Author's Profile Photo

SarPhat Author

15/11/2023

မြန်မာပြည်ရှိ လူငယ်များအတွက် ဂျပန်နိုင်ငံမှ MEXT ပညာသင်ဆုအကြာင်း။

5 mins read
Life Style
Personal Development
Education
မြန်မာပြည်ရှိ လူငယ်များအတွက် ဂျပန်နိုင်ငံမှ MEXT ပညာသင်ဆုအကြာင်း။'s photo

အရင်နေ့တွေတုန်း အမေရိကန်ကပေးနေတဲ့ ပညာသင်ဆုတွေအကြောင်း ပြောပြပြီးပြီဆိုတော့ ဒီနေ့မှာတော့ ဂျပန်နိုင်ငံရှိ အဆင့်မြင့်ပညာရေးကို တက်ရောက်လေ့လာဖို့ ရှာဖွေနေတဲ့ လူငယ်များအတွက် MEXT Scholarship အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

MEXT ပညာသင်ဆု ဆိုတာ ဘာလဲ?

MEXT (Ministry of Education, Culture, Sports, Science and Technology) ပညာသင်ဆု ဆိုတာ ဂျပန်ပညာရေးဝန်ကြီးဌာနကနေ နိုင်ငံတကာမှ ကျောင်းသားတွေကို ဂျပန်အစိုးရက ကျောင်းစရိတ်၊ နေထိုင်မှုစရိတ်ကစလို့ အသွားအပြန် လေယာဉ်လက်မှတ်အဆုံး အကုန်ထောက်ပံ့ပေးပြီး ပညာသင်ယူနိုင်ဖို့ နှစ်စဥ်ခေါ်ယူတဲ့ 100% Full Scholarship Program တစ်ခုဖြစ်ပါတယ်။

MEXT ပညာသင်ဆုမှာ အဓိကအားဖြင့် (4) မျိုးရှိပါတယ်။ Post-graduate မှာ Research Student (Phd or Master) Category ရှိပြီး Undergraduate မှာတော့ University Undergraduate Student, Technology College Student နှင့် Specialized Training College Student ဆိုပြီး စုစုပေါင်း (4) မျိုးရှိပါတယ်။ Post-graduate ကတော့ 35 နှစ်အောက်အထိ လျှောက်လို့ရပြီး၊ Undergraduate က 17-22 နှစ်အထိ လျှောက်လို့ရပါတယ်။

MEXT ပညာသင်ဆုရဲ့ ကောင်းကျိုးတွေကရော?

MEXT ပညာသင်ဆုအတွက် ရွေးခံရပြီဆိုတာရင် ကိုယ်တက်မယ့် ကျောင်းတွေရဲ့ ကျောင်းစရိတ်ကို ကျောင်းလခ ဘယ်လောက်ပေးရမှန်းတောင် မသိတဲ့အထိ အကုန်လုံးကို 100% တာဝန်ယူပေးပါတယ်။ ကျောင်းစရိတ်အပြင် နေစားစရိတ်အနေနဲ့ Undergraduate ဆိုရင် တစ်လကို ယန်း 12 သောင်း (မြန်မာငွေ 15 သိန်းနီးပါး) ရပါတယ်။ ဂျပန်မှာကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက်တဲ့ ပမာဏပေးထားပါတယ်။ Research Student အတွက် ခရီးစရိတ်၊ အသုံးစရိတ်လိုအပ်ရင်လည်း တောင်းခံနိုင်ပါတယ်။

MEXT Scholarship ရဲ့ ကောင်းတဲ့အချက်တစ်ခုက စာသင်ရင်းနဲ့ အချိန်ပိုင်းအလုပ်လည်း ပေးလုပ်သလို၊ ဘွဲ့ Diploma တွေရပြီးရင်လည်း ဂျပန်မှာ ဆက်နေပြီး အလုပ်လုပ်လို့ရပါတယ် (ဒါမှမဟုတ်) မြန်မာပြည်ကို ပြန်လာချင်ရင်လည်း ရပါတယ်။ သူတို့ကို ဘာပြန်လုပ်ပေးရမယ်ဆိုတာ မရှိတဲ့အတွက် ကိုယ့်စာကိုယ်ကြိုးစားပြီး ပေးထားတဲ့နှစ်အတွင်းမှာ ကျောင်းပြီးအောင် တက်ဖို့ပဲလိုအပ်ပါတယ်။ နောက်ပြီး တက္ကသိုလ် တတိယနှစ်ဝင်အောင်လျှောက်ပြီး Scholarship ကိုပါ Extension ထပ်လျှောက်လို့ရပါတယ်။

နောက်တစ်ချက်အနေနဲ့ MEXT Scholarship ကျောင်းသားဆိုရင် အင်မတန် မျက်နှာပွင့်ပါတယ်။ ဂျပန်အစိုးရရဲ့ Scholarship ရဖို့ဆိုတာ မလွယ်တဲ့မတွက် MEXT Scholarship ကျောင်းသားဆိုရင် ဂျပန်တွေကအစ အထင်ကြီးကြပါတယ်။

Research category အကြောင်း

Research Student ကို လူအရေအတွက်များများ ပေးတာဖြစ်လို့ လျှောက်မယ်ဆိုရင် Embassy Recommendation နှင့် University Recommendation ဆိုပြီး (2) မျိုး ရှိပါတယ်။ Embassy Recommendation ကတော့ မြန်မာမှာ စာမေးပွဲ (4) ဆင့် လောက်ဖြေရပါတယ်။ University Recommendation ဆိုတာကတော့ ဂျပန်ကကျောင်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လျှောက်ရတာပါ။

(Embassy Recommendation ကတော့ တစ်နှစ်ကို အယောက် 20 ဝန်းကျင် ပါတတ်ပါတယ်။ University Recommendation ကတော့ ဝင်ရလွယ်တဲ့ ကျောင်းရှိသလို မဟုတ်တာလည်းရှိပါတယ်။)

Embassy Recommendation ကို မြန်မာမှာ လျှောက်မယ်ဆိုရင် MAJA ကနေလျှောက်တာ နဲ့ Ministry ကနေလျှောက်တာဆိုပြီး 2 မျိုးရှိပါတယ်။ အစိုးရဝန်ထမ်း မဟုတ်တဲ့သူတွေကတော့ MAJA ကနေတစ်ဆင့် လျှောက်ရပါတယ်။ စီစစ်ရွေးချယ်မူ 3 ဆင့် ဖြေရပါတယ်။ Ministry ဆိုရင်တော့ ဝန်ကြီးဌာနလုပ်ထုံးအတိုင်း သွားရတာဖြစ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနကိုမေးမြန်းပြီး လျှောက်လို့ရပါတယ်။

MEXT Scholarship အတွက် Embassy Recommendation လျှောက်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ?

(1) အဓိကကတော့ အမှန်တကယ်စိတ်ဝင်စားသူများအတွက် MEXT OFFICIAL GUIDELINES ကို သေချာဖတ်ပြီး ဘယ် Category ကို ဖြေမလဲဆိုတာ စဉ်းစားထာပါ။
(2) English 4 Skills ကတော့ Advanced Level ရှိရပါမယ်။ Certificate တော့မတောင်းပါဘူး။
(3) Japanese Basic Skill အနည်းဆုံးရှိရင်ကောင်းပါတယ်။ ဂျပန်တွေရဲ့ ယဥ်ကျေးမှုအကြောင်းကို အကြမ်းဖျင်းသိထားရင် ပိုကောင်းပါတယ်။
(4) Undergraduate ဖြေမယ့်သူများကတော့ Japan EJU စာမေးပွဲမေးခွန်းများကို လေ့ကျင့်ထားပါ။
(5) Research ဖြေမယ့်သူတွေကတော့ Research Proposal ကိုစဉ်းစားပြင်ဆင်ထားပါ။ အဲ့တာကို အဓိကအမှတ်ပေးရွေးချယ်တာလို့ ထင်ပါတယ်။
(6) မြန်မာ-ဂျပန် သတင်းများကို နားထောင်ထားပါ။

နောက်ဆုံးအနေနဲ့ Scholarship ဖြစ်တဲ့အတွက် အောင်မှတ်ဆိုတာမရှိပါဘူး။ အတူတူပါဝင်သူတွေနဲ့ ဘာကွာလဲ? ဘာသာလဲ? ဆိုတာနဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားသာချက်ကိုလည်း သိနေဖို့ လိုအပ်ပါတယ်။ Guideline ကိုလည်း သေချာဖတ်ပြီး Hint ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြည့်ပါ။

Embassy Recommendation ကို နှစ်စဥ် 4 လပိုင်းအလယ်လောက်မှာ ခေါ်တတ်ပါတယ်။ (Myanmar Embassy Page ကို အမြဲမပြတ် စောင့်ကြည့်ပေးပါ)

University Recommendation အတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာနဲ့ ဘယ်ချိန်တွေ ခေါ်လဲဆိုတာ ကျောင်းတစ်ကျောင်းချင်းစီနဲ့လိုက်ပြီး ကွာခြားတဲ့အတွက်ကြောင့် ကျောင်းရဲ့ Home Page မှာ ဝင်ရောက် ကြည့်ရှုလို့ရပါတယ်။

Undergraduate အကြောင်း

(ဒီဆောင်းပါးမှာတော့ Postgraduate က ကိုယ်နှင့် မရင်းနှီးတဲ့အတွက် Undergraduate Process အကြောင်းကိုပဲ အသေးစိတ်ပြောသွားပါမယ်။)

Undergraduate အောက်မှာ 3 မျိုး ပြန်ကွဲပေမယ့် သုံးမျိုးလုံးက လျှောက်တဲ့ Process က အကုန်နီးပါးတူပါတယ်။ အရင်ဆုံး အဲ့ 3 မျိုး အကြောင်းကို ပြောပြပါမယ်။

(1) University Undergraduate ဆိုတာက ဂျပန်စာသင်ကျောင်း တစ်နှစ်နှင့် တက္ကသိုလ်လေးနှစ် စုစုပေါင်း 5 နှစ်တက်ရပါတယ်။

(2) Technology College ဆိုတာက လက်ရှိ Engineering or IT တက္ကသိုလ်တက်နေတဲ့သူတွေပဲ လျှောက်လို့ရပါတယ်။ College ဖြစ်တဲ့အတွက် တက္ကသိုလ်ထက် နှစ်နည်းသလို တစ်ဆင့်နိမ့်တယ်လို့လည်း ပြောလို့ရပါတယ်။ ဂျပန်စာကျောင်းတစ်နှစ်နှင့် College 3 နှစ် စုစုပေါင်း 4 နှစ်တက်ရပါတယ်။

(3) Specialized Training College ဆိုတာကတော့ Management, Social Welfare, Education စတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်တဲ့ 2 နှစ် college ပါ။ ဂျပန်စာသင်ကျောင်းတစ်နှစ်နှင့် College 2 နှစ် စုစုပေါင်း 3 နှစ် တက်ရပါတယ်။ တက္ကသိုလ်က ဘွဲ့ရပြီး College တွေကတော့ Diploma ရပါတယ်။

Applying Process အကြောင်း အသေးစိတ်

Undergraduate အတွက် လျှောက်မယ်ဆို အရင်ဆုံး ပုလဲကွန်ဒိုက MAJA ရုံးမှာ ကိုယ်လျှောက်မယ့် Category ကိုလိုက်ပြီး လျှောက်လွှာယူပြီး တင်ရပါတယ်။

ပထမဆုံးအဆင့်က MAJA ရေးဖြေပါ။ လျှောက်တဲ့ Major ကိုလိုက်ပြီး ဖြေရတဲ့ဘာသာရပ်တွေလည်း မတူပါဘူး။ Basic အနေနဲ့ English, Japanese နှင့် Maths ဖြေရပါတယ်။ ဒါကိုမှ သိပ္ပံတွဲဘက် Major တွေယူရင်တော့ ဆိုင်ရာ Chemistry, Physics, Biology တွေလည်း ဖြေရပါတယ်။

(MEXT Scholarship ရဲ့ လိုအပ်ချက်မှာ ဂျပန်စာတတ်ရမယ်ဆိုတာ မပါတဲ့အတွက် ဂျပန်စာကို မဖြေပဲ Blank ထားလည်းရပါတယ်။ ဒါပေမယ့် တကယ်တမ်း ဂျပန်စာ အခြေခံလောက် တတ်ထားရင် ရွေးခံရဖို့ ဖြစ်နိုင်ချေများသလို တကယ်တမ်း ဂျပန်ရောက်လာတဲ့အခါမှာလည်း ဒုက္ခမရောက်တဲ့အတွက် ဂျပန်စာတတ်ထားတာက ပိုကောင်းပါတယ်။ ဘယ်အဆင့်အထိ တတ်ရမယ်ဆိုတာမျိုး မဟုတ်ပဲ ဂျပန်စာမေးခွန်းက အလွယ်ဆုံးကနေ ခက်တဲ့အထိ အကုန်ပါတာမို့လို့ ကိုယ်ဖြေနိုင်တဲ့ အထိဖြေရင်ရပါတယ်။)

ရေးဖြေအောင်သွားရင် MAJA နှုတ်ဖြေစာမေးပွဲကို ဝင်ရပါတယ်။ အထွေထွေဗဟုသုတနဲ့ လက်ရှိ ဂျပန်-မြန်မာဆက်ဆံရေး၊ MAJA ရဲ့လုပ်ဆောင်ချက်တွေ လေ့လာထားရင် လုံလောက်ပါတယ်။ အဓိကအနေနဲ့ ကိုယ်ဘာလို့ ဂျပန်မှာ စာသင်ချင်တယ်၊ ဘယ်လောက် စိတ်အားထက်သန်တယ်ဆိုတာနှင့် အနာဂတ်မှာ ဘာလုပ်ချင်တယ်ဆိုတာကို သေသေချာချာ ပြောပြနိုင်ဖို့လိုပါပဲ။
(နှုတ်ဖြေက မြန်မာလို ဖြေခဲ့ရပေမဲ့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မိတ်ဆက်တာရယ်၊ ကိုယ့်နိုင်ငံကို မိတ်ဆက်တာရယ်ကို အင်္ဂလိပ်လို ပြောပြခိုင်းပါတယ်။)

MAJA အဆင့်ကို ကျော်နိုင်ပြီဆိုရင်တော့ သံရုံးအဆင့် ဖြေရပါမယ်။ သံရုံးမှာလည်း ရေးဖြေ နှုတ်ဖြေ နှစ်ခါပါပဲ။ MAJA မှာ ဖြေရတဲ့ ဘာသာရပ်တွေနှင့် အတူတူပါပဲ။ သံရုံးရေးဖြေစာမေးပွဲမှာ လူတော်တော်များများကို စစ်ချပစ်ပါတယ်။ ရေးဖြေစာမေးပွဲအောင်ပြီး နှုတ်ဖြေစာမေးပွဲဖြေရတဲ့သူစာရင်းကို သံရုံးရှေ့မှာ ကပ်လေ့ရှိပါတယ်။ (MAJAကတော့ အောင်တဲ့သူတွေဆီ ဖုန်းဆက်ပေးပါတယ်။) ဒီနေ့ဖြေ မနက်ဖြန်အောင်စာရင်းထွက်တဲ့ပုံစံမျိုးပါ။ MEXT စာမေးပွဲတွေက Result ထွက်တာမြန်ပါတယ်။

သံရုံးနှုတ်ဖြေမှာတော့ သံရုံးက လူကြီးတွေနဲ့ တက္ကသိုလ်က ပါမောက္ခချုပ်လိုမျိုး ဆရာကြီးတွေ စုစုပေါင်း သုံးယောက်လောက် မေးတတ်ပါတယ်။ ဂျပန် (သို့မဟုတ်) အင်္ဂလိပ်လို ဖြေရပါတယ်။ အဓိက ကိုယ့်အကြောင်းမေးတာဖြစ်တဲ့အတွက် ယုံကြည်မှုရှိဖို့ရယ် ကိုယ်ကဒီပညာသင်ဆုကို ဘယ်လောက်အထိလိုချင်တယ်၊ ဘာလို့လိုချင်တယ်၊ ပညာသင်ပြီးရင် ဘာတွေလုပ်ချင်တယ် ဆိုတာတွေကို သေချာပြောနိုင်ဖို့ လိုအပ်ပါတယ်။

သံရုံးနှုတ်ဖြေအောင်ရင်တော့ နောက်ဆုံးအဆင့် Final Screening ကျန်ပါတယ်။ အဲ့အဆင့်က ကိုယ့်ရဲ့ စာရွက်စာတမ်းတွေကို ဂျပန်ဘက်ကိုပို့ပြီး စစ်တာပါ။ ကိုယ်လုပ်စရာအပိုင်းမရှိပါဘူး။ သံရုံးနှုတ်ဖြေက August လလောက်ဆို ပြီးပေမယ့် Final Screening Result က December လလောက်မှ သိရပါတယ်။ နောက်ဆုံးထိရွေးခံရပြီဆိုရင်တော့ သွားဖို့ Visa လျှောက်တာတွေ၊ ပြင်ဆင်တာတွေ လုပ်ရုံပါပဲ။ နောက်နှစ်ရဲ့ April Term မှာ ကျောင်းတက်ရမှာပါ။

MEXT Scholarship အတွက် သိထားသင့်တဲ့ အရာများ

- ကိုယ်သင်ထားတဲ့ ဘာသာရပ်မဟုတ်လည်း လျှောက်လို့ရပါတယ်။ လိုအပ်တာက Research Student ဆိုရင် ဂျပန်မှာလေ့လာချင်တဲ့ ဘာသာရပ်ရဲ့ Research Plan၊ Undergraduate ဆိုရင် ရေးဖြေစာမေးပွဲ (ဝိဇ္ဇာလား၊ သိပ္ပံလားပေါ်မှာ မူတည်ပြီးတော့ ရေးဖြေမေးခွန်းကွာပါတယ်)၊ College of Technology, Specialized Training College ဆိုရင်လည်း စာမေးပွဲအောင်ရင် ရပါတယ်။

- Japan စာက မဖြစ်မနေလိုတာတော့ မဟုတ်ပါဘူး။ တတ်ထားရင်တော့ကောင်းပါတယ်။

- English စာကတော့ ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ Certificate မတောင်းပါဘူး။ စာမေးပွဲမှာ English စာ အရည်အချင်းကို စစ်ပါတယ်။

- IELTS, TOEFL လက်မှတ် မလိုပါဘူး။ Research ကျောင်းသားတွေကတော့ ကျောင်းဝင်ခွင့်ဖြေတဲ့အခါ ကျောင်းကတောင်းတာရှိပါတယ်။ အဲ့တာက ဂျပန်ရောက်မှ ဖြေလည်းရပါတယ်။

- Scholarship ကျောင်းသားတွေအနေနဲ့ ဂျပန်အလုပ်သမားရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တစ်ပတ် ၂၈ နာရီ အလုပ်ချိန်မကျော်ရင် လုပ်လို့ရပါတယ်။

- Category ကို လိုက်ပြီး ကျား၊မ သတ်မှတ်ချက် ကွာတဲ့အတွက် ကိုယ်လျှောက်မဲ့ နှစ်နှင့် Category ရဲ့ Guideline ကို ကိုးကားပါ။

- အဝေးသင်နှင့် Day ကို အတူတူပဲယူပါတယ်။ Guideline မှာ ဖော်ပြတဲ့ သတ်မှတ်ချက်နဲ့တော့ ကိုက်ညီတဲ့သူဖြစ်ရပါမယ်။

- MEXT Selection Process က အစအဆုံး တစ်နှစ်နီးပါး ကြာပါတယ်။ 4 လပိုင်းမှာ ဖောင်တင် Maja အဆင့်ဖြေ Embassy အဆင့်ဖြေ ( Research Student ဆိုရင် ဂျပန်ကျောင်းကို ဆက်သွယ်) နောက်နှစ် 1 လပိုင်း (သို့မဟုတ်) 2 လပိုင်း အဖြေထွက်၊ 2 လပိုင်း Orientation လုပ်၊ 3 လပိုင်း ဗီဇလျှောက်၊ 4 လပိုင်း ဂျပန်ရောက်တဲ့ Flow ပါ။

- မြန်မာမှာ Undergraduate ပြီးပြီဆိုပေမဲ့ Undergraduate ပဲပြန်လျှောက်လို့ ရတဲ့အပြင် Master to Master လည်းရပါတယ်။

ဒါဆိုရင်တော့ MEXT Scholarship အကြောင်းကို ပြည့်ပြည့်စုံစုံ သိသွားကြမယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှ လူငယ်တွေအနေနဲ့ ဂျပန်နိုင်ငံမှ အဆင့်မြင့်ပညာရေးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း