SarPhat Author
** လမ်းမဲ့ရထား ရှည်လျားအမှောင် (၈)
မောင်လူသစ်
မြကျော်သေပြီဆိုတာနဲ့ အေးအေးခမျာဟာလာဟင်းလင်းကြီး ဖြစ်သွားသလိုဘာကိူ စိတ်တိုလို့ တိုနေမှန်းလည်း မသိဘူး။ လင်သေပြီးကတည်းက ရက်လည်တဲ့အထိ အလုပ်ကလည်း မသွားရတော့ နေရထိုင်ရတာ ကြောင်စီစီကြီး ဖြစ်နေတယ်။
ရက်လည်ပြီးတော့လည်း လူက ပင်ပန်းပြီး နွမ်းခွေနေသလို ဖြစ်နေတာရယ်၊ လက်ထဲလည်း.ပိုက်ဆံဆယ်သိန်းလောက်ရှိနေတာရယ့်ကြောင့် အလုပ်မဆင်းသေးပဲ ခဏနားနေမိတယ်။.ရှေ့ဆက် ဘာလုပ်ရမလဲ စဥ်းစားနေမိတယ်။
ဒီလိုပဲ ဒီနေရာမှာ ကလေးတပြုံကြီးနဲ့ ပန်းရံလုပ်ပြီး နေသွားလို့ကတော့ အချိန်ကုန် အရွယ်ကုန်ပြီး ဘာမှလည်း ဆက်ဖြစ်လာမှာမဟုတ်ဖူးလို့လည်း တွေးနေမိတယ်။
ဒီနေရာမှာက စရိုက်စုံတယ်၊ ကလေးတွေက အတုမြင်ပြီး အတတ်သင်ဖြစ်ကုန်ကြမှာလည်းစိုးရသေးတယ်။အဲသလို လျှောက်တွေးပြီး ပူနေရတဲ့ကြားထဲ သူ့ကို ချောင်းနေတဲ့ မော်ကြီး ဆိုတဲ့ အကောင်ကလည်း တမှောင့်။
မော်ကြီးက ဘာအလုပ်မှ ရေရေရာရာမရှိဘူး။ လူမိုက်ယောင်ယောင်၊ ဇိုးယောင်ယောင်၊ သတင်းပေးယောင်ယောင် ဟောင်ဖွာ ဟောင်ဖွာနဲ့ လုလည်ကျစားနေတဲ့ကောင်။ မိန်းမဆိုရင် ဘာမှ မရှောင်ဘူး။ လင်ရှိမယားလည်းမရှောင်ဘူး။ အဖွားကြီးလည်း မရှောင်ဘူး။ရမယ်ဆိုရင်အကုန်လာထား ဆိုတဲ့အကောင်ဆိုတာ လူတကာသိတယ်။
ဒီနေရာမှာလည်း လင်ငယ် မယားငယ်ကိစ္စ၊ ဟိုကိစ္စ တွေက ထမင်းစား ရေသောက် ဖြစ်ချင်သလို ဖြစ်နေကြတာရယ်။ လင်သေတာဆယ်ရက်မပြည့်သေးတဲ့ အေးအေးကို မော်ကြီးက ကြံနေပြီ။
တနေ့ နေ့လည်ဖက် မယောင်မလည်နဲ့ မော်ကြီးက ရောက်လာတယ်။ မချိူမချဥ် အမူအယာနဲ့ -+
"
" ဟဲ့ အေးအေး၊မြကျော် မရှိတော့ပေမဲ့ အားမငယ်နဲ့၊ ငါတို့ရှိတယ်။ နင့်ကို စောင့်ရှောက်မယ်၊ ဒီနေ့ကစပြီး နင် ဧည့်စာရင်း မတိုင်နဲ့တော့၊ ငါ တာဝန်ယူတယ်။ နင့်အတွက်ရုံးမှာ ငါ ပြောထားလိုက်မယ်။ နင် အခု ဘာအကူအညီ လိုလည်းပြော၊ငါ ကူညီမယ် "
အေးအေးကလည်း စိတ်တိုနေချိန်ဆိုတော့ ညစ်တွန်းတွန်းပြီး ပြောချလိုက်ရော -
" ဘာမှ မလိုဘူး၊ နေစမ်းပါဦး၊ နင်က ဘယ်နေရာမှာ ဘာတာဝန်ရှိတာလဲ။ ဆယ်အိမ်ခေါင်းလား၊ ရာအိမ်ခေါင်းလား၊ ငါ့အတွက်နင်က ဘာတာဝန်ယူမှာလဲ၊ အူကြောင်ကြောင်နဲ့ ဇာတ်လမ်း လာရေးမနေနဲ့၊ လင်သေထားလို့ ငါ ညစ်နေတာနော်၊ ဒီမှာတွေ့လား၊ မြကျော်ကိုင်ခဲ့တဲ့ ဓားမြှောင်၊ ဒီဓားမြှောင်က နင့်ဗိုက်ထဲဝင်သွားမယ်။.ငါ့ကို ဘယ်လို မိန်းမမျိူးထင်နေလဲ၊ သွားတော့
နင် ညောင်းလိုက်တော့ "
အဲသလို ပြောလိုက်တာတောင် မော်ကြီးက စိတ်မလျှော့သေးဘူး။ ပြန်ခါနီး ပြောသွားသေးတယ် -
" အေးပါဟာ ၊ငါက စေတနာနဲ့ပါ၊ တနေ့ ငါ့စေတနာကို နင် သဘောပေါက်လာမှာပါ "
အေးအေးရဲ့ ကလေးတွေကလည်း.ဘုစုခရု ရှေ့ဆင့်နောက်ဆင့်တွေဖြစ်တော့ အကြီးလေးတွေက အငယ်လေးတွေကိူ ဖြစ်သလိုပြန်ထိမ်းနေကြသလိုဖြစ်နေတယ်။.ကျောင်းနေရမဲ့အရွယ်ကို အကြီးသုံးယောက်က ရောက်လာပေမဲ့ ကျောင်းလည်းမထားနိုင်ဘူး။.
တပတ် ဆယ်ရက်လောက် နေပြီး အေးအေး အလုပ်ပြန်ဆင်းမယ်ကြံတုန်း တနေ့မနက်ဖက် အကြီးဆုံးကောင်လေးက ပျောက်သွားတယ်။ ဘယ်ကို သွားလို့သွ့ားမှန်းမသိဘူး။ တခါမှလည်း အဲလို မသွားဖူးတော့ အေးအေးခမျာစိတ်ပူပြီး ဟိုမေး ဒီစမ်း လုပ်တော့ ဟိုးဘက်တဲစုက ကလေးတွေနဲ့ ပါသွားတာတဲ့။
ဘယ်ကိုပါသွားသလဲဆိုတော့ ဟိုးဘက်ခပ်လှမ်းလှမ်း မှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီဘုန်းကြီးကျောင်းက နေ့ဆွမ်းစားပြီးရင် ပိုတဲ့ ဆွမ်းကျန် ဟင်းကျန်တွေကို မရှိဆင်းရဲသားတွေကိူ ဝေသတဲ့။.အဲဒီ ထမင်းဝေတဲ့နေရာကို သူ့တူအကြီးကောင်လေးက အဖော်ကောင်းလို့လိုက်သွားတာတဲ့။
အေးအေးက အရင်က မိုးလင်းက မိုးချူပ် အလုပ်ဆင်းနေတော့ အဲဒီကိစ္စကို မသိသေးဘူး။.သူ့တူလေးက အဲဒီ ထမင်းဝေတဲ့နေရာမှာ ထမင်းသွားတန်းစီပြီး ရလာတဲ့ ထမင်းကျန် ဟင်းကျန်တွေကိူ သူ့အောက်က ကလေးတွေကိူ ကျွေးနေတာကြာပြီတဲ့။
သိပ်မကြာဘူး။ကြွပိကြွပ်အိတ်နှစ်ထုတ်၊ ထမင်း တစ်ထုတ်၊ ဟင်းတစ်ထုတ်ကိုင်ပြီး ချွေးသံရဲရဲ နဲ့ သူ့တူလေး ပြန်လာရော၊ ပထမတော့ စိတ်တိုပြီး ရိုက်မလို့တွေးထားတာ။
တကယ်ကျတော့ သူ အလုပ်သွားခါနီး ချန်ထားခဲ့တဲ့ ထမင်းဟာ ကလေးငါးယောက်အတွက် မဝရေစာဖြစ်နေလို့ အကြီးကောင်လေးခမျာ ဘုန်းကြီးကျောင်းမှာ သွားတောင်းပြီး သူ့အောက်က ကလေးတွေကို ကျွေးနေရတာပါလားဆိုပြီး စိတ်မကောင်းဘူး။ အေးအေး ငိုမိတယ်။
နောက်တော့ အေးအေး စဥ်းစားမိတယ်။ ဒီအတိုင်း ဆက်သွားနေရင် ဒီအကြီးကောင်လေးဟာ ဒီက ဘဝတူ ကလေးတွေလို နောက်ပိုင်းကျရင် ပလုံကောက်တာတွေ၊ အလစ်သုတ်တာတွေ၊ကော်ရှူတာတွေ ဖြစ်လာတော့မယ်။
ဒီနေရာက ခွာမှ ဖြစ်မယ်။ မြကျော်သေလို့ ရထားတဲ့ပိုက်ဆံ ဆယ်သိန်း လက်ထဲရှိတုန်း တနေရာကို ရွှေ့နေမှပဲဆီုပြီး အေးအေးစဥ်းစားတယ်။
ဘယ်ကို သွားရမှာပါလိမ့်၊ ကလေး တပြုံကြီးနဲ့၊။
ဆက်လက်ဖော်ပြပါမည်။
မောင်လူသစ်
၁၂. ၇. ၂၀၂၄
Keep Reading