Monologue By Mon
ကျမက ဘယ်လောက်ပင်ပန်းပင်ပန်း ခေါင်းချလိုက်တာနဲ့ အိပ်ပျော်လွယ်တဲ့ သူထဲမှာ မပါပါဘူး။
အိပ်ပျော်ဖို့ ခက်တဲ့ သူထဲမှာကို ပါတယ်လို့ပဲ ပြောရမလားပဲ။ ခရီးတူတူသွားဖူးသူတွေဆို သိပါတယ်။ ညဖက်ညဉ့်နက်ထိ ကျမ အိပ်မပျော်တက်တာ။
အဲ့တော့ အိပ်ပျော်ဖို့ကို ဆေးတွေသောက်ရတာလည်း မကြိုက်တဲ့ ကျမအတွက် ရှာဖွေတွေ့ရှိလိုက်တဲ့ တစ်ခုတည်းသောနည်းက စာအုပ်ဖတ်တာ နဲ့ ညဖက် ရုပ်ရှင်ကြည့်တာပါပဲ။ စာအုပ်ဖတ်လို့ ရုပ်ရှင်ကြည့်လို့ အိပ်မပျော်ဘူးမထင်ပါနဲ့ အနည်းဆုံး နာရီဝက် နဲ့ အများဆုံး တစ်နာရီအတွင်း ကျမ လုံးဝ အိပ်ပျော်ပါတယ်။
အဲ့လို အိပ်ပျော်ဖို့ ဖတ်တဲ့ စာအုပ်တွေထဲကနေ သဘောကျမိတဲ့ စာအုပ်လေး တစ်အုပ်ကို Sharing လုပ်ပေးချင်လို့ပါ။
ဒေါက်တာသူရိန်လှိုင်ဝင်းရဲ့ လူရာဝင်ခြင်းမှတ်စုများ ဆိုတဲ့ စာအုပ်ပါပဲ။
လူရာဝင်ခြင်း မှတ်စုများဆိုပေမယ့် လူရာဝင်အောင် လူပေါ်လူဇော်လုပ်ဖို့ ဇွတ်အတင်း လူဝင်ဆန့်အောင်လုပ်ဖို့ ညွှန်းထားတာ မဟုတ်ဘူး လူတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ရှိထားရင် ဘဝမှာ နေထိုင်ရ အဆင်ပြေစေမယ့် အချက်လေးတွေကို သေချာလေး ပြောပြထားတာမျိုးမို့ လူရာဝင်တယ်ဆိုတာထက် လူရိုသေရှင်ရိုသေ ဖြစ်အောင် ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် နေထိုင်နည်း ကို ပြောပြပေးသလိုလေးလို့ ခံစားရပါတယ်။
စာအုပ်ရဲ့ ရှေ့ပိုင်း စာမျက်နှာတွေမှာလည်း " ဒီစာအုပ်ဟာ လူရာမဝင်ခဲ့တဲ့သူတစ်ယောက်ရဲ့ အပြောင်းအလဲမှတ်တမ်းလို့ဆိုနိုင်ပါတယ်။
လူရာမဝင်တဲ့ဘဝကနေ ဘယ်လိုစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေနဲ့ ကြိုးစားအားထုတ်မှုတွေလုပ်ခဲ့ရလဲ ဆိုတာကို ရေးသားထားပါတယ်။
ဒါကြောင့် ကိုယ့်ဘဝကိုယ် အားငယ်နေပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေအတွက် လမ်းကြောင်းနဲ့ အကြံဉာဏ်တွေပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီစာအုပ်ကို အပိုင်း သုံးပိုင်းနဲ့ ကျွန်တော်တည်ဆောက်ထားတယ်။
အပိုင်း (က) မှာ ကိုယ့်စိတ်ကိုယ် စတင်ပြင်ဆင်တာတွေအကြောင်းရေးသားထားတယ်။
စိတ်ဓာတ်ကျနေတာတွေ မယုံမကြည်ဖြစ်နေတာတွေအတွက်ပါ။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို
ဘာတွေပဲပြောပြော မထူးပါဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို
ပထမဆုံးအနေနဲ့ထားပါတယ်။
အပိုင်း (ခ) မှာတော့ အပြောင်းအလဲကို စတင်အကောင်အထည်ဖော်ခြင်းကိုရေးသားထားတယ်။
ကိုယ့်ကိုယ်ဘယ်လိုပြောင်းလဲမလဲ။ ဘယ်လိုလမ်းကြောင်းပေါ်တင်မလဲဆိုတာတွေနဲ့
လူရာဝင်ဖို့အပြောင်းအလဲဖြစ်အောင်လုပ်ပုံတွေအကြောင်း ရေးသားထားပါတယ်။
နောက်ဆုံးအပိုင်း (ဂ) မှာတော့ အလုပ်အကိုင်နဲ့ပတ်သက်လို့ ပြုလုပ်သင့်တာတွေ
ထားသင့်တဲ့စိတ်ထားတွေအကြောင်းရေးသားထားတယ်။ အလုပ်အကိုင်ကလည်း လူတစ်ယောက်ရဲ့ ဘဝမှာ မပါမဖြစ်ဆိုတော့ အလုပ်အကိုင်ဖွံ့ဖြိုးရေးအကြောင်းမပြောဘဲ လူရာဝင်ဖို့ဆိုတာ မပြည့်စုံဘူးလို့ ကျွန်တော်ယူဆလို့ပါ။" ဆိုပြီး စာရေးသူကိုယ်တိုင် အညွှန်းပြောပြပေးထားတာကို တွေ့ရမှာပါ။
.
? ဒီစာအုပ်လေးဖတ်ပြီး ကိုယ်လျောက်နေတဲ့ လမ်းမှာ ပြင်ဆင်ပြောင်းလဲသင့်တာလေးတွေ ရှိရင် အတွေးတစ်ခုခုရသွားမယ်ထင်ပါတယ်။
.
? ကျမရဲ့ တစ်ဦးတည်း အမြင်အရ လူတိုင်း မပြီးပြည့်စုံ နေကြပါဘူး။ ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ် တစ်နေရာရာမှာ လိုအပ်ချက် ၊ ပြင်လိုက်ရင် ပိုကောင်းသွားမယ်ဆိုတဲ့ အချက်ဆိုတာ ရှိကိုရှိကြပါတယ်။
.
? ပိုကောင်းတဲ့သူဖြစ်အောင် နေထိုင်ရှင်သန်သူတွေများတဲ့ လောကကြီးဟာ တစ်ချိန်မှာ ပိုကောင်းတဲ့ လောကကြီးဖြစ်လာမှာပါပဲ။
.
? ဒီစာအုပ်က ကိုယ့်မှာဖြစ်နေတဲ့ Error တွေ နဲ့ ကိုယ်တိုင် မသိကျိုးကျွံပြုထားတဲ့ Virus တွေကို ရှာဖွေတဲ့နေရာမှာ အထောက်အကူပြုမယ်လို့ ထင်ပါတယ်။
.
? ကျမမှာလည်း ခုထိ မပြင်ဆင်နိုင်သေးတဲ့ Error တွေ ရှိပါတယ်။ ဘာလို့ မလုပ်နိုင်တာလဲဆိုတဲ့ အရာတွေရဲ့ အဖြေကို နည်းနည်းလေးတော့ နားလည်လိုက်တယ်လို့ ခံစားရလို့ ကျမတွေးမိ နားလည်မိသလို ပြင်ဆင်ဖို့လည်း ကြိုးစားနေပါတယ်။
.
? ကောင်းတာလေးတွေ့ရင် မျှဝေချင်တဲ့ စိတ်အခံလေးကြောင့် ဘာရယ်မဟုတ်ပဲ ဒီစာလေးကို ရေးတင်လိုက်ပါတယ်။
.
❤ တိုက်ဆိုင်မှုရှိလို့ ဖတ်မိလို့ တစ်ခုခု အကျိုးရှိသွားတယ်ဆိုရင် Sharing လုပ်ရတာ တကယ်ပီတိဖြစ်ရပါတယ်ရှင်။ ?
Keep Reading