီးကျွေးတဲ့မုန့်တွေထိုင်စားပြီး
မျက်ရည်တွေကိုသုတ်နေတဲ့မျက်လုံးဝိုင်းဝိုင်းပြူးပြူးကလေးနှင့် ပုံ့ပုံ့လေးဟာ စစ်ဖြစ်လို့မိသားစုမစုံတော့ဘူးဆိုတာသူမ မသိရှာပါ။တော်သေးသည်။ဘုန်းကြီးကျောင်းကလေး
ကိုတော့ ဘာမှထိမသွား။တိုက်ပွဲပြီးသွားတော့ ညနေစောင်းပြီ။တစ်ဖက်ဖက်ကတော့ရှုံးသွားလေပြီ။သတင်းအတိအကျကိုဘာမှမသိရသေး။
ရွာခြေမှလည်း သတင်းပလင်းဘာမှမကြားရသေး။
ခဏကြာတော့မှ တောဘက်ဝင်ပြီးပုန်းအောင်းနေကြတဲ့
မောင်ပုတို့ မိဘတွေ ရောက်လာပြီး
သူတို့ကလေးတွေကို လာခေါ်ကြတယ်။
အဲ့ကျမှ ပုံပုံ့ဟာ သူမမိဘတွေကိုသတိရသွားပြီး ဘေးနားက ဦးလေးကြီးကိုမေးလိုက်တယ်။
"ဘဘ မီးမီးရဲ့မေမေတို့ရော မလာသေးဘူးလားဟင်"။
တောထဲဝင်ပုန်းရာမှ အခြေအနေများငြိမ်သွား၍ ထွက်လာကာ ဘုန်းကြီးကျောင်းသို့ ရောက်လာကြသော လူတစ်စုမှ ဆရာတော်ထံတီးတိုးတီးတိုးနဲ့လျှောက်နေကြ၏။ အားလုံးမှာမျက်နှာမကောင်း။တစ်ရွာလုံးနီးပါးမီးလောင်သွား၍ လှည်းများပင်မရှိတော့။ဒဏ်ရာရသူများကို
ကျန်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးရုံဆေးခန်းပို့ရန်ပြင်ကြရသည်။
ပုံ့ပုံ့ကလေး၏ မိခင်ကိုမူ ကာလသားတစ်ချို့က စောင်ကိုဝါးလျှိုပြီးထမ်းကာ အနီးနားရှိ ဆေးခန်းသိုပို့လိုက်ပြီဖြစ်သည်။
ပုံ့ပုံ့ကလေး၏ ဖခင်မှာတော့ သေနတ်မှန်ကာ သွေးထွက်လွန်၍ အနိစ္စရောက်ရှာလေပြီ။ရွာသားများမှာ
စိတ်ပင်မကောင်းကြ။ကလေးမလေးကို
ဘယ်လိုပြောရမည်ပင်မသိကြတော့။
တိုက်ပွဲဖြစ်မည်ကြားထားသော်လည်း
သတင်းအမှန်မဟုတ်လောက်ဟုတွေးကာရွာသားများမှာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ပေါ့ဆခဲ့ကြသည်။သည့်အတွက် လူတချို့အသက်ဆုံးရှုံးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ရွာသားတို့ဟာ စစ်ကိုရွံသွားကြပြီ ။မုန်းတီးသွားကြလေပြီ။
ဘာကိုမျှမသိသေးသော ပုံ့ပုံ့ကလေးကတော့ မိဘတွေလာအခေါ်ကို
စိတ်ရှည်ရှည်နှင့်စောင့်နေရှာလေတော့၏။------------------------------------
တိုက်ပွဲကြောင့် မိဘတွေဆုံးရှုံးလိုက်ရကာ ရုတ်တရက် အနာဂတ်မဲ့သွားသော မျက်စိသူငယ်၊နားသူငယ်ကလေးများရှိကြောင်းကိုသိစေချင်တာကြောင့် ဒီဇာတ်လမ်းလေးကို ရေးသားလိုက်ရပါတယ်။
စိတ်ကူးသက်သက်သာဖြစ်လို့
ဘယ်သူ့ကိုမှထိခိုက်စေလိုစိတ်မရှိပါဘူးနော်။အားလုံးဘဲဖတ်ပေးကြပါဦး။
အစဥ်လေးစားလျှက်....
Leo
Keep Reading