SarPhat Author
အဓိပ္ပါယ်ဖွင့်ဆိုလိုက်တိုင်းမှာ ကဗျာဆန်သွားသလို ရှိရှိသမျှပန်းတွေ ပွင့်ဖူးဝေဆာနေတာမျိုး။ တစ်စုံတစ်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်တတ်လာတဲ့အခါ အဲ့စိတ်ကလေးက ကမ္ဘာမှာ အနှိုင်းမဲ့ တုမရတဲ့ မေတ္တာမျိုးတွေပါပဲ။ အာဒံနဲ့ဧဝတို့ကစပြီး ကမ္ဘာဦးအစကတည်းက သန္ဓေတည်မွေးဖွားလာတဲ့အချစ် ဒီနေ့ထိ လူတွေရဲ့စိတ်နှလုံး သွေးကြောတွေထဲမှာ စီးဆင်းလည်ပတ်နေတဲ့အချစ် ယနေ့ထိ ရှင်သန်နေဆဲပဲ။
ချစ်တတ်လာတဲ့အခါ လေရူးကလေးတွေ တိုက်တာကအစ ရွက်ဝါကလေးတွေ ကြွေတာကအဆုံး နှလုံးအိမ်မှာ အေးချမ်းခြင်း ကြည်နူးခြင်း ဝမ်းမြောက်ခြင်းတို့က နေရာယူလိုက်ကြတယ်။ တစ်ခါတစ်ရံ သဘာဝတွေကိုချစ်တယ်။ တိမ်တွေကို ချစ်တဲ့သူတွေက တိမ်တွေပြောတဲ့စကားတွေနားလည်ကြတယ်။ တိမ်တွေရွေ့လျားနေတာမြင်ပြီး သူတို့အမြဲပြောနေကြတဲ့ စကားလုံးတွေက ဒီကမ္ဘာမှာ တွေ့ဆုံပြီးရင် ခွဲရတာ တကယ်တဲ့။ တကယ်ကဗျာဆန်လိုက်တာဗျာ။ ပန်းကလေးတွေကိုချစ်တတ်လာတဲ့အခါ ဥယျာဥ်မှူးကောင်းဖြစ်ချင်လာတယ်။ ပိုးကိုက်နေတဲ့ပန်းတွေကို တွေ့မြင်ရတဲ့အခါ ပိုးကိုဖယ်ခွာ ကာ အဝေးကိုပစ်ပြီး ပန်းကလေးတွေ ဆက်လက်ရှင်သန်ဖို့ကို စိုးရိမ်စိတ်များဖြင့် ပူပန်နေလေတော့တယ်။ ဥယျာဥ်လည်း ပန်းကလေးတွေနဲ့ အချိန်ကြာလာတဲ့အခါ သူစကားတွေပြောဖြစ်လာတယ်။ အရွက်ကျရာကို အပင်ကလေးတွေ လိုက်ပေါက်နေရင် ဥယျာဥ်မှူးဖြစ်တဲ့သူက တစ်ပင်ပြီးတစ်ပင် ကူးရင်းနဲ့ ရူးရလိမ့်တဲ့ ။ သူ့ရဲ့ချစ်တတ်မှုကြီးက တကယ်ရင်ထဲနစ်စေတယ်ဗျာ။
ဘဝမှာ တွေ့ဆုံလာတဲ့လူတွေနဲ့ အကြိမ်ကြိမ် လွဲချော်လာတဲ့အခါ ဆံပင်တွေအရှည်ထားဖြစ်လာတယ်။ စိတ်ကလေးကို အေးချမ်းဖို့ကို အထိအရှတွေကို ရှောင်တတ်လာတယ်။ ကဗျာတွေ စာအုပ်တွေ နားထဲမှာ စိမ့်ဝင်နေမဲ့ ဆွေးမြေ့မြေ့သီချင်းကလေးတွေကို ပိုလိုအပ်လာတယ်။ ပြီးတော့ တံခါးတစ်ခြမ်းပိတ်သွားသလို ဘဝတစ်ခြမ်းနေထပ်ဝင် နေမဲ့ အဖြစ်အပျက်မျိုးတွေကို မကျရောက်ဖို့ သူဆုတောင်းနေမိတယ်။ အဖြူရောင်ပန်းကလေးတွေ ကိုပိုချစ်မယ်။ စာအုပ်ကလေးတွေပိုချစ်မယ်။ စုဆောင်းမယ်။ တိမ်တွေကို စိတ်ရှိလက်ရှိ ငေးမောမယ်။ ပြီးတဲ့အခါ နောက်ဘဝမှာ ချစ်နှစ်သက်သောသူနဲ့ ပေါင်းဖက်ခွင့်ရဖို့ကို ဆုတောင်းမယ်။
ဘယ်အရာကို ပိုလိုအပ်တယ် ။ ဘယ်အရာကို ကိုယ့်ကမ္ဘာမှာ ရှိစေချင်တယ် ။ ကျွန်တော်ဘာကိုမှ စိတ်လိုလက်ရ မတောင်းဆိုတော့ဘူး။ စိတ်ရှိတိုင်းသာ ဖြစ်လာမယ်ဆိုရင် ကျွန်တော်ဒီစာကိုရေးနေတဲ့အချိန် အနားမှာ သူရှိနေမှာပေါ့ ။ အချစ်ဆိုတာက ချစ်တတ်ရင် အေးချမ်းစေတယ်တဲ့ ။ ဟုတ်ပါတယ် ကျွန်တော်နဲ့သူ သိပ်ချစ်ခဲ့ကြတာတယ်။ တစ်ယောက်ဘဝထဲကတစ်ယောက်အကြောင်း ပြောပြခွင့်မရတော့တဲ့နေ့က ကျွန်တော်တို့ တကယ်ခွဲခဲ့ရတယ်။ ကံတရားလည်း ထပ်ပြောလာတယ် အလွမ်းတွေနဲ့မိတ်ဆက်ပေးမယ်တဲ့။ ကျွန်တော် ပြိုလဲရမှာလား ။ ကမ္ဘာပြိုနေသူမို့ ပြိုလဲနေတာလား ကျရှုံးနေတာလား မသိတော့ဘူး။ သေချာတာတစ်ခုကတော့ ကျွန်တော့်နေ့ရက်တွေမှာ အရှုံးတွေပါနေတယ်ဆိုတာ.....
အနာဂတ်တွေ နည်းနည်း ဝေးဝါးနေသလို စိတ်မှာလည်း ကျရှုံးခြင်းတွေရှိနေသလို ဟိုလိုလို ဒီလိုလို စိတ်မှာ အာရုံထွေဖြာ နေတော့တယ်။ ခေါက်ရိုးကျိုးနေတဲ့ နေ့တွေမှာ ချစ်တတ်ဖို့ကို မသင်ယူချင်ဘူး။ လွမ်းတတ်ဖို့ကို မတက်မြောက်ချင်ဘူး။ ကမ္ဘာကြီးနဲ့ကျွန်တော် ကျွန်တော်နဲ့ကမ္ဘာကြီး ဘာမှမသိခဲ့ကြသလိုခဏတဖြုတ် အသက်မဲ့ခန္ဓာတစ်ခုနဲ့ နေထိုင်ချင်တယ် ။ ဒီလိုအတွေးတွေနဲ့ပဲ တစ်နေ့တာမှာ နေထပ်ဝင်တယ်။
-Joy (ဘုန်းမိုးသွန်း)
Keep Reading