Youth’s Book Reflections
~~~~~~~~~~~~~~~~~~~~~~~~
ရှက်ရှက်နဲ့ရေးလိုက်ပါဦးမယ်။ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ရှရှားစာရေးဆရာ Chekhovက ပြုံးကြည့်နေသလိုပါပဲ။
ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ ”လူနာဆောင်အမှတ်ခြောက်”ဟာ Anton Chekhovရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ပုဒ်လို့ဆိုကြပါတယ်။ Anton Chekhovဆိုတာ ဝတ္ထုတိုပေါင်းများစွာရေးသားခဲ့ပြီး ရှရှားစာပေလောကမှာ ဒေါ့စတိုယက်စကီး၊တော်စတွိုင်းတို့နဲ့ တစ်တန်းတည်းထားခဲ့ကြတဲ့ ဂန္တဝင်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။“ဆေးပညာက ကျွန်တော့်တရားဝင်ဇနီး ဗျ၊ စာပေကတော့ ကျွန်တော့်ချစ်သူပဲ” လို့ပြောခဲ့တဲ့ ကမ္ဘာကျော် ဆရာဝန်စာရေးဆရာတစ်ယောက်ပေါ့။
ဆေးရုံထဲက မထင်မရှား စိတ်ရောဂါကြပ်မတ်ကုသဆောင်နဲ့အစပျိုးထားတယ်။ ဘယ်နေရာဘယ်သူရှိတယ်ကအစ အသေးစိတ်မျက်စိထဲပုံပေါ်ပြီး လူနာတွေရဲ့စိတ်မနှံ့ပုံတွေကလည်း သူ့ပုံစံနဲ့သူ။ ပြောရမယ်ဆို ဖတ်စကတည်းက ဇာတ်ရှိန်ကမြင့်နေပါပြီ။ကုသဆောင်(အရူးထောင်)ထဲရောက်နေတဲ့ ဂရိုမော့ဗ်ဆိုတဲ့ ထက်မြက်တဲ့ လူတစ်ယောက်ရဲ့ လူတွေအပေါ် ရှူမြင်တဲ့အတွေးအမြင်တွေက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပါ။
“တရားသူကြီး၊ ပုလိပ်အရာရှိ၊ ဆရာဝန် စသည့် လူတို့၏စိတ်ဒုက္ခများနှင့် ဆက်စပ်လုပ်ကိုင်နေကြသူများမှာလည်း နေ့တဓူဝ အတွေ့အကြုံများအရ အကျင့်ပါ အရေထူကာ အမှုသည်တို့၏အကျိုးအတွက် ဆောင်ရွက်လိုစိတ်ရှိသည် ဆိုဦးတော့၊ ရုံးလုပ်ထုံးလုပ်နည်းများ အတိုင်းကလွဲ၍ လုပ်မပေးတတ်ကြတော့။ တစ်နည်းအားဖြင့် သူတို့မှာ အိမ်နောက်ဖေးကွက်လပ်တွင် သိုးများ ဆိတ်များကို လည်လှီးသတ်ကာ သွေးမြင်၍မှ သတိမရနိုင်ကြသည့် လယ်သမား ယာသမားများနှင့် ဘာမှမခြားကြတော့။”
-လူနာဆောင်အမှတ်ခြောက်,Pg.29
ဂရိုမော့ဗ်က အထည်ကြီးပျက်သမား ဘဝကို အသက်ရှင်ဖို့အရေး ရုန်းကန်ရှာနေရတယ်။တစ်ဖက်မှာလည်း စာကို အငမ်းမရ အတင်းမျိုချ ဖတ်တတ်သူဖြစ်ပြီး လူတွေက သူ့ကို စွယ်စုံကျမ်းကြီးလို တလေးတစားဆက်ဆံကြတယ်။ သူ့ပြဿနာက ရဲတွေ အပြစ်သားတစ်ယောက်ကို ဖမ်းခေါ်သွားတာ မျက်စိနဲ့တပ်အပ်မြင်ရာကစတာပဲ။ နဂိုကလည်း ဆင်ခြင်သုံးသပ်လေ့ရှိတဲ့ သူ့ဉာဉ်က အငြိမ်မနေ ငါရော ထောင်မကျနိုင်ဘူးလားတဲ့။ အဲ့မှာ စိတ်ကစဉ့်ကလျားရောဂါ စဖြစ်တာပဲ။ မကောင်းတာမလုပ်ထားတာတောငိမှ သူ့အိမ်ရှေ့မှာ အကြာကြီးရပ်နေတဲ့သူတွေကို သင်္ကာမကင်းဖြစ်လာတယ်။ သူနဲ့လမ်းမှာခဏခဏဆုံတဲ့သူတွေကို သတိပြုမိလာတယ်။ လမ်းတွေ့တိုင်းနှုတ်ဆက်တဲ့ ရဲအရာရှိကို ထောင်ထဲထည့်တော့မှာလားဆိုပြီး လန့်လာတယ်။ အကျဉ်းထောင်တွေ အရူးထောင်တွေရှိနေသရွေ့ ဆိုင်ရာပုဂ္ဂိုလ်တွေက သူ့တို့အလုပ်ကို ယူထားတဲ့လခနဲ့တန်အောင် တာဝန်ကျေပွန်စွာ ထမ်းရွက်နေရင်း ငါလည်း အပြစ်မရှိတောင် ထောင်ကျနိုင်ပါလားဆိုတဲ့စိတ်က တားဆီးမရ လွှမ်းခြုံသွားတော့တယ်။စိုးရိမ်စိတ်လွန်ကဲပြီး လူအများက အရူးထောင်ထဲထည့်ခံလိုက်ရတဲ့သနားစရာ လူငယ်ပေါ့။ခုတလော ကြည့်ဖြစ်တဲ့ Inside Out 2ဆိုတဲ့ Disney animation filmထဲကလို anxietyကပဲ လူတစ်ကိုယ်လုံးကိုcontrolလုပ်သွားတဲ့ပုံစံမျိုးပေါ့လေ။သွက်သွက်ခါအောင်ရူးတယ်ရယ်တော့မဟုတ် ခံပြင်းစိတ်နဲ့ လောကကြီးကိုမကျေနပ်နေတဲ့ လူနာပုံစံကို အများအားဖြင့်တွေ့ရမှာပါ။
သူ့အတွေးအမြင်တွေကို ကြပ်မတ်ဆောင်ထဲ လာရောက်ပြီးသုံးသပ်ဝေဖန်တဲ့သူက ဆေးရုံအုပ် ရာဂင်။ ရာဂင်အကြောင်းမိတ်ဆက်ရရင် လူပုံစံနဲ့ဆန့်ကျင်ပြီး အားနာစိတ် သနားစိတ် ရှက်စိတ် လွန်ကဲတဲ့ လူထွားကြီးပေါ့။ သူကလည်း ဒီနယ်မှာ ပညာတတ်တဲ့ သူပဲ အိုင်ဗင်ဂရိုမော့ဗ်နဲ့ ဆွေးနွေးနိုင်လောက်တဲ့ ပညာဉာဏ်ပြည့်ဝသူပေါ့။ သူကလည်း ဂရိုမော့ဗ်လို ဒီဒေသကလူတွေရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ မကောင်းမှုအစုစုကို နေ့တဓူဝ မြင်နေကြားနေရတဲ့သူပေါ့။ဒါတွေကို ပြင်ဖို့၊ဖြေရှင်းဖို့ အစပိုင်းကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ မကြိုးစားတော့ဘဲ နေသာသလို သက်သာသလိုသာနေလိုက်တော့တဲ့ သူရဲဘောကြောင်သူကြီးပေါ့။ငါတစ်ယောက်ကောင်းလို့ လောကကြီးက ဘာထူးသွားမှာလဲဆိုတဲ့ ပုံစံ။သူ့အပေါ် လူလည်ကျတာ၊ချောက်တွန်းတာ၊သူ့ကိုအသုံးချတာတွေကို သိနေပေမယ့် ပြန်တုံ့ပြန်ရမှာ ရှက်ရွံ့အားနာပြီး ကိုယ့်စိတ်ကိုယ်ဖြေတတ်၊တရားချတတ်သူ။ တစ်ခုခုကိုတောင်းဆိုဖို့ ငြင်းဆန်ဖို့ အားနာတတ်သူ၊ အရာရာကို မေတ္တာနဲ့ တုံ့ပြန်ဖို့ကြိုးစားနေသူတစ်ဦးပါပေါ့။
လူပျော့လူညံ့ကြီးပေမယ့် အိုင်ဗင်ဂရိုမော့ဗ်နဲ့ ဆွေးနွေးတဲ့အခါ သူ့ဒဿနတွေက မြင့်မြတ်သဘောထားကြီးသယောင်မလို့ ဆရာဖေမြင့်ရေးသလို ဖတ်ရင်းဖတ်ရင်း စာဖတ်သူဟာ ရာဂင့်လူ ဖြစ်မှန်းမသိဖြစ်သွားရတယ်။ရာဂင်ရဲ့ ဒဿနတွေကို သဘောကျပြီး ရာဂင်ရဲ့ ကိုယ်ရောစိတ်ပါ လုပ်ဆောင်ကြံစည်သမျှကို သဘောပေါက်လက်ခံရင်း ဆရာဝန် ရာဂင်နဲ့ တစ်သားတည်းဖြစ်သွားတယ်။သူ့ရဲ့ စကားကိုတောင် သဘောတွေကျပြီး လိုက်မှတ်လိုက်သေး။
“ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းဆိုတာတွေဟာ လူ့ကိုယ်တွင်း အဇ္ဈတ္တ သဏ္ဌာန်မှာသာ တည်တယ်၊ ပြင်ပ ဗဟိဒ္ဓလောကမှာ မတည်ဘူး”တဲ့။
ဟုတ်တာပေါ့ မှန်တာပေါ့။ဂရိုမော့ဗ်ကို သူဘယ်လိုနားချမလဲဆိုတာကိုပဲ စိတ်ဝင်စားမိေတာ့တယ်။ ဖြစ်ချင်တော့ သွားနားချရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရောင်းရင်းတွေရဲ့ ပယောဂနဲ့ ဇာတ်လိုက်ကြီး ရာဂင် စိတ်မကျန်းမာတော့ဘူး၊ရူးနေပြီဆိုပြီးစွပ်စွဲခံလိုက်ရတဲ့အပြင် အရူးထောင်ပို့ခံရရော။ အဲ့မှာ ဇာတ်လိုက်ကြီးရာဂင်ခမျာ သူ့ဒဿနနဲ့ သူ့လက်တွေ့ဘဝ ညှိလို့မရဘဲ ငြိကြတာပဲ။ ကိုယ်တွင်းမှာလည်း ပျော်ရွှင်မှုကိုမရှာနေနိုင်တော့ဘူး။ ဒေါသတွေ၊မောဟတွေ၊မာန်မာနတွေက သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားပြီ။ တစ်ချိန်က ကိုယ်မဖြစ်၊မကြုံခဲ့စဉ်က အချောင်ခိုခဲ့တာတွေ၊သွေးစုပ်ခဲ့တာတွေ အခု အတိုးနဲ့ပြန်ပေးဆပ်နေရပြီ။ အကျဉ်းထောင်၊ အရူးထောင်နဲ့ ပြင်ပဘဝကဘာကွာလို့လဲဗျာ ဆိုတဲ့ ရာဂင်ကြီး ရဲ့အဆုံးအသတ်လေးက စာဖတ်သူကို တွေဝေသွားပြီး အတင်းမျက်စိမှိတ်ရုံခဲ့တာတွေကိုလည်း ရှက်မိပါတယ်။
ဝတ္ထုတိုအရေးအသားနဲ့ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ Anton Chekhovရဲ့ ဒီnovelette က Anton Chekhov ဘာကြောင့်နာမည်ကျော်ရတာလဲဆိုတာ ညွှန်ပြတယ်လို့ဆိုနိုင်ပါတယ်။စာအုပ်ထွက်ခဲ့တာက ၁၈၉၂ဆိုတော့ အဲ့ခေတ်က ရှရှားကျေးလက်နေလူထုရဲ့ သဘာဝသရုပ်ကို အသေအချာအပီအပြင် တွေ့မြင်ရတဲ့အပြင် ဒီစာအုပ်က ရှရှားပြည်သာမက ကမ္ဘာအရပ်ရပ်ကစာဖတ်သူတွေကိုပါ သေချာပေါက်ရိုက်ခတ်စေခဲ့မှာပါ။၁၈၉၂ဆိုတော့ မြန်မာမှာတော့ ဗြိတိသျှတွေ အုပ်ချုပ်မင်းလုပ်နေချိန်ပေါ့။စာအုပ်ရဲ့တစ်နေရာမှာ တခြားပညာတွေသာ ရပ်တန့်သွားပေမယ့် ဆေးပညာရဲ့ ကမ္ဘာတည်သရွေ့ ဆက်လက်တိုးတက်နေမှုကို ထောက်ပြသွားပါသေးတယ်။ကိုယ်ချင်းစာတရားဆိုတာမျိုးကလည်း ကိုယ်ကိုယ်တိုင်မကြုံသေးသရွေ့တော့ “နားလည်ပါတယ် ကိုယ်ချင်းစာပါတယ်”လို့ ကုန်းပဲအော်အော် လူးလိမ့်ပြီးအော်အော် အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။ပြောမရုံကြုံမှသိဆိုသလိုပေါ့။ ဒါတင်မက စိတ်မကျန်းမာတဲ့သူတွေကို ရွံစရာကြောက်စရာလို့မမြင်ကြပဲနဲ့ ကိုယ်ချင်းစာတရားကို လက်ကိုင်ပြုပြီး ကြင်နာသနားစိတ်နဲ့ ရှုမြင်ကြစေရန်အတွက် စာရေးဆရာရဲ့ ဂန္တဝင်ပြောင်မြောက်တဲ့ ဒဿနတွေနဲ့ ဖန်တီးထားတဲ့ “လူနာဆောင်အမှတ်ခြောက်”ကို အချိန်ပေးဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
Rating-⭐️⭐️⭐️⭐️⭐️
#လမင်းကိုထရံပေါက်မှကြည့်ခြင်း
#bookreview #ဖေမြင့် #Chekhov
Keep Reading