SarPhat Author
ကျွန်မတို့ ဆိုရှယ်မီဒီယာသုံးတဲ့ အမျိုးသမီးတွေတော့ သိကြမှာပါ။ YouTube, Tiktok မှာ ခေတ်စားတဲ့ That Girl Lifestyle ဆိုတဲ့အကြောင်းပေါ့။ ဆိုတော့ အဲ့ဒီ လူနေမှုစနစ်က ဘယ်လိုမျိုးလဲ။ ကျွန်မတို့ရောလိုက်နာနိုင်လား။ ဘယ်လိုကောင်းကျိုးတွေရှိသလဲ။
ပြောရရင် ကျွန်မက ငြိမ်းချမ်းစွာ ဘဝနေနည်းတွေနှစ်သက်သူပီပီ ဆိုရှယ်မီဒီယာပေါ်က အဆိုပါခေတ်ရေစီးကြောင်းကို သဘောကျမိတာအမှန်ပါပဲ။ That Girl ဆိုတဲ့စကားစုနဲ့အတူ ကျန်းမာတဲ့အစားအသောက်တွေစား၊ ကျန်းမာရေးလိုက်စား၊ ခန္ဓာကိုယ်ရောစိတ်ကိုပါကြည်လင်သန့်ရှင်းနေအောင် ကိုယ်ကိုယ့်ကိုယ်ချစ်တတ်သူအမျိုးသမီးလေးတွေအဖြစ်တွေ့မြင်ရပါလိမ့်မယ်။
ဒီလို ကြည်လင်သန့်ရှင်းနေပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့ ပုံစံလေးဖြစ်အောင် ကိုယ့်ကိုယ့်ကိုယ်ပြုစုပျိုးထောင်ရတဲ့ ဒီ Trend လေးမှာ စာဖတ်သူတို့ရောပါဝင်ချင်ကြရဲ့လား။ ဒါဆိုဆက်ဖတ်ကြည့်လိုက်ကြစို့။
ကျွန်မကိုယ်တိုင်လည်းလေ့လာဖတ်ရှုရင်း အောက်ပါအချက်လေးတွေနဲ့အတူ That Girl Trend ကို ပါဝင်ခဲ့တယ်။ စလိုက်ကြရအောင်နော်။
၁။ အစားအသောက်ကို ချိန်ညှိကြမယ်။
လှပတဲ့ပြင်ပခန္ဓာကိုယ်ဟာ ကျန်းမာတဲ့ ကိုယ်တွင်းကနေစတင်ပါတယ်။ လှပကျော့ရှင်းနေတဲ့ အမျိုးသမီးလေးတွေဖြစ်ဖို့ နံပါတ် (၁) အချက်က ကိုယ့်ရဲ့ စားသောက်ပုံစနစ်ကို နည်းလမ်းတကျ ဂရုစိုက်ဖို့ပါပဲ။ ကိုယ်စားရတာသဘောကျတဲ့ အသားငါး သစ်သီးဝလံတွေကို စာရင်းပြုပါ။ ကျန်းမာစေတဲ့အစာ၊ ကိုယ်နှစ်သက်တဲ့အစာ မျှခြေဖြစ်အောင်စားပါ။ တစ်တော့မှာ တင်ကြတဲ့ ချက်ပြုတ်နည်းတွေမှာ အများဆုံးမြင်ရတာကတော့ သဘာဝပေါင်မုန့်ကြမ်း၊ ထောပတ်သီးနဲ့ အစေ့အဆံလေးတွေပါဝင်တဲ့ မနက်စာတစ်ပွဲပေါ့၊။ အဲ့လို တစ်ပုံစံတည်းစားရမယ်မဆိုပေမယ့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် ပြည့်စုံစွာစားသောက်ဖို့ပါပဲ။
၂။ မနက်ခင်းကို ဘယ်လိုကုန်ဆုံးသလဲ ဂရုပြုပါ။
အဆိုပါ ကြည်လင်လှပနေတဲ့ အမျိုးသမီးလေးဖြစ်ဖို့ အတွက် ကိုယ့်ရဲ့ မနက်ခင်းကို ကိုယ်ဘယ်လိုကုန်ဆုံးစေလဲဆိုတာ အရေးကြီးပါတယ်။ အချိန်တစ်ခုပေးပြီး စောစောထကာ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးကာ တစ်နေ့တာအတွက်ကြိုတင်ပြင်ဆင်နိုင်ဖို့ပါပဲ။ နှိုးစက်မြည်တာနဲ့ ချက်ချင်းထ အိပ်ရာသိမ်းကာ မျက်နှာသစ်၊ အသားအရေထိန်းသိမ်းကာ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်မယ်။ ပြီးတော့ တစ်နေ့တာ အချိန်ဇယားပြုလုပ်ကာ တရားခဏထိုင်တာ၊ ကိုယ်လက်လှုပ်ရှားတာ၊ မနက်စာပြင်ဆင်တာမျိုးတွေပြုလုပ်နိုင်ပါတယ်။ တစ်ပတ်လောက်စမ်းသပ်ပြုလုပ်နိုင်ပါတယ်။ မနက်ခင်းမှာ ကိုယ်သဘောကျတာလေးတွေကို အချိန်တစ်နာရီလောက်ပေးပြီးလုပ်ကြည့်ပါ။ စိတ်ရောကိုယ်ပါ လန်းဆန်းလာတာတွေ့ရပါလိမ့်မယ်။
၃။ ကိုယ်ရေစစ်ကာ ကျော့ရှင်းအောင်နေပါ။
ကိုယ်လက်လှုပ်ရှားခြင်းက နေ့စဥ်အချိန်ဇယားထဲထည့်ထားတဲ့အခါ ခန္ဓာကိုယ်သာမက စိတ်အတွင်းမှာပါ ကောင်းမွန်တဲ့ရလဒ်တွေကို တွေ့မြင်ရပါလိမ့်မယ်။
ခန္ဓာကိုယ်အတွက် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းက ဒီ Trend ရဲ့ မဖြစ်မနေပါရမယ့်အရာပေါ့။ ချက်ချင်း Gym မှာသွားဆော့တာမျိုးမဟုတ်ပဲ အိမ်မှာနေရင်း အင်တာနက်က လမ်းညွှန်များကြည့်ကာ ကိုယ်လက်လှုပ်ရှားနိုင်ပါတယ်။
၄။ စနစ်တကျရှိခြင်းက အဓိကပါပဲ။
ကိုယ်တိုင်ရော ပတ်ဝန်းကျင်ပါ စနစ်တကျ သပ်ရပ်နေခြင်းက ဒီ Trend ရဲ့ အဓိကအချက်ပါပဲ။ အိပ်ခန်း၊ အိမ်ခန်းနဲ့ အလုပ်ခွင်အပြင် ကိုယ့်ကိုယ့်ကိုယ်စနစ်တကျ သပ်ရပ်နေအောင်ပြုလုပ်နိုင်ပါတယ်။ တစ်နေ့တာအချိန်ဇယားနဲ့အတူ စနစ်တကျပြုလုပ်ကာ စိတ်အေးလက်အေးနဲ့ ယုံကြည်မှုရှိခြင်းဟာ အနှစ်သာရတစ်ခုပါပဲ။
၅။ ရေများများသောက်ပါ။
ဆိုရှယ်မီဒီယာတွေမှာလည်းတွေ့မှာဖြစ်သလို ကျွန်မတို့ ကျန်းမာရေးအတွက်ရော အသားအရေလှပဖို့အတွက် ၊ ဒါတင်မကသေးပဲ ကိုယ်ရေစစ်ဖို့ မရှိမဖြစ်ကတော့ ရေများများသောက်ဖို့ပါပဲ။ ဒီ Trend လေးမှာ ပါဝင်လို့မဟုတ်သည့်တိုင် ရေများများသောက်တာ ကိုယ့်အတွက် အကျိုးရှိစေတာပဲ မဟုတ်လားနော်။
ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ့်ချစ်ပြီး စနစ်တကျနဲ့ ကျန်းမာလှပချင်တာ အမှားတစ်ခုမဟုတ်ပါဘူး။ ဒီတော့ ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ ဒီ That Girl ပုံစံလေးလိုက်ပါဆောင်ရွက်ရင်း ကျန်းမာလှပပြီး စနစ်ကျတဲ့ အမျိုးသမီးလေးတွေဖြစ်ကြပါစေရှင်။
Keep Reading