SarPhat Author
ကျွန်မငယ်ငယ်ကနေခဲ့တဲ့ ရပ်ကွက်ထဲမှာ စီကူမားဆိုတဲ့ ဉီးလေးတစ်ယောက်နေခဲ့ဖူးတယ် ။ အဲ့တာလည်း သူ့နာမည်အရင်းမဟုတ်ပါဘူး ။ တစ်ရပ်ကွက်လုံး သူ့ကို အဲ့လိုပဲ ခေါ်ကြတာ ။ သူက ပွဲလုပ်တဲ့အိမ်တိုင်းမှာရှိတယ် ။ ပွဲရှိရင် သူက စားစရာလာတောင်းတတ်တယ် ။ ငယ်ငယ်က ကလေးမို့ ပွဲလုပ်တဲ့အိမ်တိုင်းကို ကျွန်မက သူငယ်ချင်းအဖွဲ့လိုက်နဲ့ သွားတတ်တယ် ။ အဲ့လူကို ကျွန်မအမြဲတွေ့တယ် ။ ဖလံထည်အင်္ကျီလက်ရှည်နဲ့ ပုဆိုးနွမ်းနွမ်းလေးတစ်ထည်ကို သူအမြဲ၀တ်တယ် ။ ပွဲလုပ်တဲ့အိမ်ဆို အပြင်ဘက် ခုံတစ်လုံးမှာ သူငြိမ်နေအောင်ထိုင်တယ် ။ အိမ်ရှင်တစ်ဉီးတစ်ယောက်က စားစရာလေးကို သူ့အတွက်ထုပ်ပေးလိုက်ရင်း အဲ့တာလေးယူပြီး သူပြန်တော့တယ် ။ တကယ်တမ်းတော့ အဲ့စီကူမာဉီးလေးကြီးကို ကျွန်မကြောက်ရပါတယ် ။ ကျွန်မတွေ့ရတဲ့ သာမန်လူတွေထဲမှာ သူက ထူးခြားပြီး ကျွန်မကို ရှုပ်ထွေးစေတယ် ။
အဲ့လူက ဘယ်သူလဲလို အိမ်ကလူကြီးတွေကို ကျွန်မမေးတော့ အဘွားက ဖြေတယ် ။
''သူက သူတောင်းစားမဟုတ်ပါဘူး မြေးရယ် ၊ ကောင်းချီးလားပေးတဲ့သူပါ ၊ သူပွဲလာတဲ့နေ့တွေဆို အဲ့ပွဲက လူတော်တော်စည်တာ ၊ ပွဲဆိုတာ လူများရင် ကောင်းတာပေါ့ ၊ သူက အဲ့လိုကောင်းချီးကို သယ်ပြီးရောက်လာတာ ''
''ကောင်းချီးဆိုတာ ဘာလဲ အဘွား ၊ သမီးမှာကော အဲ့လို ကောင်းချီးရှိလား ''
''ရှိတာပေါ့ မြေးလေးရဲ့ ၊ လူတိုင်းက မွေးကတည်းက ကိုယ့်ကောင်းချီးနဲ့ကိုယ်ပါခဲ့ပြီးထား ၊ ကောင်းချီးဆိုတာ လူတိုင်းကို သူတို့ကိုယ်စီယုံကြည်ကိုးကွယ်ကြတဲ့ ဘုရားရှင်တိုင်းကပေးတဲ့ လက်ဆောင်လိုမျိုး ''
''နောက်ပြီး အဲ့လက်ဆောင်က သမီးရဲ့ကိုယ်ပိုင်ပဲ ၊ စီကူမားက အခုလို လျှောက်သွားတဲ့သူမဟုတ်ပဲ သူဌေးကြီးတစ်ယောက်ဖြစ်နေပါစေ အဲ့ကောင်းချီးက သူ့အတွက်ပဲ ၊ ဘုရားက မွေးကတည်းက အဘွားတို့ကို ထည့်ပေးလိုက်တဲ့ လက်ဆောင်ကိုယ်စီလိုပေါ့ ၊ သမီးရဲ့ ကောင်းချီးကလည်း သမီးရဲ့ကိုယ်ပိုင် တစ်သက်လုံး ဖြစ်နေမှာ ''
'' ဒါဆို အဘွားရဲ့ကောင်းချီးဆိုတဲ့ လက်ဆောင်ကကော ဘာလဲ ၊ အဘွားသိလား ''
''အဘွားရဲ့ကောင်းချီးက အခုလိုအသက်ရှည်ရှည်နဲ့ မြေးလေးတွေနဲ့အတူ ဒီအသက်အရွယ်ထိ နေရတာဟာ ဘုရားကပေးတဲ့လက်ဆောင်လို့ အဘွားထင်တာပဲ ''
''အမေရဲ့ကောင်းချီးကကော ...''
ဘေးနားမှာ အ၀တ်တွေကို ဖာထေးနေတဲ့ အမေ့ကိုပါ ကျွန်မ မေးမြန်းခဲ့တယ် ။
''အမေရဲ့ကောင်းချီးက ဟောဒီက သမီးချောလေးအပါ အမေချစ်ရတဲ့ သားသမီး၅ယောက်လုံးက အမေ့အတွက် ဘုရားကပေးတဲ့ ကောင်းချီးပါပဲ ''
''ဒါဆို သမီးရဲ့ကောင်းချီးကကော....''
''ရှိပါတယ် သမီးရယ် ''
၈နှစ်အရွယ် ကလေးမလေးက ငိုတော့မလိုနဲ့မေးတော့ အဘွားနဲ့အမေက ပြုံးရယ်လို့နေတယ် ။ အမေက ကျွန်မကို ပေါင်ပေါ်ထက်ကို ပွေ့ယူလိုက်ရင်းနဲ့နှစ်သိမ့်ပြီးပြောရှာတယ် ။
မတူညီကြတဲ့ လူသားတွေမှာ ကွဲပြားတဲ့ ကောင်းချီးတွေကိုယ်စီကို ပိုင်ဆိုင်ထားကြတယ် ။ အဲ့အရာကို ကျွန်မယုံကြည်တယ် ။ အမေက ကျွန်မကို တစ်ခါပြောပြခဲ့ဖူးတယ် ။
''တစ်ခါတစ်လေ မပျော်ရွှင်ခြင်းတွေက အမေတို့အနားမှာ လက်နှစ်နဲ့မဆန့်အောင်ထိ ပြည့်နေလိမ့်မယ် ၊ ဒါမဲ့ တစ်နေ့အရောက်လာမဲ့ ပျော်ရွှင်ခြင်းတွေအတွက်လည်း အမေတို့နေရာချန်ထားဖို့ လိုတယ် ၊ အဲ့များပြားတဲ့ ပျှော်ရွှင်မှုတွေထဲမှာ သေချာပေါက် တစ်ခုက သမီးရဲ့ကိုယ်ပိုင်ဖြစ်နေမှာ ၊ အဲ့တာက ဘုရားကပေးတဲ့ ကောင်းချီးဆိုတဲ့ ပျော်ရွှင်ခြင်းလက်ဆောင်ပဲ သမီး ''
#Summer
Keep Reading