Author's Profile Photo

SarPhat Author

19/07/2024

လမ်းမဲ့ရထား ရှည်လျားအမှောင် (10)

2 mins read
Art
လမ်းမဲ့ရထား ရှည်လျားအမှောင် (10)'s photo

** လမ်းမဲ့ရထား ရှည်လျားအမှောင် **


အပိုင်း(၁၀)


မောင်လူသစ်


အေးအေးရဲ့ ရည်မှန်းချက်က ဆိုင်ကယ်စျေးသည်ဖြစ်ဖို့ပဲ။ လတ်တလော ဆိုင်ကယ်အဟောင်းလေးတစ်စီးကို ပေါချောင်ကောင်း ရထားပြီး ဆ်ုင်ကယ်စီးလေ့ကျင့်နေတာ တစ်ပတ် ဆယ်ရက်အတွင်း အတော်ကလေး ကျွမ်းကျင်သွားပြီ။


နောက်တဆင့်အနေနဲ့ ဆိုင်ကယ်ပေါ်မှာ စျေးပစ္စည်း တိုလီမုတ်စ ကြွပ်ကြွပ်အိတ်လေးတွေ ချိတ်ဖို့အတွက် ဆိုင်ကယ်နောက်ကတင်ဖို့ စျေးခြင်းတောင်းအဟောင်းတစ်ခုကိူလည်း ဝယ်ထားလိုက်တယ်။


ဆိုင်ကယ်စီးကျွမ်းလာတော့ စျေးခြင်းတောင်းအခွံကြီးကို ဆိုင်ကယ်နောက်က တင်ပြီး အစမ်းစီးကြည့်တာ သုံးလေးရက်လောက်ကြာတယ်။.ဒါမှလည်း ဆိုင်ကယ် အကွေ့အပြု အရှောင်အတိမ်းကို နားလည်လာမယ်လေ။


စျေးခြင်းတောင်းအခွံကြီးကိုတင်ပြီး အသားကျအောင် စီးတတ်ပြီဆိုမှ စျေးပစ္စည်ကုန်စိမ်းတွေ အပြည့်ချိတ်ထားတဲ့ သူများဆိုင်ကယ်ကို အစမ်းစီးကြည့်သေးတယ်။ ဝိတ်နဲ့ဆိုရင် ဘယ်လိုနေသလဲပေါ့။.အေးအေးကို သနားလို့ အရင်စျေးသည်ဟောင်း အမျိူးသမီးတွေက ကူညီလေ့ကျင့်ပေးကြတယ်။


ဆိုင်ကယ်နဲ့စျေးရောင်းလို့ရပြီဆိုပေမဲ့ အရင်းအနှီးရယ်၊ ရောင်းချရမဲ့ စျေးကွက်ရယ် လိုသေးတယ်။ ဆိုင်ကယ် နဲ့ စျေးရောင်းတယ်ဆိုတာ လွယ်တာမဟုတ်ဖူး။



အလွန်အေးတဲ့ လားရှိူးရာသီဥတုမှာ မနက်မလင်းခင် နှင်းတောတိုးပြီး ဆိုင်ကယ်နဲ့ပတ်နေဖို့အတွက် အနွေးဘောင်းဘီ၊ အနွေးထည်အထူ၊ လက်အိတ်၊ ခြေအိတ်၊ တောစီးဖိနပ်၊ အနွေးခေါင်းစွပ်တွေ လိုတယ်။


အေးအေးဟာ လိုသမျှကို မုန့်လင်မယားရောင်းရင်း တဖြည်းဖြည်း စုဆောင်းယူရတာ သုံးလေးလ ကြာတယ်။သုံးလေးလကြာတော့ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရမယ်။


အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုမှ စျေးရောင်းနိုင်ဖို့အတွက် သူ့ရှေ့က စီနီယာစျေးသည် အမျိူးသမီးတွေနဲ့ အဖော်လိုက်ပြီး အလုပ်သင် စျေးသည် လုပ်ရသေးတယ်။



ဘာကိုဘယ်လောက်ဝယ်ရမယ်။ဘယ်နေရာမှာဝယ်ရမယ်။ ဘယ်နေရာ တွေကိုသွားရောင်းရမယ်။ ဘယ်အချိန် ဘယ်အချိန် တွေ အမီရောင်းရမယ်။ ဘယ်အချိန်ပြန်ရမယ်စတာတွေကို တစ်ပတ်လောက်လိုက်သင်ရသေးတယ်။


အမှန်တကယ်က ဆိုင်ကယ်စျေးသည်တွေဆိုတာဟာ သူ့ဖေါက်သည်နဲ့သူ၊ သူ့နယ်မြေနဲ့သူ၊ သူ့စျေးကွက်နဲ့သူ ကွက်ပြည့်ဖြစ်နေပြီးသာတွေ။.နောက်ထပ် ဘယ်စျေး

သည်ကိူမှ သူတို့စားကျက်ထဲ အဝင်ခံကြတာ မဟုတ်ဘူး။

သူတို့အချင်းချင်း တောင် ဟင်းစားပဲပေးပြီး ကွန်ချက်ပြကြတာမဟုတ်ဖူးရယ်။


မယောင်မလည်နဲ့ သူတို့ရောင်းနေကျ စားကျက်ထဲ စျေးသည်မျက်နှာစိမ်းတစ်ယောက် ရောက်လာလို့ကတော့ ပညာပြပြီး မောင်းထုတ်လိုက်တဲ့ အကွက်တွေကလည်း ရှိသေးတယ်။ အရှင်ထွက်လား.ဘာလား ။


အေးအေးကိုကျတော့ သနားကြပြီး လက်တွဲခေါ်ကြတဲ့သဘောပဲ၊ အေးအေး ကံကောင်းတယ်ပြောရမယ်။.ဒီအလုပ်က အရင်လုပ်နေတဲ့ လူခံမပါရင် ဝင်တိုးလို့ရတာမဟုတ်ဘူး။


လားရှိူးမှာက ဆိုင်ကယ်စျေးသည် နှစ်မျိူးရှိတယ်၊ မြို့တွင်း မြိုပြင် ရပ်ကွက်တွေကိုလည်ရောင်းကြတဲ့

အတွင်းစျေးသည်က တစ်မျိူး ဖြစ်ပြီး အဝေးကို တစ်ညအိပ် သွားရောင်းတဲ့ ရပ်ဝေးစျေးသည်က တစ်မျိူးရှိသေးတယ်။


မြို့တွင်းမြို့ပြင် လည်ရောင်းတဲ့စျေးသည်တွေက အမျိူးသမီးများပြီး အမျိူးသားနည်းတယ်။ ရပ်ဝေးကို ညအိပ်သွားရောင်းကြတာကတော့ အမျိူးသားတွေနဲ့ပဲ သင့်တော်တာကြောင့် အမျိူးသားတွေပဲဖြစ်တယ်။


ဆိုင်ကယ်စျေးသည်တွေက ည သန်းခေါင်ကျော် တစ်ချက်တီးလောက်မှာ အိပ်ယာကထရတယ်။(ထိုစဥ်က နယ်မြေအေးချမ်းသည်) အိပ်ယာကထပြီး ညဘက်ရောင်းတဲ့ ကုန်စိမ်းစျေးကို သွားကြရတယ်။.အဲဒီလို ညအချိန်ဟာ အင်မတန်အေးတဲ့ အချိန်ပေါ့။


ညဘက်ရောင်းတဲ့ ကုန်စိမ်းစျေးက လမ်းပေါ်မှာဆိုပေမဲ့ သူက လက်ကားစျေးပါ။ လက်ကားဖြန့်တဲ့ စျေးသည်ကြီးတွေက ကုန်စိမ်းအမျိူးမျိူး ၊ဟင်းသီးဟင်းရွက်အမျိူးမျိူးကို ကြွပ်ကြွပ်အိတ်တွေနဲ့ထုတ်ပြီး လေးထုတ်တစ်တွဲ တွဲချည်ထားကြတယ်။ သုံးထုတ်တစ်တွဲတွေလည်းရှိကြတယ်။ ကုန်စိမ်းအမျိူးမျိုးအပြင် ကြက်သွန်၊အာလူး၊ငါးခြောက်၊မုန့်၊ ငပိရည်၊တို့စရာ၊ ဝက်သား၊ကြက်သား၊ငါး၊ အမဲသား စတာတွေလည်း အဲသလိုပဲ သူ့စျေးနဲ့သူ အဆင်သင့်ထုတ်ထားကြတယ်။


အေးအေး တို့လို ဆိုင်ကယ် စျေးသည်တွေက ကိုယ်ဝယ်ချင်တာ၊ကိုယ်နဲ့သင့်တော်မဲ့ဟာကို အဆင်သင့်ဝယ်ပြီး ကိုယ့်ဆိုင်ကယ် ခြင်းကြီး နှစ်လုံးထဲ ထည့်တန်ထည့်၊ အပေါ်မှာ ချိတ်တန်တာတွေ ချိတ်ရတယ်။လွယ်တော့ မလွယ်ဘူးရယ်။ ပဒေသာပင်သီးသလို တိုလီမုတ်စ၊ ဗြုတ်စဗျင်းတောင်း အစုံပါတယ်။.ဝိတ်ကလည်း မနည်းဘူး။


အေးအေးခမျာ ဆိုင်ကယ်စျေးဖြစ်ရဖို့အရေး အတော်ကလေး ကြိုးစားရရှာတယ်။ အားလုံး အသင့်ဖြစ်ပြီဆိုတာတောင် ဝါရင့်စျေးသည်တွေဆီမှာ အောက်ကျခံပြီး တစ်လလောက် တပည့်ခံရသေးတယ်။ သူ့ကိုလည်း ကူညီလက်တွဲခေါ်ပေးကြတယ်။


ဟော ဒီနေ့တော့ အေးအေးတစ်ယောက် တကယ့်ပတ်ကား ဆ်ုင်ကယ်စျေးသည်ဘဝကိူ စတင်ရောက်ရှိပါပြီ။



ဆက်လက်တင်ပြပါမည်


မောင်လူသစ်

၁၇. ၇. ၂၀၂၄

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်